ချင်းပြည်နယ်အတွင်း ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမစနစ်ဖြင့် တိုးချဲ့ ဆောင်ရွက်မည်

ချင်းပြည်နယ်အတွင်း ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမစနစ်ဖြင့် တိုးချဲ့ ဆောင်ရွက်မည်

ကန်ပက်လက် နိုဝင်ဘာ ၁၅

ချင်းပြည်နယ်အတွင်း   ကော်ဖီတိုးချဲ့ စိုက်ပျိုးရေးကို Pilot Project    ဖြင့် တွန်းဇံ၊ ကန်ပက်လက်၊  တီးတိန်နှင့်  မင်းတပ်မြို့နယ်တို့ရှိ ကျေးရွာငါးရွာ၌ သမဝါယမအသင်းများ ဖွဲ့စည်းကာ ကော်ဖီဧက ၂၃ဝ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း  ပြည်နယ်သမဝါယမ ဦးစီးဌာန ဦးစီးမှူး ဦးမြင့်ဇော်ထွန်း၏ ပြောဆိုချက်အရ သိရသည်။

ချင်းပြည်နယ်အတွင်းရှိ ဒေသခံအများစု သည်   ယခင်က  တောင်ယာလုပ်ငန်းနှင့် အစေ့ထုတ်ပြောင်း စိုက်ပျိုးခြင်းကိုသာ အဓိကထား လုပ်ကိုင်ခဲ့ကြရာ  ယခုအခါ ကော်ဖီတိုးချဲ့ စိုက်ပျိုးခြင်းဖြင့်  စီးပွားရေး တွက်ခြေကိုက်လာနိုင်မည်ဖြစ်သည်။ ကော်ဖီစိုက်ခင်းများ ပြုစုပျိုးထောင်ရာတွင်လည်း လူနှင့်လုပ်အားခများ   လိုအပ်မည်ဖြစ်၍ ကျေးရွာနေပြည်သူများ  အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး ကျေးလက်နေ မိသားစုဝင်များအတွက် ဝင်ငွေတိုးတက် ရရှိစေခြင်းဖြင့် မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှု နည်းပါးလာမည့်အပြင် သမဝါယမအသင်းများလည်း  ပေါ်ထွက် လာမည်ဖြစ်သည်။

ကော်ဖီ   စိုက်ပျိုးထုတ်လုပ်ရေးကို သမဝါယမစနစ်ဖြင့်     ဆောင်ရွက်ပြီး တန်ဖိုးမြှင့် ထုတ်ကုန်များဖြစ်သည့် ကော်ဖီ မှုန့်၊ ကော်ဖီဝိုင်၊ ကော်ဖီဆပ်ပြာ၊ ကော်ဖီ Scrub စသည်တို့ကိုပါ ထုတ်လုပ်နိုင်ရေး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ကော်ဖီစိုက်တောင်သူများ အတွက် စိုက်ပျိုးစရိတ်နှင့် ကော်ဖီအမှုန့်ကြိတ်စက် များဝယ်ယူနိုင်ရန်  အရင်းအနှီးကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြစိမ်းရောင်ကျေးရွာ ဖွံ့ဖြိုးရေးရန်ပုံငွေမှ   သက်သာသော အတိုးနှုန်းဖြင့် ချေးငွေကာလ သုံးနှစ်သတ်မှတ်ကာ ထုတ်ချေးပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ကန်ပက်လက်မြို့နယ် ချင်း လီတိုင်စက်မှုကုန်ထုတ် သမဝါယမအသင်း နှင့်  တီးတိန်မြို့နယ်  ဟိုက်လင်းဒါး ချင်းတောင် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းတို့မှ ကော်ဖီများ စိုက်ပျိုးပြီး ကော်ဖီမှုန့်များ ထုတ်လုပ်ကာ    ဒေသတွင်းနှင့် နယ်မြို့များသို့  ဖြန့်ဖြူး ရောင်းချလျက်ရှိသည်။ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်တွင်လည်း တစ်မြို့နယ်လျှင် ကော်ဖီစိုက်ဧက ၃ဝ ဖြင့် မြို့နယ်ကိုးမြို့နယ်၌ ဧက ၂၇ဝ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။