ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ရောင်းအားကောင်းပြီး ဈေးကောင်းရရှိ

ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ရောင်းအားကောင်းပြီး ဈေးကောင်းရရှိ

ကျောက်ပန်းတောင်း  နိုဝင်ဘာ  ၁၅

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ရှိ တောင်သူများ ပျိုးထောင်ရောင်းချသည့် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ရောင်းအားကောင်းပြီး ဈေးကောင်း ရရှိနေကြောင်း ကျောက်ပန်းတောင်းမြို့နယ်   လက်ပံပင်ကျေးရွာ ထန်းပင်မြစ်ပျိုးထောင် ရောင်းချသူ  ဦးတင်ဝင်း၏ ပြောဆိုချက်အရ  သိရသည်။

ထန်းပင်မြစ်ပျိုးထောင်ခြင်းကို ထန်းသီးမှည့်ချိန်ဖြစ်သည့် ဝါဆိုနှင့် ဝါခေါင်လတို့တွင် ထန်းသီးမှည့်များ ကောက်ယူစုဆောင်းပြီး  တူးဖော်ရန် လွယ်သည့်  မြေနေရာရွေးချယ်ကာ ထန်းသီးမှည့်များပုံ၍ သဲဖုံးထားရခြင်းဖြစ်သည်။ ထန်းသီးမှည့် မြေကျင်းထဲ ပျိုးထောင်ချိန်မှ သုံးလကြာလျှင် ထန်းသီးဆန်များမှ ထန်းပင်အညှောက်များ စတင်ထွက်လာပြီး ထန်းပင်မြစ်ပေါက်များ စတင်ဖွံ့ဖြိုးလာကာ  သုံးလကျော်ကြာမြင့်ပါက တူးဖော် ရောင်းချနိုင်ကြောင်း  သိရသည်။

ထန်းပင်မြစ် ပျိုးထောင် ရောင်းချရာတွင် ငွေကြေးအရင်းအနှီးမလိုဘဲ   လုပ်အားအရင်းအနှီးသာ လိုအပ်ကြောင်း သိရသည်။

ထန်းပင်မြစ် ပျိုးထောင်ရာတွင် မြေဆီ၊ မြေနှစ်ထည့်စရာမလိုဘဲ တူးဖော်ရလွယ် ကူစေရန်အတွက်သာ မြေအမျိုးအစားကို ရွေးချယ် ပျိုးထောင်ကြကြောင်း သိရသည်။

ပေါ်ဦးပေါ်ဖျားထန်းပင်မြစ်     ၁ဝ ချောင်းတစ်စည်းလျှင် ငွေကျပ် ၆ဝဝ ရရှိပြီး  ထန်းပင်မြစ်လှိုင်လှိုင်ပေါ်ချိန်   ၁ဝ ချောင်း တစ်စည်းလျှင် ငွေကျပ် ၃ဝဝ သာ ရရှိကြောင်း သိရသည်။

ထန်းပင်မြစ်ပျိုးထောင် ရောင်းချခြင်းကို မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ငါ့သရောက်မြို့နယ်တို့၌ အများဆုံး လုပ်ကိုင်ကြကြောင်း သိရသည်။