ဖိလစ်ပိုင်က နှစ်နှစ်နီးပါးအတွင်း ပထမဆုံးအဖြစ် စာသင်ကျောင်းများ ပြန်ဖွင့်

ဖိလစ်ပိုင်က နှစ်နှစ်နီးပါးအတွင်း ပထမဆုံးအဖြစ် စာသင်ကျောင်းများ ပြန်ဖွင့်

ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် နှစ်နှစ်နီးပါးကြာ ပိတ်ထားရသည့် စာသင်ကျောင်းများကို ပထမဆုံးအဖြစ် နိုဝင်ဘာ ၁၅ ရက်တွင် ပြန်ဖွင့်လိုက်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနိုင်ခြေ နည်းသောဒေသများရှိ အစိုးရစာသင်ကျောင်း ၁ဝဝ ခန့်ကို ကာကွယ်ဆေး ထိုးနှုန်းနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ အရေအတွက် ကျဆင်းမှုတို့ကြောင့်  နှစ်လကြာရှေ့ပြေး စီမံကိန်းဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။

ကမ္ဘာ့အရှည်ကြာဆုံး လော့ဒေါင်းချမှတ်ထားသော နိုင်ငံဖြစ်သည့် ဖိလစ်ပိုင် နိုင်ငံအနေဖြင့် အနောက်နိုင်ငံများကဲ့သို့မဟုတ်ဘဲ စာသင်ကျောင်းများကို နောက်ဆုံးမှဖွင့်သည့်နိုင်ငံများတွင် ပါဝင်သည်။

ကလေးများ၏ လူမှုဆက်ဆံရေး တိုးတက်မှုအတွက် မျက်နှာချင်းဆိုင် သင်ကြားမှု၏ အရေးပါမှုကို သိရှိထားသည့်အတွက် စာသင်ခန်းများအတွင်း ကျောင်းသားများ မြင်ရသည်ကို ပျော်ရွှင်မိကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တာဝန်ရှိသူများသည်  စာသင်ခန်းအတွင်း ကျောင်းသားများ ဝင်ဆံ့မှုကို ထက်ဝက်လျှော့ချထားပြီး ကျောင်းသားများနှင့် ဆက်သွယ်ရန် ကာကွယ်ဆေး ထိုးထားသော ကျောင်းဆရာများနှင့် ဝန်ထမ်းများကိုသာ ခွင့်ပြုထားသည်။

လူမှုကွန်ရက်တွင် ပြသထားသော ဓာတ်ပုံများအရ  ကျောင်းသားများ အနေဖြင့် နှာခေါင်းစည်းတပ်ထားပြီး စာသင်ခန်းများ အတွင်းရှိ ကုလားထိုင်များနှင့် စားပွဲများကို ပလတ်စတစ်စများဖြင့် ပိုင်းခြားထားကာ  လက်ဆေးရန် နေရာများကိုလည်း ထည့်သွင်းပေးထားကြောင်း သိရသည်။