တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နိုဝင်ဘာလအစောပိုင်းတွင် စတင် အသုံးပြုနိုင်မည်

ပြည်သူများအနေဖြင့် တရုတ်နိုင်ငံက ဖော်စပ်ထုတ်လုပ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နိုဝင်ဘာလ အစောပိုင်းတွင် စတင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း တရုတ်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တရုတ်နိုင်ငံ၌ အလွန်အရေးကြီးသည့် နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်မှု လုပ်နေပြီဖြစ်သော ကာကွယ်ဆေး လေးမျိုးရှိသည်။ ထိုကာကွယ်ဆေးလေးမျိုးအနက် သုံးမျိုးကို ဇူလိုင်လတွင် စတင်သည့် အရေးပေါ်အသုံးပြုမှုအစီအစဉ်အရ ကျန်းမာရေးဝန်ထမ်းများကဲ့သို့ ပဓာန ကျသော ဝန်ထမ်းများကို ထိုးနှံပေးပြီးဖြစ်သည်။

လက်ရှိလုပ်ဆောင်နေသည့် နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်မှုများ အားလုံးသည် ချောချောမွေ့မွေ့ရှိနေကြောင်း ဇီဝလုံခြုံရေးကျွမ်းကျင်ပညာရှင် ကွေ့ကျန်းဝူက ပြောသည်။ ထို့ပြင် ၎င်းအနေဖြင့် ဧပြီလကတည်းက စမ်းသပ်ဆဲ ကာကွယ်ဆေးတစ်မျိုးကို ထိုးနှံ ထားကြောင်းနှင့် ပြီးခဲ့သည့်လများအတွင်း ပုံမှန်မဟုတ်သည့် လက္ခဏာများ မဖြစ်ကြောင်း ကွေ့ကျန်းဝူက နိုင်ငံပိုင်ရုပ်မြင်သံကြားဌာနနှင့် တွေ့ဆုံမေးမြန်းခန်း၌ ပြောသည်။ တရုတ်နိုင်ငံ၌ နိုင်ငံပိုင် ဆီနိုဖမ်းကုမ္ပဏီနှင့် ဆီနိုဗက်ကုမ္ပဏီတို့က အစိုးရ၏အရေးပေါ် အသုံးပြုမှု အစီအစဉ်အရ ကာကွယ်ဆေးသုံးမျိုးကို ထုတ်လုပ်ထားသည်။ ကန်ဆိုင်နို ကုမ္ပဏီကလည်း ကာကွယ်ဆေးတစ်မျိုးကို ထုတ်လုပ်ထားကာ တရုတ်စစ်ဘက်၏ အသုံးပြုခွင့်ကို ဇွန်လတွင်ရရှိထားကြောင်းသိရသည်။

Ref: The Straits Times