တောင်ကိုရီးယားက လူဦးရေ ၆၀ ရာခိုင်နှုန်းအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဖြည့်တင်းပေးမည်

တောင်ကိုရီးယား အစိုးရအနေဖြင့် နိုင်ငံ၏ လူဦးရေစုစုပေါင်းအနက် ၆၀ ရာခိုင်နှုန်းဖြစ်သော သန်း ၃၀ အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို လုံလောက်စွာဖြည့်တင်းပေးမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ချောင်ဆေးကွန်က စက်တင်ဘာ ၁၅ ရက်တွင်ပြောသည်။ တာဝန်ရှိ သူများအနေဖြင့် နိုင်ငံအတွင်းရှိလူဦးရေ ၅၂ သန်းစလုံးကို ကာကွယ်ဆေးထိုးပေးချင် သော်လည်း ကာကွယ်ဆေးဖူလုံမှု၊ အကျိုးသက်ရောက်မှုနှင့် ထုတ်လုပ်နိုင်မှုတို့က    အကန့်အသတ်ရှိကြောင်း ဝန်ကြီးချုပ်က အစိုးရအဖွဲ့အစည်းအဝေး၌ပြောသည်။

တောင်ကိုရီးယားအစိုးရသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို စောစောစီးစီး ရရှိနိုင်ရန်  သက်ဆိုင်ရာနိုင်ငံတကာ အဖွဲ့အစည်းများ၊ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများနှင့် ဆွေးနွေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေး ထုတ်လုပ်နိုင်မှု အပေါ်မူတည်၍ ထပ်မံဝယ်ယူသွား မည်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဦးဆောင်သော တစ်ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးခွဲဝေပေးရေး အစီအစဉ်တွင် ပါဝင်ရန် စီစဉ်ထားသည်။

ထိုအစီအစဉ်မှ ပြည်သူ ၁၀ သန်းအတွက် ကာကွယ်ဆေးအလုံးပေါင်း သန်း ၂၀ ကို ဝယ်ယူမည်ဖြစ်ကာ  နောက်ထပ်ပြည်သူ သန်း ၂၀ အတွက် ကာကွယ်ဆေးအလုံးပေါင်းသန်း ၄၀ ကို ပုဂ္ဂလိကကုမ္ပဏီများမှ ဝယ်ယူမည် ဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။ တောင်ကိုရီးယားနိုင်ငံ၌ စက်တင်ဘာ ၁၄ ရက် ညသန်းခေါင်အထိ တစ်ရက် အတွင်း ဗိုင်းရပ်ကူးစက်ခံရသူ ၁၀၆ ဦးရှိကာ တစ်နိုင်ငံလုံးတွင်ဗိုင်းရပ်ကူးစက်ခံရသူစုစုပေါင်း ၂၂၃၉၁ ဦးနှင့် သေဆုံးသူစုစုပေါင်း ၃၆၇ ဦးရှိကြောင်း ကိုရီးယား ရောဂါကာကွယ် ထိန်းချုပ်ရေး ဌာနက ထုတ်ပြန်ထားသည်။

Ref: The Straits Times