ဘယ်လာရုနှင့်နယ်စပ်၌ဖြစ်ပွားနေသည့် ရွှေ့ပြောင်းဒုက္ခသည် ပဋိပက္ခကနှစ်ပေါင်းများစွာကြာမြင့်နိုင်ဟု ပိုလန်သတိပေး

ဆိုကိုကာ၊ ရွှေ့ပြောင်းဒုက္ခသည်

ဘယ်လာရုနှင့်နယ်စပ်၌ဖြစ်ပွားနေသည့် ရွှေ့ပြောင်းဒုက္ခသည် ပဋိပက္ခကနှစ်ပေါင်းများစွာကြာမြင့်နိုင်ဟု ပိုလန်သတိပေး

ဘယ်လာရုနိုင်ငံနှင့်နယ်စပ်၌ ဖြစ်ပွားနေသည့် ရွှေ့ပြောင်းဒုက္ခသည်ပဋိပက္ခသည် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း ပိုလန် အစိုးရက နိုဝင်ဘာ ၁၇ ရက်တွင်သတိပေးသည်။

ပိုလန်ရဲတပ်ဖွဲ့ဝင်များကို ကျောက်တုံးများဖြင့်ပစ်ပေါက်သည့် ရွှေ့ပြောင်းဒုက္ခသည်များကိုဟန့်တားရန် ပိုလန်လုံခြုံရေးတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများနှင့် ရေအမြောက်များအသုံးပြုပြီးနောက်တစ်ရက်တွင် ပိုလန်အစိုးရ၏ သတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဥရောပသမဂ္ဂ၏ အရှေ့ပိုင်းနယ်စပ်၌ဖြစ်ပွားနေသည့် အဆိုပါရွှေ့ပြောင်းဒုက္ခသည်များပဋိပက္ခသည်   လအနည်းငယ် ကြာမြင့်နေစဉ် ယခုကဲ့သို့ တင်းမာမှုများ မြင့်တက်လာခြင်းဖြစ်သည်။ ထို့ပြင်  အဆိုပါရွှေ့ပြောင်းဒုက္ခသည်များအနေဖြင့်  ညအချိန်တွင်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ရန် နောက်ထပ်ကြိုးပမ်းမှုများ ရှိလာနိုင်ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီး မာရီးယပ်ဘလက်ဇက် ကပြောသည်။

ထောင်ပေါင်းများစွာသော   အဆိုပါရွှေ့ပြောင်းဒုက္ခသည်အများစုမှာ အရှေ့အလယ်ပိုင်းဒေသမှဖြစ်ပြီး  ယခုကဲ့သို့နယ်စပ်တွင် နေထိုင် နေခြင်းသည် ဥရောပသမဂ္ဂကိုစိတ်ဝမ်းကွဲစေရန်နှင့် အရေးယူပိတ်ဆို့မှုများကိုတုံ့ပြန်သည့် ဘယ်လာရုနိုင်ငံက ဖန်တီးသော ပဋိပက္ခ ဖြစ်ကြောင်း အနောက်နိုင်ငံများကစွပ်စွဲထားသည်။

သို့သော် ဘယ်လာရုသမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုနှင့် ၎င်း၏မဟာမိတ်ဖြစ်သည့် ရုရှားသမ္မတဗလာဒီမာပူတင်တို့က အနောက်နိုင်ငံများ၏  စွပ်စွဲချက်များကိုငြင်းဆိုကာ ရွှေ့ပြောင်းဒုက္ခသည်များကို ခေါ်ယူခြင်းမပြုသည့်   ဥရောပသမဂ္ဂကို အပြစ်တင် ဝေဖန်ထားသည်။

တစ်ချိန်တည်းမှာပင် ပိုလန်-ဘယ်လာရုနယ်စပ်ရှိ ရွှေ့ပြောင်းဒုက္ခသည်များအရေးကို လျင်မြန်စွာ ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း၊ ထိုပြဿနာကို ဖြေရှင်းနိုင်ရေးအတွက်ပြင်ဆင်ရန် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာမြင့်နိုင်ကြောင်း ပိုလန်ကာ ကွယ်ရေးဝန်ကြီးက ပြောလာခြင်းဖြစ်သည်။

စေတနာရှင်များနှင့်တပ်မတော်သားများက အဆိုပါနယ်စပ်၌ ပိတ်မိနေသော ဒုက္ခသည်များအတွက် ပူနွေးသောယာဂုများ၊ သကြားလုံးများ၊ ရေများ၊ လက်ဖက်ရည်များနှင့် စည်သွတ်ဘူးများကို ကုန်လှောင်ရုံကြီးတစ်ခုအတွင်း သယ်ဆောင်နေကြောင်း ရုရှားနိုင်ငံပိုင် သတင်းဌာနက  ဖော်ပြထားသည်။

အလားတူ အဆိုပါ ဒုက္ခသည်များအနက် ကလေးငယ်လေးဦးအပါအဝင် လူခြောက်ဦးကို ဆေးရုံတင်ကုသပေးထားကြောင်း ဘယ်လာရု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

Ref: Bangkok Post