တစ်နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁ ဘီလီယံ တိုးမြှင့်ထုတ်လုပ်ရန် အမေရိကန်စီစဉ်

တစ်နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁ ဘီလီယံ တိုးမြှင့်ထုတ်လုပ်ရန် အမေရိကန်စီစဉ်

အမေရိကန်အစိုးရသည် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တိုးမြှင့်ထုတ်လုပ်ရန် အတွက်  ဘီလီယံဒေါ်လာပေါင်းများစွာ သုံးစွဲရန် စီစဉ်ထားပြီး ၂ဝ၂၂ ခုနှစ် ဒုတိယနှစ်ဝက်အစတွင် ကာကွယ်ဆေးနောက်ထပ် ၁ ဘီလီယံတိုးမြှင့် ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း သိရသည်။

အဆိုပါ အစီအစဉ်သစ်ကို အမေရိကန်သမ္မတရုံးက နိုဝင်ဘာ ၁၇ ရက်တွင် ကြေညာခဲ့ပြီး အမေရိကန်နှင့်ပြည်ပနိုင်ငံများတွင် လိုအပ်လျက်ရှိသော ကာကွယ်ဆေးကို ချက်ချင်း ထုတ်လုပ်နိုင်ရန်ပြင်ဆင် ထားသည်ဟု သိရသည်။

မကြာသေးမီကလည်း အမေရိကန် အစိုးရသည် ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့ပြီး ရောဂါရှိ၊ မရှိ အမြန်ဆုံး စစ်ဆေးနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံသုံးစွဲရန် ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် အသက် ၁၈ နှစ်နှင့်အထက် မည်သူ့ကိုမဆို ကိုဗစ်-၁၉ ရောဂါ ထပ်တိုး ကာကွယ်ဆေးထိုးပေးရန်အတွက် ဖိုင်ဇာ- ဘိုင်အိုအန်တက်နှင့် မော်ဒါနား ကုမ္ပဏီတို့မှမေတ္တာရပ်ခံချက်ကို အမေရိကန် အစားအစာနှင့်  ဆေးဝါးအဖွဲ့အစည်းက သဘောတူခွင့်ပြုမည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းလုံးအတွက် လိုအပ်နေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အလုံအလောက် ထုတ်လုပ်ခြင်းဖြင့် အဆိုပါ ရောဂါဆိုးကို တိုက်ဖျက်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သမ္မတ ဂျိုးဘိုင်ဒင်က ကတိပြုထားသည်။ သို့သော် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုမှာ လုပ်ဆောင်နေပြီ ဖြစ်သော်လည်း ကမ္ဘာတစ်ဝန်းလုံးအတွက် ရင်းနှီးမြှုပ်နှံမှုမှာ နည်းနေဆဲဖြစ်ဟုဆိုသည်။

ကမ္ဘာတစ်ဝန်းလုံး အတိုင်းအတာ အနေဖြင့် ကာကွယ်ဆေး လိုအပ်ချက်မှာ ကြီးမားကြောင်း ကိုဗစ်-၁၉ ရောဂါဆိုး ကူးစက်မှုကြောင့် သေဆုံးသူ ငါးသန်းအနက် ထက်ဝက်ကျော်မှာ ဝင်ငွေနည်းပါးသော နိုင်ငံများမှဖြစ်ပြီး ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းပါးသော နိုင်ငံများမှဖြစ်ကြောင်း ကျန်းမာရေးနှင့် စောင့်ရှောက်မှုဌာနမှ ကမ္ဘာ့ရေးရာညွှန်ကြားရေးမှူးချုပ် လွိုင်စီပေ့က ပြောသည်။