ပယင်းထွက်ကုန် ဆေးဝါးများအတွက် ကုန်ကြမ်း အခက်အခဲများ ဖြစ်ပေါ်လျက်ရှိ

ပယင်းထွက်ကုန် ဆေးဝါးများအတွက် ကုန်ကြမ်း အခက်အခဲများ ဖြစ်ပေါ်လျက်ရှိ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် သဘာဝတွင်းထွက် ရတနာတစ်ခုဖြစ်သည့် ပယင်းဖြင့် ဆေးဝါးနှင့် အလှကုန်လုပ်ငန်းများ ထုတ်လုပ်ရာတွင်  ထုပ်ပိုးကုန်ကြမ်း အသုံးပြုသည့် ဘူးခွံနှင့်ပုလင်းခွံကုန်ကြမ်းများမှာ အခက်အခဲဖြစ်ပေါ်လျက် ရှိကြောင်း ''ရွှေအုပ်ဆောင်း''ပယင်းရတနာဖြင့် ဆေးဝါးနှင့် အလှကုန်၊ လူသုံးကုန် ထုတ်လုပ်ရေးလုပ်ငန်းရှင် ဒေါ်မိုးနီနီလွင်ထံမှ သိရသည်။

''လုပ်ငန်းရပ်နားထားရတာ နှစ်နှစ်လောက်တော့ ရှိပြီ။ အခု ကိုဗစ်လျော့နည်းလာတော့ လုပ်ငန်းလေး ပြန်လည်ပတ်မယ်ဆိုပြန်တော့လည်း  ထုတ်ကုန်တွေအတွက် အဓိကလိုအပ်ချက်က ပါကင်ထုပ်ပိုးတဲ့ ပစ္စည်းတွေ လိုအပ်နေတာ၊    အဲဒီပစ္စည်းတွေက ပြည်တွင်းက မှာယူရတာမဟုတ်ဘဲ တရုတ်နိုင်ငံက မှာယူရတာဖြစ်ပါတယ်။ အခုက တရုတ်နိုင်ငံ ဝင်ပေါက်ဖြစ်တဲ့ ကန်ပိုက်တီ လမ်းကြောင်းကလည်း ပိတ်ထားဆဲဖြစ်တာကြောင့် ထုပ်ပိုးကုန်ကြမ်းက အခက်အခဲ ဖြစ်နေတာပါ။ လုပ်ငန်းကတော့ပြန်လည် လည်ပတ်နေပါပြီ''ဟု  ဒေါ်မိုးနီနီလွင်က ပြောသည်။

စက်မှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် အများစုကုန်ကြမ်းများမှာ တရုတ်နိုင်ငံမှ မှာယူတင်သွင်းရခြင်း ဖြစ်ပြီး လိုအပ်သည့် ထုပ်ပိုးလုပ်ငန်းသုံးပစ္စည်းများ   မလွယ်ကူခြင်းကြောင့် လုပ်ငန်းရှင်များမှာ အခက်အခဲများကြား လုပ်ငန်းများ ရပ်ဆိုင်းခြင်း မရှိစေရန်သာ ရည်ရွယ်၍ လက်ရှိတွင် ''ရွှေအုပ်ဆောင်း''ပယင်းဆေးဝါးနှင့် အလှကုန်၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတွင် ပြည်တွင်း၌သာ ရရှိနိုင်သည့် အထည်အလိပ်ဖြင့်   ပယင်းခေါင်းအုံး၊  ပယင်းမွေ့ရာ၊  ပယင်းခါးပတ်၊  ပယင်းလည်ပတ်အစရှိသည့် ကုန်ချောပစ္စည်းများအား ဦးစားပေး ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိကြောင်း သိရသည်။