မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးဘေးရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ လုံခြုံရေးအဖွဲ့ဝင်များအား ပစ်ခတ်မှုဖြစ်စဉ်မှ တရားခံများဖမ်းဆီးရမိ

မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးဘေးရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ လုံခြုံရေးအဖွဲ့ဝင်များအား ပစ်ခတ်မှုဖြစ်စဉ်မှ တရားခံများဖမ်းဆီးရမိ

နေပြည်တော်၊ နို ၁၉
    
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် မင်္ဂလာဒုံ မြို့နယ်၊ အမှတ် (၃)လမ်းမကြီးဘေးရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝင်/ထွက်ပေါက်၌ လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် အဖွဲ့ဝင်များအား အမည် (စိစစ်ဆဲ) ကျား ၃ ဦး မောင်းနှင် လာသည့် Probox ယာဉ်ပေါ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဝန်ထမ်း ၁ ဦး၊ အပြစ်မဲ့ပြည်သူ ၁ ဦးနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာများ အသီးသီး ရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
    
အထက်ပါ  အကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်၍  ကျူးလွန်ခဲ့သော တရားခံ များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးဆောင်ရွက်ခဲ့ရာ အေးချမ်းစွာနေထိုင်လိုသော တာဝန်သိ ပြည်သူများ၏  သတင်းပေးချက်အရ လုံခြုံရေးပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၂ ရက် တွင် အကြမ်းဖက်မှုဖြစ်စဉ်၌ အသုံးပြုခဲ့သည့် Probox ယာဉ်အား ငှားရမ်းပေးခဲ့သည့် ဟန်လင်းသိန်း(ခ) ရဲလင်းသိန်း(၄၀)နှစ်အား မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင်ကျေးရွာ၊ မိုးမခလမ်း၊ ဆောင်းသဇင် အဆောင်၌ လည်းကောင်း၊ ၎င်းယာဉ်အား ငှားရမ်းထားသည့် တင်ဇော်မြင့်(၂၉)နှစ်အား ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ ပုလဲဂေဟာလမ်း၌ လည်း ကောင်း ဖမ်းဆီးရမိခဲ့ပြီး တရားခံ တင်ဇော်မြင့်၏ ထွက်ဆိုချက်အရ သန်းနိုင်(ခ)ဘဲဥ (၂၉)နှစ်၊ ပြည့်စုံအောင်(ခ) အသေးလေး (၂၁)နှစ်နှင့် လွင်မိုး (၂၃)နှစ်တို့ ၃ ဦးအား ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ ဗဟိုလမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
    
တရားခံ သန်းနိုင်(ခ)ဘဲဥ၏ ထွက်ဆိုချက်အရ ၎င်းတို့အဖွဲ့ ငှားရမ်း နေထိုင်သည့် ကမာရွတ်မြို့နယ်၊ (၃) ရပ်ကွက်၊ ပတ္တမြားလမ်း၊ (၆)လွှာ၊ အမှတ် (၁၇၂)၊ (ဘီ)အခန်းအား ဝင်ရောက်ရှာဖွေခဲ့ရာ ပစ်ခတ်မှုဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် M16 ၂ လက်၊ ကျည်အိမ် ၇ ခု၊ ၅.၅၆ ကျည် ၃၂၀ တောင့်၊ ကျည်ခွံ ၃၄ တောင့်၊ ၉ မမ ကျည် ၅၅ တောင့်၊ လမ်းလျှောက် စကားပြောစက် ၃ လုံး၊ အားသွင်းခုံ ၂ ခု၊ ဓာတ်ခဲ ၁၅ လုံး၊ လက်အိတ် ၁ စုံတို့အား လည်းကောင်း၊ ကမာရွတ်မြို့နယ်၊ (၃) ရပ်ကွက်၊ ပတ္တမြားလမ်း၊ တိုက်အမှတ် (၁၅၀)၊ အခန်း(1/A)၌  ၉ မမ ကျည် ၂၀ တောင့်၊ ၅.၅၆ ကျည် ၂၀ တောင့်၊ ဒီတိုနေတာ ၅ ချောင်း၊ ဒီတိုနေတာ ကြိုးခွေ ၄ ခွေ၊ icom ဘတ္ထရီပတ် ၁၂ ခု၊ သံဘောစေ့ ၁၂ ဘူးပါ ၂၀ ကတ်၊ icom အထိုင်စက် ၄ လုံး၊ လမ်းလျှောက် စကားပြောစက် ၄ လုံးနှင့် ဖောက်ခွဲရေးပစ္စည်းများ ထည့်ထားသော ဂတ်စ်အိုး ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ပြီး ဂက်စ်အိုးအား ဖွင့်ဖောက် စစ်ဆေးခဲ့ရာ ၅.၅၆ ကျည် ၄၈၀ တောင့်၊ ဒီတိုနေတာ ၂၀ ချောင်း၊ ယမ်းပြင်း ၃ ကီလိုဂရမ် တို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
    
တရားခံ သန်းနိုင်(ခ)ဘဲဥ၏ ထွက်ဆိုချက်အရ လက်နက်/ခဲယမ်းများ သယ်ဆောင်ခဲ့ပြီး ပစ်ခတ်မှုဖြစ်စဉ်တွင်ပါဝင်သူ ဝေယံထက်နိုင် (၂၈)နှစ်အား ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မန္တလေးလမ်းမီးပွိုင့်၌ ဖမ်းဆီးရမိခဲ့ပြီး တရားခံ ဝေယံထက်နိုင်၏ ထွက်ဆိုချက်အရ လသာမြို့နယ်၊ (၁)ရပ်ကွက်၊ ၂၃ လမ်းထိပ်၊ အမှတ်(၆၀၄)အား ဝင်ရောက် ရှာဖွေခဲ့ရာ မျိုးနိုင်(၅၈)နှစ်အား PDF အဖွဲ့များအား ထောက်ပံ့သည့် နိုင်ငံခြားဆေး ပစ္စည်းမျိုးစုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
        
နိုဝင်ဘာလ ၁၄ ရက်တွင် တရားခံ မျိုးနိုင်၏ ထွက်ဆိုချက်အရ (Myanmar Underground Revolution Movement-MURM) အဖွဲ့မှ ဖမ်းဆီးရန်ကျန်တရားခံ မမေ(ခ) မိုးသူခိုင်(ခ)မေသက်ခိုင် ငှားရမ်းနေထိုင် သည့် မြောက်ဒဂုံမြို့နယ်၊ သမာဓိလမ်း၊ အမှတ်(၃၉/၂၉၉)အား ဝင်ရောက်ရှာဖွေခဲ့ရာ အကြမ်းဖက်လုပ်ငန်းများနှင့် ဖောက်ခွဲရေး လုပ်ငန်းများတွင် အသုံးပြုသည့် ပွိုင့် ၃၈၀ ကျည် ၅၀ တောင့်၊ ကျည်အိမ် ၂ ခု၊ လက်လုပ်ဗုံး ၃ လုံး၊ ဒီတိုနေတာ ၃ ခု၊ လက်လုပ်ယမ်း ၂၅ ထုပ်၊ ယမ်းကြိုးများ၊ လက်လုပ်ယမ်းမှုန့်(၃၀ ကျပ်သားခန့်) ၁ ထုပ်၊အက်စစ် ၅ ဂါလံ ၄ ပုံး၊ ဓါတုဗေဒသုံး ဖန်ပြွန်ချိန်ခွက် ၁၇ ခု၊ ဖန်ပြွန် ၄ ခု၊ ကြေးပိုက် ၁၅ ချောင်း၊ ပိုတက်ဆီယံ နိုက်ထရိတ် (၂၅ ကီလို) ၁ အိတ်၊ ဂက်စ်အိုး ၉ လုံး၊ ဝရိန်စက် ၁ လုံး၊ MPT ဆင်းကတ် ၃၀ ခု၊ Keypad ဖုန်း ၁၁ လုံး၊  မှတ်ပုံတင်အတု ၁၁ ခု၊ ဓာတ်ခဲပါ ရီမုမိုင်းခလုတ် ၂၀ ခုတို့အား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။
    
ဖြစ်စဉ်တွင် တရားခံ ကျား ၇ ဦး၊ M 16 ၂ လက်၊ ကျည်အိမ် ၉ ခု၊ ၅.၅၆ ကျည် ၈၂၀ တောင့်၊ ပွိုင့် ၃၈၀ ကျည် ၅၀ တောင့်၊ ကျည်ခွံ ၃၄ တောင့်၊ ၉ မမကျည် ၇၅ တောင့်၊ လက်လုပ်ဗုံး ၃ လုံး၊ ဒီတိုနေတာ ၂၈ ချောင်း၊ ဒီတိုနေတာကြိုးခွေ ၄ ခွေ၊ ယမ်းပြင်း ၃ ကီလိုဂရမ်ခန့်၊ သံဘောစေ့ ၁၂ ဘူးပါ ၂၀ ကတ်၊ လမ်းလျှောက်စကားပြောစက် ၇ လုံး၊ icom အထိုင်စက် ၄ လုံး၊ ဆေးမျိုးစုံနှင့် ဖောက်ခွဲရေးနှင့် ဆက်စပ်ပစ္စည်း များအား  ဖမ်းဆီးရမိခဲ့သည်။
    
တရားခံ သန်းနိုင်(ခ)ဘဲဥ (Fight For Freedom- FFF) အဖွဲ့၏ ထွက်ဆိုချက် အရ ဂျပန်နိုင်ငံတွင် မြန်မာထမင်းဆိုင် ဖွင့်လှစ်ရောင်းချနေသော ဖမ်းဆီးရန်ကျန် တရားခံ သန်းထိုက်စိုး(ခ)စိုးကြီးသည် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၊ CRPH တို့နှင့် ဆက်သွယ်၍ မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက် အဖွဲ့များအား ထောက်ပံ့ပေး လျက်ရှိကြောင်း၊ သန်းထိုက်စိုး(ခ)စိုးကြီး အနေဖြင့် NUG မှ လွင်ကိုလတ် ပြုလုပ်သော Zoom Meeting များတွင် တက်ရောက်၍  အကြမ်းဖက် အဖွဲ့များအား ငွေကြေး ထောက်ပံ့မှု အခြေအနေများအား ပြောကြားရကြောင်းနှင့် ၎င်းသည် FFF အဖွဲ့အပြင် အခြားအကြမ်းဖက် အဖွဲ့များအားလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိ ရသည်။
    
တရားခံ ဝေယံထက်နိုင်သည် မမေ(ခ) မိုးသူခိုင်(ခ)မေသက်ခိုင် ဖွဲ့စည်း ထားရှိသော MURM မှ ဖြစ်ပြီး တရားခံ လွင်မိုးမှာ ပဲခူး PDF အဖွဲ့မှ ဖြစ်ကာ ၎င်းသည် မိုးသီဟ နှင့်အတူ KNLA တပ်မဟာ ၁ နယ်မြေအတွင်း အကြမ်းဖက်ဖောက်ခွဲရေး သင်တန်းအား တက်ရောက်ခဲ့ကြောင်းနှင့် တရားခံ မျိုးနိုင်သည် မမေ(ခ)မိုးသူခိုင် (ခ)မေသက်ခိုင် အား အောက်တိုဘာလအတွင်း မြောက်ဒဂုံမြို့နယ်၌ Safe House အဖြစ် လုံးချင်းတိုက်ခန်းအား ငှားရမ်းအသုံးပြုရန် ငွေကြေးများထောက်ပံ့ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။ 
    
စက်တင်ဘာလကုန်ခန့်တွင် သန်းထိုက်စိုး(ခ)စိုးကြီး သည် မြဝတီမြို့နေ ဖမ်းဆီးရန်ကျန် တရားခံ ဂျပန် နှင့် ချိတ်ဆက်၍ တရားခံ သန်းနိုင်(ခ)ဘဲဉ ဦးဆောင် သည့် (FFF)အဖွဲ့အတွက် လက်နက်/ခဲယမ်းများအား ပို့ဆောင်ခဲ့ကြောင်းနှင့်  လက်နက်/ ခဲယမ်းများအား သယ်ယူရာတွင် အောက်စီဂျင်အိုးများအတွင်း သိုဝှက်ကာ သယ်ဆောင်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိ ကိုဗစ်-၁၉ ရောဂါအခြေအနေအရ ပြည်သူလူထုအနေဖြင့် အောက်စီဂျင်အိုးများ ပြတ်လပ်မှုမရှိစေရေး  ကျန်းမာရေး အထောက်အကူပြုပစ္စည်းအဖြစ် လုံခြုံရေးဖြေလျော့ပေးမှုအား အခွင့်ကောင်း ယူကာ အကြမ်းဖက်ပစ္စည်းများအား သယ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
    
FFF အဖွဲ့နှင့် MURM အဖွဲ့တို့ ပူးပေါင်း၍ အကြမ်းဖက်လုပ်ငန်းဆောင်ရွက် မှုအနေဖြင့် အောက်တိုဘာလ ၅ ရက်တွင် တရားခံ သန်းနိုင်(ခ)ဘဲဉ ၊ ပြည့်စုံအောင်(ခ) အသေးလေးနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကိုရဲတို့မှ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့ရှိ လုံခြုံရေးအဖွဲ့များအားပစ်ခတ်ရန် အခြေအနေကြည့်ရှုခဲ့ပြီး MURM အဖွဲ့မှ ကိုရဲ အပါ ၅ ဦးနှင့် FFF အဖွဲ့မှ သန်းနိုင်(ခ)ဘဲဥ၊ တင်ဇော်မြင့်နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ရှမ်းလေး၊ ဝေယံထက်(ခ) သူရ တို့ ၄ ဦး ပေါင်း ၉ ဦး တို့ဖြင့် လုံခြုံရေးအဖွဲ့များအား ပစ်ခတ်ရန် စီစဉ် ဆောင်ရွက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၇ ရက်တွင် MURM အဖွဲ့မှ ၂ ဦးသည် အခြေအနေစောင့်ကြည့်ခြင်းများ ပြုလုပ်ပြီး တရားခံ သန်းနိုင်(ခ)ဘဲဥ၊ တင်ဇော်မြင့်တို့ ၂ ဦးသည် Probox (အဖြူရောင်)ဖြင့် လည်းကောင်း၊ ဝေယံထက် (ခ)သူရ၊ ရှမ်းလေးနှင့် ကိုရဲ နှင့် စိစစ်ဆဲ အမျိုးသား ၂ ဦး တို့သည် Probox(ခဲရောင်)ဖြင့် လည်းကောင်း သွားရောက် ၍ Probox (ခဲရောင်)ပေါ်မှ M-16 သေနတ် ၂ လက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး  သန်းနိုင် (ခ)ဘဲဉ မှ လက်နက်/ခဲယမ်းများအား  ပြန်လည်သိမ်းယူခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။
    
အောက်တိုဘာလ ၂၈ ရက် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာနေ အပြစ်မဲ့ပြည်သူ  ဦးဖိုချိုအား MURM အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းနှင့် နိုဝင်ဘာလ ၈ ရက်တွင် တရားခံ သန်းနိုင်(ခ)ဘဲဉ သည် ဝေယံထက်(ခ) သူရ ထံတွင် ရှိသည့် ပစ္စတိုအား  ဖမ်းဆီးရန်ကျန်တရားခံ ဖိုးကာ(ကမာရွတ် PDF ) ထံသို့ ငှားရမ်း ပေးခဲ့ပြီး  သေနတ်ငှားရမ်းခအဖြစ် ဖိုးကာမှ FFF အဖွဲ့အား ငွေ ၅ သိန်းကျပ် ပေးအပ်ခဲ့ ကြောင်း၊ နိုဝင်ဘာလ ၉ ရက်တွင် အဆိုပါ ပစ္စတိုဖြင့် ကမာရွတ်မြို့နယ်၊ (၅) ရပ်ကွက်၌ အပြစ်မဲ့ပြည်သူ ဒေါ်မြင့်မြင့်အေး (ခ)ဒေါ်ပြားကြီးအား ပစ်ခတ်သတ်ဖြတ် ခဲ့ကြောင်းနှင့်  နိုဝင်ဘာလ ၁၀ ရက်တွင် ပစ္စတိုအား ဝေယံထက် (ခ)သူရ ထံ ပြန်လည် ပေးအပ်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
    
အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်း များရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်း ပေးသူနှင့် ဖမ်းဆီးပေးသူများအား ဆုငွေများ ထိုက်တန်စွာ လျှို့ဝှက်ချီးမြှင့်ပေးမည် ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်း ထုတ်ပြန်အပ်ပါသည်။