သက်ဆိုးရှည် မူးယစ်ဆေး ပပျောက်ကင်းစင်ရေး

လူသားတို့၏ လောဘ၊ ဒေါသ၊ မောဟ လွှမ်းမိုးမှုကြီးမားလာသည်နှင့်အမျှ ကမ္ဘာကြီးသည် အဘက်ဘက်တွင် ယိုယွင်းလျက်ရှိလာနေချေပြီ။ မိမိတစ်ဦးတည်း ကြီးပွားချမ်းသာရေးအတွက် ငွေရမည်ဆိုလျှင် ဘာမဆိုလုပ်မည့်သူများလည်း များပြားလာနေသည်။ လူမှုရေး၊ စီးပွားရေး အဆင်မပြေသူများက စိတ်လွတ်လပ်မှုကို ရှာဖွေကြသည်။ ဆေးလိပ်၊ အရက်မှအစပြုကာ နောက်ဆုံးတွင် ယစ်မူးစေတတ်သော ဆေးဝါးများ ရှာဖွေသုံးစွဲလာတတ်ကြသည်။ ခဏတာမူးယစ် မေ့မြောခြင်းကို လောကစည်းစိမ်ဟု မှတ်ထင်လာတတ်ကြသည်။ စိတ်ငြိမ်ဆေးသဖွယ် အားကိုးကာ ရှာဖွေသုံးစွဲကြရာမှ နောက်ဆုံးတွင် မူးယစ်ဆေးဝါးမသုံးစွဲရလျှင် မနေနိုင်သောအဆင့်သို့ ရောက်ရှိ သွားကြသည်။

မူးယစ်ဆေးဝါးကိုသုံးစွဲသူ လူတန်းစားတစ်ရပ်ရှိနေသရွေ့ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ် သူတို့ အကြိုက်တွေ့နေမည်ဖြစ်သည်။ ကောင်းကျိုးမပေး မူးယစ်ဆေးဟူ၍ မည်သို့ပင် အသိပညာ ပေးပေး အသိမဲ့၊ ဆင်ခြင်မဲ့သူတွေက ရှိနေသေးသည်။ ထိုအခါ မူးယစ်ဆေးဝါးထုတ်လုပ်၊  ရောင်းဝယ် သုံးစွဲမှုသည် စက်ဝိုင်းပမာ လည်ပတ်နေတော့သည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက် ရသည်မှာ လွယ်ကူသောအလုပ်မဟုတ်သော်လည်း တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက စွမ်းစွမ်းတမံ ဆောင်ရွက်နေသမျှ ကာလပတ်လုံး တဖြည်းဖြည်း လျော့နည်း ပပျောက်မည်ဖြစ်သည်။ မူးယစ်ဆေးဝါးပပျောက်မှလည်း လူမှုဘဝများ သာယာလာမည် ဖြစ်သည်။

နိုင်ငံခြားရုပ်ရှင်များမှာသာ တွေ့မြင်လေ့ရှိသော မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ပစ်ခတ် ဖမ်းဆီးရသည့် သက်စွန့်ကြိုးပမ်းဖြစ်ရပ်များကို ယခုအခါ မြန်မာနိုင်ငံတွင် အမှန်တကယ်တွေ့မြင် နေကြရသည်။ စက်တင်ဘာ ၁၃ ရက် နံနက်က မူးယစ်ဆေးဝါး တားဆီးရေးအဖွဲ့များသည် ပြင်ဦးလွင်မြို့အဝင်၌ တရားမဝင်ကုန်ပစ္စည်းများ စစ်ဆေးရန်ထားရှိသည့် Mobile X-Ray  စက်နေရာကို ရှောင်ကွင်းနိုင်သည့် နေရာများအား ပိတ်ဆို့စစ်ဆေးနေစဉ် လားရှိုးမှ မန္တလေးသို့ ကုန်ပစ္စည်း တင်ဆောင်လာခြင်းမရှိသည့် ခြောက်ဘီးယာဉ်အား စစ်ဆေးရာ ယာဉ်မောင်းခေါင်မိုး အပေါ် အံဝှက်အတွင်း မူးယစ်ဆေးဝါးများတွေ့ရှိခဲ့သည်။ သတင်းဆက်အရ  မူးယစ်ဆေးဝါး သယ်ဆောင်လာသည့်ယာဉ်ကို တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ မန္တလေးသို့ ဆက်လက် မောင်းနှင်စေသည်။

မန္တလေးမြို့အဝင်၌ မူးယစ်ဆေးဝါးပိုင်ရှင်နှင့်  ယာဉ်အားတွေ့ရှိသဖြင့်  ဖမ်းဆီးရမိရေးဆောင်ရွက်စဉ် မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ နောက်မှ ထက်ကြပ်မကွာ လိုက်လံဖမ်းဆီးသော်လည်း ရပ်တန့်ခြင်းမရှိ၍ မန္တလေးမြို့ ၂၆ လမ်းပေါ် ၅၆ လမ်းနှင့် ၅၇ လမ်းကြားအရောက်တွင် ယာဉ်ဘေးချင်းယှဉ်၍ သေနတ်ဖြင့်သုံးချက်ပစ်ခတ်ဖမ်းဆီးရာ Toyota Land Crusier  ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသူ စိုင်းဝင်းနိုင်(ခ)အားချိန် လားရှိုးမြို့နေသူအား ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၏ တန်ဖိုးမှာ ငွေကျပ်သိန်း ၇၉၂၀ ဖြစ်ကြောင်း သိရသည်။

ဗန်းမော်မြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ သတင်းတစ်ပုဒ်တွင်လည်း စက်တင်ဘာ ၁၂ ရက် ည ၇ နာရီခွဲခန့်အချိန် ဗန်းမော်မြို့နယ် မံသာကျေးရွာ၏ တောင်ဘက် မိုးမိတ်-ဗန်းမော်သွားကားလမ်း၌ ယာဉ်ဝင်ထွက်မှုများအား စစ်ဆေးနေစဉ် ယာဉ်တစ်စီးပေါ်မှ ငွေကျပ် ၇၀၀၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များကိုလည်းကောင်း၊ အခြားယာဉ်တစ်စီး ပေါ်မ ှငွေကျပ် ၃၄ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များကိုလည်းကောင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။ မူးယစ်ဆေးဝါး ရောင်းဝယ်သူအများစုမှာ အခြေအနေ မကောင်းလျှင် ခုခံပစ်ခတ်ရန်အတွက် လက်နက်ခဲယမ်းများလည်း ကိုင်ဆောင်လျက်ရှိသည်။

ရေးမြို့နယ်အတွင်း လက်နက်၊ ခဲယမ်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိသတင်းတစ်ခုမှာ စက်တင်ဘာ ၁၂ ရက် ည ၁၂ နာရီခွဲခန့်တွင် မော့ကနင်ကျေးရွာအတွင်း လမ်းပေါ်၌ သေနတ်တစ်လက် ကိုင်ဆောင်ကာ အရပ်ဝတ်ဖြင့် လမ်းလျှောက်လာသူတစ်ဦးကို စစ်ဆေးရာ သေနတ်တစ်လက်၊ ကျည်ငါးတောင့်နှင့် ငွေကျပ် ၁၂ သိန်းခန့်တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ် ဆေးပြား များ ဖမ်းဆီးရမိခဲ့သည်။ ဤသတင်းများမှာ တစ်ရက်တည်းတွင် တွေ့မြင်ရသော သတင်းများ ဖြစ်သည်။ နေ့စဉ်ရက်ဆက်ဆိုလျှင်  စိတ်ကြွရူးသွပ်ဆေးပြားဖမ်းဆီးရရှိမှု အရေအတွက်သည် များသည်ထက် များပေလိမ့်မည်။ မြန်မာနိုင်ငံတွင် ဘိန်းမှအစပြုသည့် မူးယစ်ဆေးဝါးများ ဖြစ်ပေါ်လာသည်မှာ ကိုလိုနီနယ်ချဲ့တို့၏ အမွေဆိုးပင်ဖြစ်သည်။ သက်ဆိုးရှည်မူးယစ်ဆေး ပပျောက် ကင်းစင်ရေးအတွက် မြန်မာနိုင်ငံအတွင်းနေထိုင်သူ ပြည်သူအပေါင်းက အမျိုးသားရေးအသိဖြင့် မိမိတို့တတ်စွမ်းနိုင်သည့် နေရာရှုထောင့်မှ ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသား လိုက်ရပေသည်။     ။