သွားနှင့်ခံတွင်းကျန်းမာရေးနှင့် ပရိုဘိုင်အိုတစ်

သွားနှင့်ခံတွင်းကျန်းမာရေးနှင့် ပရိုဘိုင်အိုတစ်

မေး။ ။ ဆရာရှင့် သွားနဲ့ခံတွင်းကျန်းမာရေးဟာ သွားနဲ့ခံတွင်းအတွက် သက်သက်သာမကဘဲ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက်ပါ အရေးပါတယ်လို့ အခုနောက်ပိုင်း မီဒီယာတွေမှာ ဖော်ပြလာတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဆရာ့ရဲ့အမြင်လေးကို အရင်ဆုံးပြောပြ ပေးပါဆရာ။

ဖြေ။ ။ သွားနဲ့ခံတွင်းကျန်းမာရေးဟာ သွားနဲ့ခံတွင်းသီးသန့်အတွက်မဟုတ်ဘဲ ဆရာတို့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် အလွန်အရေးပါလှပါတယ်။ သွားနဲ့ခံတွင်း ကျန်းမာရေးကို ဂရုမစိုက်ရင် သွားတွေ တစ်ချောင်းပြီးတစ်ချောင်း ဆုံးရှုံးရမှာဖြစ်သလို ခန္ဓာကိုယ်အနှံ့အပြားမှာလည်း ရောဂါမျိုးစုံ ရရှိနိုင်တာကို ယနေ့သိလာရပြီး ဖြစ်တယ်။ ဒီရောဂါပိုးတွေဟာ သွားနဲ့ခံတွင်းကနေတစ်ဆင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့ရောက်ရှိလာပြီး  နှလုံးရောဂါ၊  အဆုတ်ရောဂါ၊   ဦးနှောက်နဲ့အာရုံကြောရောဂါ၊ ကျောက်ကပ်ရောဂါ အစရှိတာ တွေဖြစ်စေနိုင်တယ်။ မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါနဲ့ အယ်ဇိုင်းမားရောဂါတွေပါမကျန်အောင် ဒုက္ခပေးနိုင်ပါတယ်။ နောက်ဆုံး သက်တမ်းတိုတိုပဲနေရမှာကို သိလာရပြီဖြစ်တယ်။ ဒီလို ကျန်းမာနေဖို့က သွားနဲ့ခံတွင်းမှာရှိတဲ့ Ecology ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းထားဖို့ လိုပါတယ်။

မေး။ ။ သွားနဲ့ခံတွင်းရဲ့ Ecology ဆိုတာ ဘာကိုဆိုလိုတာပါလဲဆရာ။

ဖြေ။ ။ လူတို့ရဲ့ခံတွင်းမှာ အဏုဇီဝ ပိုးပေါင်းများစွာရှိပြီး အဓိကအနေနဲ့ ရောဂါဖြစ်စေတဲ့ ပိုးတွေ၊ ခံတွင်းကျန်းမာရေးနဲ့ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ပရိုဘိုင်အိုတစ်တွေနဲ့ အခုလောလောဆယ် ဒုက္ခလည်းမပေး၊ ဘာတာဝန်မှလည်း မထမ်းဆောင်သေးဘဲ တွယ်ကပ်နေတဲ့ အဏုဇီဝပိုးတွေဆိုပြီး အုပ်စုသုံးစုခွဲခြားနိုင်ပါတယ်။ အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီး  ဗက်တီးရီးယား၊  မှိုနဲ့ဗိုင်းရပ်ပိုးတွေရှိနေတတ်တယ်။ ဗက်တီးရီးယားတွေကအများဆုံးဖြစ်ပြီး လူအားလုံးရဲ့ခံတွင်းမှာတွေ့နိုင်တဲ့မျိုးစိတ်စုစုပေါင်း ၅၀၀ ကနေ ၁၀၀၀ ခန့်အထိရှိပါတယ်။ သာမန်လူတစ်ယောက်ကို  ကြိုက်တဲ့အချိန် ခံတွင်း ထဲမှာရှိတဲ့ ဗက်တီးရီးယားအမျိုးအစားအရေအတွက်ကို တိုင်းကြည့်ရင် ၁၀၀ ကနေ ၂၀၀ အတွင်းရှိနေလေ့ရှိတယ်။ သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုစိုက်သူတွေရဲ့သွားတစ်ချောင်းစီရဲ့ မျက်နှာပြင်မှာရှိတဲ့ ဗက်တီးရီးယားအရေအတွက်ကတေ့ ၁၀၀၀ ကနေ ၁၀၀၀၀၀ လောက်ရှိ ပေမယ့် သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုမပြုသူတွေရဲ့ သွားတစ်ချောင်းစီပေါ်မှာရှိတဲ့ ဗက်တီးရီးယား(အထူးသဖြင့် ရောဂါပိုးများ) အရေအတွက်ကတော့ သန်း ၁၀၀ ကနေ သန်း ၁၀၀၀ အထိ တွေ့ရလေ့ရှိပါတယ်။ ကျန်းမာသန်စွမ်းသူရဲ့ ခံတွင်းမှာ အကျိုးပြု ဗက်တီးရီးယား အရေအတွက်အများကြီးရှိပြီး ရောဂါပိုးတွေကို ကောင်းကောင်းထိန်းချုပ် ထားတဲ့အပြင် သူတို့ရဲ့လုပ်ငန်းဆောင်တာတွေဟာလည်း ကွဲပြားလျက်ရှိတယ်။ မကျန်းမာတဲ့ သူ အထူးသဖြင့် ခံတွင်းကျန်းမာရေးချို့တဲ့သူအနေနဲ့ ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယား အရေအတွက်က ပိုမိုများပြားလေ့ရှိနေတာကို တွေ့ရတယ်။ သွားပွတ်တံနဲ့ သွားကို သေသေချာချာ တိုက်ပြီးရင် ဗက်တီးရီးယားအရေအတွက်ဟာများစွာ လျော့ကျသွားလေ့ရှိပြီး သိန်းဂဏန်းလောက်သာ ကျန်တော့တာကိုလည်း  တွေ့ရပါတယ်။  ဒါကြောင့်  သွားပွတ်တံနဲ့   နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန်သွားတိုက်ပေးခြင်းဟာ သွားနဲ့သွားဖုံးကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။

မေး။ ။ သွားနဲ့ခံတွင်းထဲမှာ ဘယ်လိုမျိုးရောဂါပိုးတွေရှိနေတတ်ပါသလဲဆရာ။

ဖြေ။ ။ သွားနဲ့ခံတွင်းထဲမှာ ဝင်ရောက်နေရာယူပေါက်ပွားပြီး ရောဂါရစေနိုင်တဲ့ အဏုဇီဝ ရောဂါပိုးတွေကတော့ဗက်တီးရီးယား၊ မှိုနဲ့ ဗိုင်းရပ်ပိုးများဖြစ်ကြပါတယ်။ လူတို့ရဲ့ပါးစပ်ထဲမှာ ရောဂါဖြစ်စေနိုင်တဲ့ဗက်တီးရီးယားတွေ မြောက်မြားစွာရှိတဲ့အနက် သွားနဲ့ခံတွင်း ကျန်းမာရေးကို ထိခိုက်စေတဲ့ အဆိုးဆုံးသောပိုးတွေကတော့ Porphyromonas gingivalis နဲ့ Streptococcus တွေဖြစ်ပြီး ဒီရောဂါပိုးတွေက ထုတ်လုပ်လိုက်တဲ့ အက်စစ်နဲ့ အင်ဇိုင်း တွေကြောင့် သွားဖုံးတွေရောင်တာ၊ သွားဖုံးနဲ့မေးရိုးတွေရောင်တာ၊ သွားပိုးစားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် ဒီရောဂါပိုးတွေကြောင့် ခုခံအားစနစ်ရဲ့တိုက်ခိုက်ရေးတပ်သားတွေ ဖြစ်တဲ့ အင်တာလူကင်-၁၂ (IL-12) ကိုကျဆင်းစေပြီး ဒီရောဂါပိုးတွေအပါအဝင် အခြားသော ရောဂါပိုးတွေကိုလည်း လက်ယပ်ခေါ်သကဲ့သို့ဖြစ်နေပါတယ်။ ဒါတင်မကသေးဘဲ ရောင်ရမ်း ခြင်းကိုဖြစ်စေတဲ့ အင်တာလူကင်-၆ (IL-6) ကို  ပိုမိုထွက်ရှိအောင်လှုံ့ဆော် ပေးတာကြောင့်  ခံတွင်းတွင်သာမက တစ်ကိုယ်လုံးကို သွေးကြောတွေကနေ တစ်ဆင့်ရောက်ရှိသွားပြီး ရောင်ရမ်းတဲ့ ရောဂါတွေကိုဖြစ်စေပါတယ်။

မေး။ ။ သွားနဲ့ခံတွင်းမှာရှိတဲ့ အကျိုးပြု အဏုဇီဝပရိုဘိုင်အိုတစ်တွေ အကြောင်းလည်း ရှင်းပြပေးပါဦးဆရာ။

ဖြေ။ ။ လူတို့ရဲ့ခံတွင်းမှာရောဂါပိုးမွှားတွေဝင်ရောက်တွယ်ကပ်ခြင်းမရှိအောင် ပရိုဘိုင်အိုတစ် ဗက်တီးရီးယားတွေက ကာကွယ်ပေးပါတယ်။ အဲဒီဗက်တီးရီးယားတွေကို ခံတွင်းထဲမှာရှိတဲ့ အကျိုးပြုအဏုဇီဝပိုးတွေလို့ ခေါ်ပါတယ်။ သူတို့သာ လုံလောက်တဲ့ ပမာဏရှိနေရင်သွားနဲ့ ခံတွင်းရောဂါတွေဖြစ်ပွားမှုလည်း အလားအလာအလွန်နည်းတာကိုတွေ့ရပါတယ်။ သွားနဲ့ ခံတွင်း ကျန်းမာရေးအတွက် တစ်နေ့နှစ်ကြိမ်သွား မှန်မှန်တိုက်တာ (နံနက်တစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီး တစ်ကြိမ်)၊ အစာစားပြီးတိုင်း ပလုတ်ကျင်းတာတွေကို မဖြစ်မနေ လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အခုလိုလုပ်ရုံ မလုံလောက်သေးပါ။ ခံတွင်းမှာရှိတဲ့ ပရိုဘိုင်အိုတစ်အကျိုးပြုဗက်တီးရီးယားတွေ လုံလောက်တဲ့ပမာဏရှိအောင်လည်း ထိန်းသိမ်း ပေးဖို့လိုပါတယ်။ လူ့ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးပြုနေတဲ့ပရိုဘိုင်အိုတစ်တွေများစွာ ရှိတဲ့အနက် သွားနဲ့ခံတွင်းကျန်းမာရေးနဲ့

ပတ်သက်တဲ့ ပရိုဘိုင်အိုတစ်တွေကတော့...

(၁) လက်တိုဘေ့စ်စီလပ်

(၂) ဘိုင်ဖီဒိုဗက်တီးရီးယား

(၃) စထရက်တိုကော့ကပ်စ် တွေပဲဖြစ်ပါတယ်။

မေး။ ။ လက်တိုဘေ့စ်စီလပ်မျိုးစုဝင် ပရိုဘိုင်အိုတစ်တွေအကြောင်းလည်း နည်းနည်းရှင်းပြ ပေးပါဆရာ။

ဖြေ။ ။ အဓိကအနေနဲ့ မျိုးစိတ်ခြောက်ခုရှိပါတယ်။

(၁) လက်တိုဘေ့စ်စီလပ် အက်ဆီဒိုဖီးလပ်စ်

ဒီဗက်တီးရီးယားတွေဟာ လူနဲ့တိရစ္ဆာန်တို့ရဲ့ခံတွင်းနဲ့ အစာလမ်းကြောင်း တစ်လျှောက်မှာ များစွာတွေ့ရှိရတယ်။ သူတို့ဟာ 37.C မှာ ပွားများမှုနှုန်း အကောင်းဆုံးဖြစ်ပြီး လူ့ခန္ဓာကိုယ် အပူချိန်နဲ့ ကွက်တိဖြစ်နေတာကြောင့် များပြားနေခြင်း ဖြစ်တယ်။ ခံတွင်းမှာရှိတဲ့ ဒီဗက်တီးရီးယားတွေဟာ  စားလိုက်တဲ့အစာမှာပါဝင်တဲ့ သကြားဓာတ်ကို လက်တစ်အက်စစ် အဖြစ်နဲ့ ပြောင်းလဲပေးပြီး အဲဒီလက်တစ်အက်စစ်ဟာ ခံတွင်းမှာရှိတဲ့ အခြားသောရောဂါ ဖြစ်စေနိုင်တဲ့   ဇီဝပိုးတွေကို သေစေနိုင်တယ်။ အရင်က သွားပိုးစားတာကိုဖြစ်စေနိုင်တယ်လို့ ဆိုသော်လည်း အခုနောက်ပိုင်းမှာ သွားနဲ့ခံတွင်းအပေါ် ဆိုးကျိုးထက် ကောင်းကျိုးတွေ ပိုမိုပေးလာ တာကြောင့်ပရိုဘိုင်အိုတစ်စာရင်းထဲဝင်လာခြင်းဖြစ်တယ်။

(၂) လက်တိုဘေ့စ်စီလပ် ပါရာကေဆိုင်း

လူရဲ့ခံတွင်း၊   အစာအိမ်နဲ့အူလမ်းကြောင်းတစ်လျှောက်မှာ တွေ့ရပါတယ်။ စုစုပေါင်းမျိုး ဗီဇ ၃၄ မျိုးရှိသော်လည်း လူ့ခန္ဓာကိုယ်မှာ ၁၀ မျိုးလောက်သာတွေ့ရပါတယ်။ ပွားများနိုင်တဲ့ အပူချိန်ကတော့ ၁၀-၃၇ ဒီဂရီစင်တီဂရိတ် အတွင်း ဖြစ်ပြီး ၄၀ ဒီဂရီစင်တီဂရိတ် ကျော်ရင် ပွားများမှုမရှိတော့ပါ။ လက်တစ်အက်စစ်ထုတ်ပေးခြင်းဖြင့် ရောဂါပိုးတွေကို သေစေနိုင်တဲ့ အာနိသင်ကိုပေးပါတယ်။

(၃) လက်တိုဘေ့စ်စီလပ်စ် ပလန်တရမ်

သူ့ရဲ့အဓိကတာဝန်ကတော့ခန္ဓာကိုယ်ခုခံအားစနစ်ကိုမြှင့်တင်ပေးခြင်း၊ အရောင်ကျစေခြင်းနဲ့ အနာကျက်မြန်စေခြင်းတို့ ဖြစ်ပါတယ်။ အဲဒီ လက်တိုဘေ့စ်စီလပ်စ်တွေဟာ ခန္ဓာကိုယ် ခုခံအားစနစ်ကနေ အင်တာလူကင်-၁၂ ပိုမိုထွက်ရှိအောင် လှုံ့ဆော်ပေးတာကြောင့် ရောဂါ ဖြစ်စေတဲ့ဗက်တီးရီးယားတွေကိုဟန့်တားပေးပါတယ်။ ဒါ့အပြင် ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ အင်တာလူကင်-၆ ထွက်ရှိမှုကို ဟန့်တားနိုင်စွမ်းရှိပြီး သွားဖုံးရောင်တာနဲ့ ပါးစပ်အတွင်း ရောင်ရမ်းနာများကို သက်သာစေပါတယ်။ ဒါတင်မကသေးဘဲသွားမျက်နှာပြင်နဲ့ ခံတွင်းနံရံ တစ်လျှောက် အမြှေးပါးလေးနဲ့အုပ်ထားပေးတာကြောင့် ခံတွင်းမျက်နှာပြင်ထိခိုက်မှုကို ကာကွယ်ပေးပါတယ်။ လူတို့ရဲ့ခံတွင်းနဲ့အရေပြားပေါ်မှာ အဓိကတွေ့ရပြီးသဘာဝ အလျောက် အပင်နဲ့အပင်ထွက်ပစ္စည်းတွေမှာ တွေ့ရှိရတာကြောင့် သူ့ရဲ့မျိုးစိတ်အမည်ကို Plantarum လို့ခေါ်ခြင်းဖြစ်တယ်။ အပင်ထွက်ပစ္စည်းများကို အချဉ်ဖောက်ထားတဲ့ အစားအစာတွေမှာ ကြွယ်ဝစွာပါဝင်ပါတယ်။ ၁၅ ဒီဂရီကနေ ၄၅ ဒီဂရီစင်တီဂရိတ်အတွင်း ပွားများကြပါတယ်။ လက်တစ်အက်စစ်အပြင်းဟိုက်ဒရိုဂျင်ပါအောက်ဆိုက် (H2O2) ကိုပါ ထုတ်ပေးနိုင်စွမ်းရှိပြီး ခံတွင်းမှာရှိတဲ့အခြားသောရောဂါပိုးများကိုသေစေနိုင်ပါတယ်။

(၄) လက်တိုဘေ့စ်စီလပ် ရမ်နိုးဆပ်

ဒီဗက်တီးရီးယားတွေကို ခံတွင်းမှာအနည်းငယ်သာတွေ့ရပြီး အမျိုးသမီးလိင်အင်္ဂါ အဖွဲ့အစည်းမှာ များစွာတွေ့ရပါတယ်။ သဘာဝမှရတဲ့ နို့နှင့်နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ချဉ်နဲ့ဒိန်ခဲတွေမှာ ကြွယ်ဝစွာပါဝင်ပါတယ်။ သူ့မှာ မျိုးဗီဇကွဲပြားမှုပေါ်မူတည်ပြီး အာနိသင်လည်း ကွာခြားမှုရှိပါတယ်။ အချို့ဗီဇမှာ ဘေးထွက်ဆိုးကျိုးရှိတတ်တာကြောင့် ကိုယ်ခံအားနည်းသူတွေ၊ ကလေးငယ်တွေအတွက် မသင့်လျော်ပါ။ ဒါကြောင့် ၁၉၈၅ ခုနှစ် တွင် အန္တရာယ်ကင်းပြီး အာနိသင်ထက်မြက်တဲ့ L.rhamnosus မျိုးစိတ်ကိုတီထွင် အသုံးပြုခဲ့ရာ ကမ္ဘာပေါ်မှာ ယနေ့အထိသုတေသနစာတမ်းပေါင်း ၈၀၀ ကျော်ဖြင့် တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါအမျိုးမျိုးကို ကာကွယ်ကုသ ရာတွင်လည်း အသုံးပြုနိုင်ပါတယ်။

(၅)လက်တိုဘေ့စ်စီလပ် စလိုင်ဗေးရီးရပ်စ်

လူတို့ရဲ့ခံတွင်းမှာ အများဆုံး တွေ့ရပြီး အစာလမ်းကြောင်း တစ်လျှောက်တွင်လည်း တွေ့နိုင် ပါတယ်။ တံတွေးထဲမှာကောင်းစွာ နေထိုင်ပွားများပြီး ရောဂါပိုးတွေကို တိုက်ခိုက်နှိမ်နင်း ပေးပါတယ်။ အဓိက ကတော့ သွားပိုးစားခြင်းကိုဖြစ်စေတဲ့စထရက်တိုကော့ကပ်စ်မြူတင် ခေါ် ဗက်တီးရီးယားကို သတ်ဖြတ်နှိမ်နင်းနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် သွားပိုးစားရောဂါကာကွယ် ကုသရာ၌ အသုံးဝင်လှပါတယ်။

(၆) လက်တိုဘေ့စ်စီလပ် အင်တီကေးရီးစ်

ဒီဗက်တီးရီးယားတွေဟာ ဒိန်ချဉ်မှာပါဝင်ပြီး သွားပိုးစားရောဂါကိုဖြစ်စေတဲ့ ဗက်တီးရီးယား တွေကို တိုက်ခိုက်နှိမ်နင်းရာတွင် အစွမ်းထက်ဆုံးဖြစ်ပါတယ်။ သူတို့ကို ကမ္ဘာကျော် ဂျာမန် ကုမ္ပဏီဖြစ်တဲ့ BASF က စီးပွားဖြစ်ထုတ်လုပ်ပြီး ချူးဂမ်းထဲမှာထည့်သွင်းရောင်းချလျက် ရှိပါတယ်။ အဲဒီချူးဂမ်းကိုငုံပေးခြင်းဖြင့် သွားပိုးစားရောဂါကို ကာကွယ်ပေးနိုင်တာကို တွေ့ရ ပါတယ်။

မေး။ ။ ဘိုင်ဖီဒိုဗက်တီးရီးယားမျိုးစုဝင်တွေကရောဘယ်လိုမျိုးအကျိုးပြုပါသလဲဆရာ။

ဖြေ။ ။ ဘိုင်ဖီဒိုဗက်တီးရီးယားမျိုးစုတွင် မျိုးစိတ်ပေါင်း ၃၂ ခုရှိတဲ့အနက် အချို့မှာ သွားပိုးစားခြင်းကို အားပေးတဲ့ မျိုးစိတ်တွေ(ဥပမာ-Bifidobacterium dentium) ဖြစ်ပြီး  သုံးခုမှာ သွားနဲ့ခံတွင်း ကျန်းမာရေး အတွက်လိုအပ်တဲ့ ပရိုဘိုင်အိုတစ်များဖြစ်ကြပါတယ်။ အဲဒီ ပရိုဘိုင်အိုတစ်မျိုးစိတ်တွေကတော့ B.bifidum၊ B.lonbum နဲ့ B.lactis တို့ဖြစ်တယ်။ ဒီမျိုးစုဝင်ပရိုဘိုင်အိုတစ်တွေဟာ လူကြီးတွေထက် ကလေးတွေမှာ အဓိကတွေ့ရပြီး   မွေးစမှ ၁ နှစ်အထိ   ရောဂါကာကွယ်ရေးအတွက် အထူးအရေးပါလှပါတယ်။

(၁) ဘိုင်ဖီဒိုဗက်တီးရီးယားဘိုင်ဖီဒမ်

လူရဲ့ခံတွင်း၊ အူလမ်းကြောင်း၊ အမျိုးသမီးအင်္ဂါနဲ့ မိခင်နို့ရည်တွေမှာ ပါဝင်ပါတယ်။ ခန္ဓာကိုယ် ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေတာကြောင့် ခံတွင်းထဲကို ပြင်ပကရောဂါပိုးတွေ မဝင်ရောက်အောင် တားဆီးပေးပါတယ်။ ကလေးမွေးပြီးနောက် မိခင်မွေးလမ်းကြောင်း၌ ရှိသော ဒီဗက်တီးရီးယားတွေဟာ ကလေးထဲသို့ရောက်ရှိလာပြီး ပွားများစေခြင်းဖြင့် ကလေးကို ကျန်းမာစေပါတယ်။ ဗိုက်ခွဲမွေးတဲ့ကလေးတွေမှာ ဒီဗက်တီးရီးယားတွေ တော်တော်နှင့်မရနိုင်ပါ။

(၂) ဘိုင်ဖီဒိုဗက်တီးရီးယားလောင်ဂမ်

မွေးပြီးခါစကလေးငယ်များတွင် ခံတွင်းနဲ့ အစာလမ်းကြောင်းတစ်လျှောက်တွင် အဓိက တွေ့ရပြီး လူကြီးပိုင်းတွင် သိပ်မတွေ့ရတာကြောင့် လက်တစ်အက်စစ်ထွက်စေခြင်းဖြင့် ရောဂါပိုးတွေမဝင်ရောက်အောင် တားဆီးပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပြီး သွားနဲ့ခံတွင်း အပါအဝင် အစာလမ်းကြောင်း တစ်လျှောက်ကို ကာကွယ်ပေးပါတယ်။

ဆက်လက်ဖော်ပြပါမည်။