ဗင်နီဇွဲလားမှသံစုံတီးဝိုင်း ကမ္ဘာ့အကြီးဆုံးသံစုံတီးဝိုင်းအဖြစ် ဂင်းနစ်မှတ်တမ်းဝင်

ဗင်နီဇွဲလားမှသံစုံတီးဝိုင်း ကမ္ဘာ့အကြီးဆုံးသံစုံတီးဝိုင်းအဖြစ် ဂင်းနစ်မှတ်တမ်းဝင်

ဗင်နီဇွဲလားနိုင်ငံမှ ဂီတပညာရှင်ထောင်ပေါင်းများစွာ ပါဝင်သော သံစုံတီးဝိုင်းသည် တေးရေးဆရာ ချိုင်ကော့ဗစကီ၏ စလာဗိုးနစ်မာ့ အမည်ရှိ တေးသီချင်းကို ဖျော်ဖြေပြီးနောက် ကမ္ဘာ့အကြီးဆုံး သံစုံတီးဝိုင်းအဖြစ် နိုဝင်ဘာ ၂ဝ ရက်တွင် ဂင်းနစ်မှတ်တမ်း ဝင်သွားကြောင်း သိရသည်။

အဆိုပါ သံစုံတီးဝိုင်းတွင် နိုင်ငံကျော် သံစုံတီးဝိုင်းကြီးဖြစ်သည့် ဆိုင်မွန်ဘိုလီဗာ သံစုံတီးဝိုင်းမှ ဂီတပညာရှင် ၁၂ဝဝဝ ခန့် ပါဝင်တီးမှုတ်ခြင်းဖြစ်ပြီး    ဂင်းနစ် မှတ်တမ်းအတွက် တီးမှုတ်မှုကို နိုဝင်ဘာ ၁၃ ရက်တွင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသံစုံတီးဝိုင်း၏  ဂင်းနစ်မှတ်တမ်းအတွက် ဖျော်ဖြေတီးမှုတ်မှုကို ဒိုင်လူကြီး ၂၆ဝ ခန့်က လေ့လာအကဲဖြတ်သည်။ ဒိုင်လူကြီးများသည် ဂင်းနစ်မှတ်တမ်းအတွက် ဂီတပညာရှင် တစ်ဦးစီ  လိုက်နာရမည့် စည်းကမ်းများ လိုက်နာခြင်း ရှိ၊ မရှိကို အကဲဖြတ်ရခြင်းဖြစ်သည်။

အဆိုပါ စည်းကမ်းများတွင် ဂီတပညာရှင်များ အချင်းချင်း တူရိယာ ပစ္စည်းများ ငှားရမ်းခြင်း မပြုရန်နှင့် ဂီတပညာရှင် တစ်ဦးစီတိုင်းက အနည်းဆုံး ငါးမိနစ်ထက်ပို၍ တီးမှုတ်ရမည် ဟူသော စည်းကမ်းများ ပါဝင်သည်။

ဗင်နီဇွဲလားနိုင်ငံမှ   သံစုံတီးဝိုင်းက ယခုကဲ့သို့ ဂင်းနစ်မှတ်တမ်း မဝင်မီ  ရုရှားနိုင်ငံမှ သံစုံတီးဝိုင်းက ၂ဝ၁၉ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး သံစုံတီးဝိုင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အဆိုပါ သံစုံတီးဝိုင်းတွင် ဂီတပညာရှင် စုစုပေါင်း ၈ဝဝဝ ကျော် ပါဝင် တီးမှုတ်ကြောင်း သိရသည်။