လူနှင့်သတ္တဝါတို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ အပေါ်မူတည်၍ အသက်ရှင်နေထိုင်ကြရသည်။ ဥတုအပေါ် တည်မှီအသက်ရှင်နေထိုင်ကြရာ၌ ပူခြင်း၊ အေးခြင်း၊ လေတိုက်ခြင်း၊ ဆီးနှင်းကျခြင်း၊ မိုးရွာခြင်းစသော ရာသီဥတုအခြေအနေများကို မလွဲမသွေရင်ဆိုင်ကြရသည်။ မျှတကောင်းမွန်သော ရာသီဥတုကသာလျှင် သက်ရှိများ ရှင်သန်နေထိုင်ရေးကို အကျိုးပြုနိုင်ပေလိမ့်မည်။ ထိုမျှတသော ရာသီဥတု အခြေအနေကိုဖန်တီးပေးသော သဘာဝအခြင်းအရာများတွင် အိုဇုန်းလွှာလည်း အဓိက နေရာတွင် ပါဝင်နေသည်။
အိုဇုန်းလွှာသည် ကမ္ဘာမြေပြင်ပေါ်သို့ ကျရောက်မည့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေး ထားသည့် သဘာဝအလွှာတစ်ခုဖြစ်သည်။ အိုဇုန်းလွှာဟူသော ဝေါဟာရကို သိပ္ပံပညာရှင်များနှင့် သာ သက်ဆိုင်သောဝေါဟာရဟု ထင်မှတ်ချင်ထင်မှတ်နေပေလိမ့်မည်။ အမှန်စင်စစ် အိုဇုန်းလွှာသည် လူသား သက်ရှိအားလုံးနှင့်သက်ဆိုင်သည်။ အိုဇုန်းလွှာကို ပထမဆုံးရှာဖွေ တွေ့ရှိသူများမှာ ပြင်သစ်လူမျိုး ရူပဗေဒပညာရှင် ချားလ်စ်ဖာဘရီနှင့် ဟင်နရီဘစ်ဆန်တို့ဖြစ်သည်။
ထိုအိုဇုန်းလွှာ၏ ဂုဏ်သတ္တိအစွမ်းများကို စူးစမ်းလေ့လာခဲ့သူမှာကား အင်္ဂလိပ်လူမျိုး မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါ့ဘဆင်ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီးများ၏ကျေးဇူးကြောင့် အိုဇုန်းလွှာသည် လူသားအပါအဝင် သက်ရှိတို့ကို ကာကွယ်အကျိုးပြုနေသော သဘာဝဆုလာဘ်တစ်ခုဖြစ်ကြောင်း သိရှိလာကြသည်။ အိုဇုန်းလွှာသည် ကမ္ဘာမြေမျက်နှာပြင်အထက် ၁၂ မိုင်မှ မိုင် ၃၀ အမြင့်တွင်ရှိသော စထရာတိုစဖီးယားအလွှာ၏ အောက်ခြေတွင်တည်ရှိသည်။ ဘာသာရပ်ဆိုင်ရာဝေါဟာရအရ အိုဇိုနိုစဖီးယားဟုခေါ်သည်။
အကြမ်းအားဖြင့် အိုဇုန်းလွှာသည် ကမ္ဘာမြေပြင် အထက် ၉ မိုင်မှ ၁၉ မိုင်အကွာတွင် တည်ရှိသည်။ ကမ္ဘာတစ်ခုလုံးကို ဝိုင်းပတ်သိုင်းခြုံထားပြီး နေနှင့်ကမ္ဘာအကြားရှိသော သဘာဝကြားခံအလွှာ တစ်ခုဖြစ်သည်။ ကမ္ဘာသည် နေနှင့် မိုင်ပေါင်း ၉၃ သန်းခန့် ကွာဝေးသည်။ နေမှကမ္ဘာသို့ တောက်ပသော အလင်းရောင်နှင့် အပူရှိန်ကိုပေးသည်။ ထိုသို့ပေးသောနေရောင်ခြည်တွင် ခရမ်းလွန်ရောင်ခြည် ပါဝင်နေပေသည်။ခရမ်းလွန်ရောင်ခြည်သည် လူနှင့်တိရစ္ဆာန်တို့ကို တိုက်ရိုက် ထိတွေ့ပါက အရေပြားကင်ဆာနှင့် မျက်စိအတွင်းတိမ် ရောဂါများဖြစ်စေသည်။ မျက်စိအတွင်း တိမ်ရောဂါဖြစ်လျှင် မျက်ကန်းဒုက္ခိတဘဝအဖြစ် ရောက်ရှိမည်ဖြစ်သည်။ အနိမ့်ဆုံးအဆင့်အနေဖြင့် ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကိုလောင်ကာ မူလအရေပြားအလှပျက်စီးမည်ဖြစ်သည်။
ထို့ကြောင့် လူသားတို့အတွက် ဆိုးကျိုးဒုက္ခဖြစ်စေ သောခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေး သည့် အိုဇုန်းလွှာ၏အခန်းကဏ္ဍသည် အရေးပါလာပေသည်။ အိုဇုန်းလွှာတွင်ပါဝင်သော အိုဇုန်းဓာတ်က နေမှကမ္ဘာသို့ ထုတ်လွှတ်သော ခရမ်းလွန်ရောင်ခြည်၏ ၉၃ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းအထိ စုပ်ယူကာကွယ်ပေးသည်။ ခရမ်းလွန်ရောင်ခြည်သည် အိုဇုန်းလွှာ ခံကတုတ်ကို မကျော်လွန်နိုင်သမျှ ကမ္ဘာရှိ လူသား၊ သစ်ပင်နှင့်တိရစ္ဆာန်တို့ကို ဒုက္ခမပေးနိုင်ပေ။ ကမ္ဘာပေါ်ရှိ သက်ရှိတို့ကို ထိုသို့အကာအကွယ်ပေးနေသော အိုဇုန်းလွှာကြီးသည် တဖြည်းဖြည်းပါးလွှာ ပေါက်ပြဲ လာသည့်အခါ အမိုးပေါက်နေသောအိမ်ကြီး အသွင်ဖြစ်လာသဖြင့် ကမ္ဘာမြေပြင်သို့ ခရမ်းလွန် ရောင်ခြည်များ တိုက်ရိုက်ကျရောက်လာပြီး ကမ္ဘာကြီး ပူနွေးလာရသည်။ ရာသီဥတုဆိုးရွားမှုဒဏ်ကို သက်ရှိတို့ ခံစားလာကြရသည်။
ထိုသို့ဖြစ်ရခြင်းမှာ လူသားတို့၏ ပယောဂကြောင့်ပင်ဖြစ်သည်။ သိပ္ပံပညာထွန်းကားလာ သည်နှင့် အညီ တိုးတက်ပေါ်ပေါက်လာသော စက်မှုလုပ်ငန်းများက အိုဇုန်းလွှာကို ဒုက္ခပေးတော့သည်။ စက်ကိရိယာများနှင့် စက်မှုလုပ်ငန်းအမျိုးမျိုးသည် အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေသော ဓာတု ပစ္စည်း များကိုသုံးစွဲရမှုကြောင့်ဖြစ်သည်။ လူသားများ၏ ဇိမ်ခံပစ္စည်းများဖြစ်သည့် ရေခဲသေတ္တာ၊ လေအေးပေးစက်နှင့် ရေမွှေးများပြုလုပ်ရာတွင် ဖရီယွန်ကိုအသုံးပြုသည်။ ၎င်းတို့မှထွက်ပေါ် လာသော ဖရီယွန်ဓာတ်များ လေထဲတွင် အများအပြားစုဝေးလာသောအခါ အိုဇုန်းလွှာကို တိုက်စား ကာ ပါးလွှာပေါက်ပြဲစေတော့သည်။ အိုဇုန်းလွှာတစ်စတစ်စ ပေါက်ပြဲလာမှုကို ပညာရှင်တို့က ၁၉၈၅ ခုနှစ်ကတည်းက လေ့လာသိရှိခဲ့ကြသည်။
ထို့ကြောင့် အိုဇုန်းလွှာပျက်စီးမှု ကာကွယ်ရေးအတွက် စဉ်းစားခဲ့ကြသည်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အတွင်း အိုဇုန်းလွှာပေါက်ပြဲမှုမှာ လွန်စွာဆိုးရွားလာပြီး အရွယ်အစား စတုရန်းမိုင် ၁၀ ဒသမ ၅ သန်းကျော်အထိရှိလာသည်။ ထို့ကြောင့် အိုဇုန်းလွှာ ထိန်းသိမ်းရေးကို အရေးတကြီးဆောင်ရွက်ရန် ကမ္ဘာ့နိုင်ငံအသီးသီးက ဆွေးနွေးခဲ့ကြပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ဦးစီးဆောင်ရွက်ခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ နှင့်နိုင်ငံတကာ အသိုက်အဝန်းတို့၏ စည်းလုံးညီညွတ်မှု ဖြင့် အိုဇုန်းလွှာကာကွယ်ရေး နည်းလမ်းများကို ကြံဆောင်ခဲ့ကြသည်။ သို့နှင့် ၁၉၈၇ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ကနေဒါနိုင်ငံ မွန်ထရီယယ်မြို့၌ အိုဇုန်းလွှာ ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုစာချုပ်ကို အိုဇုန်းလွှာပြုန်းတီးစေသော အရာဝတ္ထုများဆိုင်ရာ မွန်ထရီယယ်စာချုပ်ဟု ခေါ်သည်။ ထိုစာချုပ် လက်မှတ်ရေးထိုးခဲ့သော စက်တင်ဘာ ၁၆ ရက်ကိုလည်း အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။ ထိုနေ့ကို ကမ္ဘာသူကမ္ဘာသားအားလုံး အိုဇုန်းလွှာ၏ အရေးပါပုံကိုသိရှိပြီး မပြတ်သောသတိဖြင့် ဆင်ခြင်နေထိုင်ကျင့်ကြံနိုင်စေရန် ရည်ရွယ်သတ်မှတ် ခဲ့ခြင်းဖြစ်သည်။ စာချုပ်ပါစည်းကမ်းချက်များအရ အိုဇုန်းလွှာ ပြုန်းတီးပျက်စီးစေသော အာနိသင် ရှိသည့် ပစ္စည်း ၁၀၀ ခန့်ထုတ်လုပ်သုံးစွဲမှုကို အချိန်ဇယားရေးဆွဲ၍ တစ်ဆင့်စီဖျက်သိမ်းရန် သတ်မှတ်ခဲ့သည်။ လုပ်ငန်းများဆောင်ရွက်ရာ၌ စာရွက်ပေါ်တွင် သဘောတရား စည်းကမ်းသတ်မှတ် ချက် များဟန်ပြထားရှိမှုမဟုတ်ဘဲ အမှန်တကယ် လက်တွေ့ကျကျ ကြိုးပမ်းဆောင်ရွက်ကြသည်။ တရုတ်နိုင်ငံကစတင်၍ အိုဇုန်းလွှာပါး လွှာပျက်စီးစေသည့် ဖရီယွန်ထုတ်လုပ်မှုကိုရပ်စဲခဲ့သည်။
ကျွန်တော်တို့မြန်မာနိုင်ငံကလည်း နိုင်ငံတကာနှင့်ပူးပေါင်း၍ ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကွန်ဗင်းရှင်း၊ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းစသော ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုး၍ လိုက်နာဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၉၄ ခုနှစ်တွင် အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ရေးစာချုပ်အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်နိုင်ခဲ့ပြီး အမျိုးသားအဆင့် အိုဇုန်းယူနစ်ကို ၂၀၀၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာပျက်စီးစေသော ဓာတ်ပစ္စည်းများ လျှော့ချရေး၊ အများပြည်သူ များအား ပညာပေးရေး၊ စာချုပ်ပါတာဝန်များကို အကောင်အထည်ဖော်ရေးလုပ်ငန်းများကို ကမ္ဘာ့ အဖွဲ့နှင့်ပူးပေါင်းကာ နည်းပညာများရယူဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ၏ ဟိုက်ဒရို ကလိုရိုဖလိုကာဗွန်(HCFC) သုံးစွဲမှုလျှော့ချရပ်ဆိုင်း ရေးစီမံကိန်းကို ၂၀၁၂ ခုနှစ်မှစ၍ ရေးဆွဲအကောင် အထည်ဖော်ခဲ့သည်။ အိုဇုန်းလွှာပျက်စီးစေသော ဓာတ်ပစ္စည်းများ ချုပ်ကိုင်စေရေး အမိန့်ကို ၂၀၁၄ ခုနှစ် ဧပြီ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့အိုဇုန်းလွှာအပေါက်ကို ၂၀၀၆ ခုနှစ်တွင် နာဆာအဖွဲ့၏ ဖော်ထုတ်မှတ်တမ်းတင်ချက်အရ စတုရန်းမီတာသန်း ၃၀ ခန့်ရှိခဲ့ပြီး ကမ္ဘာနှင့်အဝှမ်း အိုဇုန်းလွှာထိန်းသိမ်းရေးအဖွဲ့၏ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်မှုကြောင့် ဧရိယာ တဖြည်းဖြည်းကျဉ်းမြောင်းလာပြီး စတုရန်းမီတာသန်း ၂၀ ခန့်သာရှိတော့ ကြောင်းသိရသည်။ ကမ္ဘာနှင့်အဝှမ်း လိုက်နာပူးပေါင်း ဆောင်ရွက်မှုကြောင့် အိုဇုန်းလွှာပျက်စီးမှုကို ထိန်းသိမ်းလာနိုင်ခဲ့ရာ ကျန်ရှိနေသောပမာဏမှာ ကမ္ဘာကြီးကို ကြီးမားစွာ ဒုက္ခမပေးနိုင်တော့ကြောင်း ပညာရှင်များကဆိုသည်။ ၁၉၈၅ ခုနှစ်မှ စတင်စိုင်းပြင်း ဆောင်ရွက် ခဲ့သော ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းစောင့်ရှောက်မှုသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၆ ရက်တွင် ၃၅ နှစ် ပြည့်မြောက်ခဲ့လေပြီ။
ကမ္ဘာ့အိုဇုန်းလွှာကြီး ပြန်လည်ကောင်းမွန်လာသည်မှာ လူလုပ်ဓာတုပစ္စည်းများကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လျှော့ချနိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း နာဆာအဖွဲ့၏ မှတ်တမ်းများအရသိရသည်။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့က ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ကို “၃၅ နှစ်တာ အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းမှု၊ ရာသီဥတု ပြောင်းလဲမှုနှင့် သက်ရှိများ အတွက် အိုဇုန်းလွှာကအကျိုးပြု” (OZONE FOR LIFE: 35 years Of Ozone layer Protection) ဟူ၍ သတ်မှတ်ထားသည်။ ကျွန်တော်တို့ စုပေါင်းနေထိုင်သောကမ္ဘာသည် တစ်ခုတည်းသော အားကိုး မှီခိုရာကမ္ဘာဖြစ်သည်။
သို့ဖြစ်ရာ ကမ္ဘာသူကမ္ဘာသားအားလုံးသည် မိမိတို့ မှီတင်းနေထိုင်သောကမ္ဘာကြီးကို သဘာဝ ဘေးအန္တရာယ်တို့မှ ကင်းလွတ်သော သာယာသော ကမ္ဘာကြီးဖြစ်လာစေရန် ယခုနှစ်သတ်မှတ် ထားသော ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ပါဖော်ပြချက်ကိုသိရှိပြီး အိုဇုန်းလွှာ၏ တန်ဖိုးကို သိမြင်လျက်အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများကို အတူတကွ ပူးပေါင်း ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပေသည်။ ။
ညွန့်ဝင်း(နတ်တလင်း)