နှလုံးမူမမှန်သည့်ရောဂါကြောင့့်် အဂူရို ကစားသမားဘဝမှ အနားယူမည်ဖြစ်ကြောင်း ဘာစီလိုနာ အသင်းထံ အကြောင်းကြားထားပြီး ယခုရက်ပိုင်းအတွင်း အတည်ပြု ကြေညာမည်

နှလုံးမူမမှန်သည့်ရောဂါကြောင့့်် အဂူရို ကစားသမားဘဝမှ အနားယူမည်ဖြစ်ကြောင်း ဘာစီလိုနာ အသင်းထံ အကြောင်းကြားထားပြီး ယခုရက်ပိုင်းအတွင်း အတည်ပြု ကြေညာမည်

ဘာစီလိုနာအသင်း တိုက်စစ်မှူး အဂူရိုသည် နှလုံးမူမမှန်သည့် ရောဂါကြောင့်  ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်ခဲ့ပြီး အသင်းထံ အကြောင်းကြားထားကာ  ယခုရက်ပိုင်းအတွင်း  အတည်ပြုကြေညာ မည်ဖြစ်ကြောင်း သိရသည်။

အသက် ၃၃ နှစ်အရွယ် အဂူရိုသည် ယခုဘောလုံး ရာသီတွင် မန်စီးတီးအသင်းမှ  ဘာစီလိုနာအသင်းသို့  အလွတ်ပြောင်းရွှေ့ကြေးဖြင့်  ပြောင်းရွှေ့ခဲ့ကာ ဒဏ်ရာကြောင့်  အသင်းနှင့်  ပွဲစဉ်အနည်းငယ်သာ ပါဝင်ကစားခဲ့ရပြီး  အောက်တိုဘာ ၃၁ ရက်က ဘာစီလိုနာအသင်းနှင့်   အလာဗက် အသင်းတို့  တစ်ဂိုးစီ သရေရလဒ်နှင့် ပြီးဆုံးသည့်ပွဲစဉ်တွင် ပထမပိုင်းပြီးဆုံးခါနီး ပွဲချိန် ၄၁ မိနစ်တွင်  နှလုံးမူမမှန်သည့် လက္ခဏာများ ဖြစ်ပေါ်လာသည့်အတွက်   လူစားလဲပေးရန် တောင်းဆိုပြီးနောက် ကော်တင်ဟိုနှင့် လူစားလဲခဲ့ခြင်း ဖြစ်သည်။

အဂူရိုအား အသင်းဆေး အဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ရာတွင်  နှလုံးမူမမှန်သည့် ရောဂါဖြစ်ပွားနေသည့် အတွက် နီးစပ်ရာဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပြီး ဆေးကုသမှု ခံယူခဲ့ရသည်။

လက်ရှိတွင်အဂူရို အနေဖြင့်    နှလုံးမူမမှန်သည့် ရောဂါကြောင့် နှလုံးအကူစက် တပ်ဆင်ရမည်ဖြစ်ပြီး နှလုံးအကူစက်  တပ်ဆင်ကစားရမည် ဆိုပါကလည်း    အသက်အန္တရာယ် ရှိလာနိုင်သောကြောင့်     ဆက်လက် ကစားလိုခြင်း မရှိတော့သည့်အတွက်  ကစားသမား ဘဝမှ   အပြီးတိုင် အနားယူရန်   ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဘောလုံးလောကအတွင်း  အေဂျက်အသင်းတွင် လက်ရှိကစားနေသည့် ခံစစ်ကစားသမား ဒါလေဘလိုင်းသည်လည်း  အဂူရိုကဲ့သို့  နှလုံးမူမမှန်သည့် ရောဂါဖြစ်ပွားခဲ့သော်လည်း လက်ရှိတွင်  နှလုံးအကူစက် တပ်ဆင်ပြီး ကစားနေခြင်းဖြစ်သည်။

အလားတူ ဇူလိုင်လအတွင်းက ဒိန်းမတ်အသင်းနှင့် ဖင်လန်အသင်းတို့ ကစားသော ပွဲစဉ်တွင် ဒိန်းမတ်အသင်း   ကွင်းလယ်ကစားသမား  အဲရစ်ဆင်သည်လည်း နှလုံးဖောက်ပြီး ကွင်းအတွင်း သတိလစ် မေ့မြောခဲ့သော်လည်း လက်ရှိတွင် နှလုံးအကူစက် တပ်ဆင်ပြီး  သက်သာလာသည့်အတွက်  ဘောလုံးလောကမှ အနားမယူဘဲ  ဆက်လက်ကစားရန် ပြင်ဆင်လျက်ရှိသည်။

သို့သော်   အဂူရိုအနေဖြင့်   ဘောလုံးဆက်လက် ကစားရန် မဖြစ်နိုင်တော့သည့် အခြေအနေများကြောင့် ကစားသမားဘဝမှ အနားယူရန် ဘာစီလိုနာအသင်းထံ အကြောင်းကြားထားပြီး  စာချုပ်ဖျက်သိမ်းမှုများကို အပြီးသတ်ပြုလုပ်သွားမည်ဖြစ်ကာ လာမည့်ရက်သတ္တပတ်အတွင်း  ကစားသမားဘဝမှ အနားယူကြောင်းကို  သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး   ကြေညာမည်ဖြစ်ကြောင်း သိရသည်။