မြန်မာပြည်ကြီး သာယာနေပြီ

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  နိုဝင်ဘာ  ၂၃ ရက်)

မြန်မာပြည်ကြီး သာယာနေပြီ

အကြမ်းဖက်အဖျက်သမားများကို လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် ဖမ်းဆီးရမိမှုများမှာ ရေတွက်လို့မကုန်နိုင်အောင်ပင် ဖြစ်လာနေသည်။ ဖမ်းဆီးရမိလျှင်လည်း သတင်းကွင်းဆက်များအရ ဖမ်းဆီးလို့မကုန်နိုင်အောင်ဖြစ်နေသည်။ အပြစ်မဲ့ပြည်သူတွေ ကိုသတ်၊ ရဟန်းတော်တွေကိုသတ်၊ ဆရာ၊ ဆရာမတွေကိုသတ်၊ ကျန်းမာရေးစောင့်ရှောက်နေသူတွေကိုသတ်၊ နိုင်ငံ့ဝန်ထမ်းများ ကိုသတ်နေသော အဖျက်လုပ်ရပ်ကို မည်သည့်ပြည်သူကမှ လက်မခံပါ။ တချို့သော အကြမ်းဖက်သမားတို့၏ အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်နေမှုကို ယင်းတို့၏ မိဘဆွေမျိုးများကပင် လက်ခံနိုင်ခြင်းမရှိသည့်အတွက် သူတို့၏ သားသမီးများကို အမွေပြတ် စွန့်လွှတ်နေကြပြီဖြစ်သည်။

အမှန်အားဖြင့် အကြမ်းဖက်သမားတို့သည်လည်း မြန်မာနိုင်ငံသားများပင်ဖြစ်ပေရာ အကြမ်းဖက် လမ်းစဉ်ကိုကျင့်သုံးကြမည့်အစား မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်သင့်သည်။ မှန်ကန်သောလမ်း ကြောင်းဆိုသည်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဖြစ်ပေါ်လာရခြင်း ဖြစ်ရပ်မှန်ကို သိသင့်သည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း အကြိမ်ပေါင်း မြောက်မြားစွာ ချပြရှင်းလင်း ခဲ့ပြီးဖြစ်သည်။ ဖြစ်ရပ်မှန်ကိုသိလျှင် အကြမ်းဖက်သတ်ဖြတ်မှုတွင် ပါဝင်ရန်အကြောင်း မရှိနိုင်ပေ။ လက်ရှိနိုင်ငံတော် အစိုးရသည် ဒီမိုကရေစီ စနစ်ကို တည့်မတ်ပေးပြီး ရှေ့လုပ်ငန်း(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ဖြင့် ပိုမိုကောင်းမွန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ လမ်းကြောင်းဖြစ်စေရေး ဆောင်ရွက်နေသော အစိုးရသာဖြစ်သည်။

NLD ပါတီဝင်များ၊ ဝန်းရံသူများနှင့်ဆက်နွှယ်သူများ အကြမ်းဖက်လမ်းစဉ်ကို အမှန်ထင်ပြီးလမ်းမှား ရောက်သွားရခြင်း၏ အကြောင်း အရင်းအစစ်အမှန်တရားခံအစစ်သည် NLDအစိုးရလက်ထက်က သန်းပေါင်းခြောက်ထောင်ကျော် အကုန်အကျခံကာ တည်ထောင် ထားခဲ့သော Facebook Team ကြောင့် ဖြစ်သည်။ ဒီမိုကရေစီစစ်စစ်အစိုးရဟု ကြွေးကြော်နေသော်လည်း ဒီမိုကရေစီ နည်းလမ်း မကျသော လုပ်ရပ် များကိုလုပ်ဆောင်ခဲ့သည်။ ထိုအဖွဲ့သည် တပ်မတော်ပိုင်းဆိုင်ရာ လူမှုကွန်ရက်မှန်သမျှကို ဖြတ်တောက်၊ ဖြုတ်ချပစ်သည်။ နိုင်ငံတော်အကျိုးကို ရှေးရှု၍ အချက်အလက်မှန်ထောက်ပြသူများ၏ ပြောဆိုချက်များကို အများ မသိစေရန် ကန့်သတ်ထားသည်။  NLD အစိုးရလုပ်သမျှဝန်းရံထောက်ခံသူများက အမှန်ချည်းထင် သွားတော့သည်။

ဥပမာအားဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုလုံးဝကျဆင်းစေသော ICJ တရားရုံးကိစ္စဖြစ်သည်။ ထိုကိစ္စသွားရောက်ဖြေရှင်းသည်ကို NLD ဝန်းရံသူများက ထောက်ခံမဆုံးတပြုံးပြုံးဖြစ်နေသည်။ မှားယွင်းသော ကိစ္စရပ်များကို အမှန်ထင်နေသည်မှာ ယခုတိုင်ဖြစ်နေ သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုရှိကြောင်း အကြိမ်ပေါင်း(၃၀)မက သတင်းထုတ်ပြန်ခဲ့သည်။ နောက်ဆုံးအဆင့် ကမ္ဘာသို့ပင်ချပြခဲ့သည်။ ထိုမဲမသမာမှုတွင် ပါဝင်သူများကိုယ်တိုင်က ခိုင်လုံသော အထောက်အထားဖြင့် ပြန်လည်ဖြေရှင်း ခြင်းမပြု နိုင်ခဲ့ပေ။ NLD နှင့်ဆက်နွှယ်နေသူများက ဤဖြစ်ရပ်မှန်ကိုသိအောင်မကြိုးစားဘဲ NLD လော်ဘီများ၏ စကားကို ယုံကြည်ခဲ့သဖြင့် အကြမ်းဖက်သမားများအဖြစ် ဘဝတုံးနေခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ချမှတ်ထားသည့်ရှေ့လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည် များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဆိုသည့်အတိုင်း လုပ်ဆောင်လျက်ရှိသည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများတွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့သူများအား အရေးယူ ဆောင်ရွက် ထားရှိမှု အခြေအနေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြည်သူများသို့ အသိ ပေးကြေညာခဲ့သည်။ ထိုကြေညာချက်တွင် အချက်အလက် ပြည့်ပြည့်စုံစုံ ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲဖြစ်ရပ်မှန်ကို ကမ္ဘာကပင်လက်ခံသိရှိပြီး အမေရိကန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ အစရှိသည်ဖြင့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ တဖွဲဖွဲလာရောက်လျက်ရှိကြသည်။ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်မှုများ၊ ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ကူညီမှုများပြုလုပ်နေပြီဖြစ်သည်။ ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့်ကား မိတ်ဆွေရင်းချာ အနီးကပ်ပူးပေါင်းဆောင်ရွက်မှု ခိုင်ခိုင်မာမာ တည်ဆောက်ထားပြီးဖြစ်သည်။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ဆောင်ရွက်ချက်များကို မြင်အောင်ကြည့်မည်ဆိုလျှင် နေ့စဉ်ကုသိုလ်ကောင်းမှုများသာ ပြုလျက် ရှိသည်ကိုမြင်ရမည်ဖြစ်သည်။ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက တိုင်းစစ်ဌာနချုပ် နယ်မြေများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများကို နေ့စဉ်ပြုလုပ်လျက်ရှိသည်။ နေ့ကြီးရက်ကြီး အခါကြီးများတွင် အလှူအတန်းများ ပြုလျက်ရှိသည်။ ထိုကုသိုလ် ကောင်းမှုများကြောင့် လူသားတို့အသက်များစွာကို သတ်ဖြတ်နေသော အကြမ်းဖက်သမားများ ကျဆုံးနေသလို ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုမှာလည်း ၂ ဒသမ ၅၅ ရာခိုင်နှုန်းသို့ကျဆင်းနေပြီဖြစ်သည်။ အနှစ်ချုပ် ဆိုရလျှင် မြန်မာနိုင်ငံ၏အခြေအနေမှာ တည်ငြိမ်မှု၊ သာယာမှုများ တစ်နေ့ထက်တစ်နေ့ တိုးတက်လာနေသည်မှာ လက်တွေ့မြင်နေရသော အမှန်တရားဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။