တမူးမြို့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ဆိုက်ရောက် (Arrival) ဗီဇာစစ်ဆေးရေးရုံးအား အကြမ်းဖက်သူ များက မီးရှို့ဖျက်ဆီး

နေပြည်တော်  နိုဝင်ဘာ  ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ဆိုက်ရောက် (Arrival )ဗီဇာစစ်ဆေးရေးရုံးအား ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၅ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ဈေးတန်း ရပ်ကွက်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးရှေ့ အာရှလမ်းမကြီး ပေါ်တွင် တည်ဆောက်ထားသည့် မြန်မာ-အိန္ဒိယနယ်စပ် လူဝင်/ထွက် စစ်ဆေးရေး ဂိတ်ရှိ ဆိုက်ရောက် (Arrival)ဗီဇာစစ်ဆေးရေးရုံးအား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အလျား ၃၀၊ အနံ ၁၀ ပေရှိ  RC တစ်ထပ်ဗီဇာစစ်ဆေးရေးရုံး၏  ပြတင်းတံခါးမှန်  ၆ ချပ်အား  အကြမ်းဖက်သူများက  ရိုက်ခွဲဖျက်ဆီး ဝင်ရောက်ပြီး  ရုံးခန်းအတွင်းရှိ ဖိုက်ဘာခုံများပေါ်သို့ ဓာတ်ဆီလောင်းကာ မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရုံးအတွင်း တပ်ဆင်ထားသည့်    ဝိုင်ယာကြိုးများ၊    ဖိုက်ဘာ ထိုင်ခုံ ၄ လုံးနှင့် ဗွီနိုင်းဆိုင်းဘုတ် တစ်ခုတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

အဆိုပါ စစ်ဆေးရေးရုံးအား ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်နိုင်ရေး လုပ်ငန်းစဉ်များနှင့်အညီ  မတ်လ ၁၀ ရက်နေ့မှစ၍ ယာယီပိတ်သိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ နိုင်ငံတော်ပိုင် မြန်မာ-အိန္ဒိယနယ်စပ်ရှိ ဆိုက်ရောက်(Arrival)ဗီဇာစစ်ဆေးရေးရုံးအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက် သမားများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။