တရုတ်နိုင်ငံက စမ်းသပ်သော အသံထက်အလွန်မြန်လက်နက် မကြုံစဖူးထူးကဲသည့် စွမ်းဆောင်ရည် ရှိဟုဆို

တရုတ်နိုင်ငံက ဇူလိုင်လတွင် အသံထက်အလွန်မြန် လက်နက်စနစ်တစ်ခုမှ နေ၍ ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ကြောင်းနှင့် မကြုံစဖူးထူးကဲ့သည့်စွမ်းဆောင်ရည် ရှိကြောင်း Financial Times သတင်းဌာနက နိုဝင်ဘာ ၂၂ ရက်တွင် ဖော်ပြထားသည်။

ထို့ပြင် မည်သည့်နိုင်ငံကမျှ မပိုင်ဆိုင်သေးသည့် စွမ်းဆောင်ရည်ရှိသော တရုတ်နိုင်ငံ၏ အသံထက် အလွန်မြန်လက်နက် စနစ်ကြောင့် ပင်တဂွန်စစ်ဌာနချုပ်ကလည်း အံ့အားသင့်သွားကြောင်း ထိုသတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

တရုတ်နိုင်ငံက ပစ်လွှတ်လိုက်သော အသံထက်အလွန်မြန် လေဟုန်စီးယာဉ်သည် အသံထက် ငါးဆမြန်သော နှုန်းဖြင့် သွားနေစဉ် တောင်တရုတ်ပင်လယ်အပေါ်၌ ဒုံးကျည်တစ်စင်းကို ပစ်လွှတ်စမ်းသပ်ခြင်း ဖြစ်ကြောင်း ထောက်လှမ်းရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူများ၏ ပြောဆိုချက်ကို ကိုးကား၍ အဆိုပါ သတင်းဌာနက ဖော်ပြထားခြင်း ဖြစ်သည်။

အဆိုပါ အသံထက် အလွန်မြန်လက်နက်စနစ်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်သည် ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်ဖြစ်နိုင်သည်ဟု စစ်ရေးဆိုင်ရာကျွမ်းကျင်သူ အချို့က ယုံကြည်ထားသည်။

ထို့ပြင် စစ်ဖြစ်ချိန်တွင် နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်သယ်ဆောင်နိုင်သော အသံထက် အလွန်မြန်လက်နက် စနစ်ကို ဟန့်တားမည့်ဒုံးကျည် ကာကွယ်ရေးစနစ်များ၏ စွမ်းရည်ကို အထိနာစေနိုင်ကြောင်း ကျွမ်းကျင်သူ အချို့က ယူဆထားသည်။

အကယ်၍ တရုတ်နိုင်ငံ၏ အသံထက်အလွန်မြန် လက်နက်စနစ်များ စမ်းသပ်မှုကို အတည်ပြုနိုင်ပါက ထိုနိုင်ငံသည် ကမ္ဘာဂြိုဟ်ပတ်လမ်းအတွင်း တိုက်ခိုက်မှုများကို လုပ်ဆောင်နိုင်သည့် နိုင်ငံဖြစ်လာမည် ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုများကို လုပ်ဆောင်နိုင်ခြင်းသည် အမေရိကန်နိုင်ငံကို ခြိမ်းခြောက်လာနိုင်သော အမြင့်ပျံဒုံးကျည်များကို ပစ်ချနိုင်သည့်   အမေရိကန်ပြည်ထောင်စု၏ ခေတ်ရှေ့ပြေးစွမ်းရည်များကို တုံ့ပြန်နိုင်မည့် နည်းလမ်းတစ်ရပ် ဖြစ်လာကြောင်း သိရသည်။

Ref: TST