အကြမ်းဖက်သမားတွေရဲ့ဘဝနိဂုံးချုပ်ခြင်းနဲ့ မိုဆူးမြို့ရဲ့တိုးတက်မှုနိဒါန်း

ကြိုဆိုပါတယ်။ မိမိတို့ရဲ့စားသောက်ဆိုင်လေးမှာ ကောင်းမွန်တဲ့အချိန်လေးတွေ ပိုင်ဆိုင်နိုင်ပါစေလို့   ဆန္ဒပြုပါတယ်။

မိမိတို့ပေးတဲ့ဝန်ဆောင်မှုအပေါ် လူကြီးမင်းတို့ရဲ့ သဘောထား မှတ်ချက်လေးတွေကိုလည်း ဝမ်းမြောက်စွာ လက်ခံပါတယ်။

ဒီစကားသံလေးတွေ ကတော့ မိုဆူးမြို့မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှ အပြာရောင် တောက်တောက်နဲ့  အဖြူရောင် ဝတ်စုံကိုဆင်မြန်းထားပြီး   အနီရောင် မျက်စိနဲ့ မျက်တောင် တဖျတ်ဖျတ်ခတ်ကာ စားသောက်ဆိုင်အတွင်း ဝင်လာသူမှန်သမျှကို ကြိုဆိုနှုတ်ဆက်နေတဲ့ စက်ရုပ်စားပွဲထိုးလေးရဲ့ စကားသံလေးတွေပါပဲ။

ဟုတ်ပါတယ်။ တစ်ချိန်က အကြမ်းဖက်သမားတွေရဲ့ လက်ချက်၊ ကိုယ်စားစစ်ပွဲဆင်နွှဲတဲ့ နိုင်ငံကြီးတွေရဲ့ လက်ချက်ကြောင့် ပြာပုံဘဝကို ရောက်ခဲ့ရဖူးတဲ့ အီရတ်နိုင်ငံ မိုဆူးမြို့ရဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ စက်ရုပ်စားပွဲထိုးတွေကို အသုံးပြုနေကြပါပြီ။

စက်ရုပ်စားပွဲထိုးတွေကို အသုံးပြုထားတဲ့ စားသောက်ဆိုင်ကတော့ မြေခွေးဖြူလို့ အဓိပ္ပာယ်ရတဲ့ နာမည်ပေးထားတဲ့ဆိုင်ပါ။ ဆိုင်ပိုင်ရှင်က  ဒေါက်တာရာမီအဗ္ဗဒယ် ရာမန်ဖြစ်ပြီး ဆိုင်ကိုဇွန်လကမှ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စုတို့၊ စပိန်တို့၊ ဂျပန်တို့မှာ စက်ရုပ်တွေ၊ ထိတွေ့မျက်နှာပြင် သုံးစားပွဲတွေ အသုံးပြုတာကို တီဗွီထဲမှာ တွေ့ဖူးမှာပါ။ ဒါကြောင့် မိုဆူးမြို့မှာလည်း အဲဒီလိုအခြေအနေဖြစ်အောင်ဖန်တီးဖို့ ကျွန်တော်ကြိုးစားနေတာ ဖြစ်ပါတယ်။ လို့ ဆိုင်ရှင်အဗ္ဗဒယ်ရာမန်က ပြောပါတယ်။

ဒီလိုမျိုးစားသောက်ဆိုင်မှာ စက်ရုပ်တွေကိုအသုံးပြုတာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်တွေမှာ မြင်ဖူးပါတယ်လို့ သွားဆရာဝန်တစ်ဦးလည်းဖြစ်တဲ့ အဗ္ဗဒယ်ရာမန်ကဆိုပါတယ်။

၂၀၁၄ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်ကြားမှာ အကြမ်းဖက်စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ISIS  အဖွဲ့ရဲ့  သိမ်းပိုက်ခံ မိုဆူးမြို့မြောက်ပိုင်းဟာ စစ်ပွဲကြောင့် ရရှိခဲ့တဲ့ အမာရွတ်တွေကို ဆေးထည့်နေရဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ညစာစားချိန်မှာတော့ အဲဒီစားသောက်ဆိုင်ရဲ့ ပုံမှန်ဖောက်သည်တွေဟာ အာကာသထဲမှာ ခရီးထွက်နေရ သလိုမျိုးခံစားရပြီး မွန်းကျပ်မှုတွေကနေ ခဏတာ လွတ်မြောက်နိုင်ပါတယ်။

နံရံတွေမှာ  ခြယ်မှုန်းထားတဲ့ ပန်းချီတွေက   ကမ္ဘာနဲ့တခြားဂြိုဟ်တွေကို အာကာသအတွင်း တစ်နေရာကနေ လှမ်းမြင်ရတဲ့ပုံစံမျိုး  ရေးဆွဲထားတာကြောင့် ဆိုင်အတွင်းမှာရှိတဲ့ စားသုံးသူတွေဟာ သူတို့အနေနဲ့   အာကာသယာဉ်ထဲကနေ ကမ္ဘာဂြိုဟ်ကိုပြန်မြင်နေရတဲ့ ခံစားချက်ရရှိစေမှာ အမှန်ပါပဲ။   မျက်နှာကြက်တွေကို ဆိုရင်လည်း တလက်လက်တောက်ပနေတဲ့ ကြယ်တွေနဲ့  အလှဆင်ထား ပြန်ပါသေးတယ်။

ဒီကြားထဲမှာမှ လည်စည်းပဝါကိုစည်းကာ    အနက်ရောင်ဘယ်ရီဦးထုပ်ကို ဆောင်းပြီး ဆိုင်အရှေ့နဲ့ အနောက်ကိုလူးလာ တုံ့ခေါက်သွားလို့ အမှာတွေကိုစားပွဲဝိုင်းတွေ ဆီပို့ပေးနေတဲ့ စက်ရုပ်စားပွဲထိုး နှစ်ယောက်ကြောင့် စားသောက်ဆိုင်လေးဟာ အာကာသခရီးသွားတဲ့ ယာဉ်ပုံစံအဖြစ်ကို ပိုမိုပီပြင်စေပါတယ်။ စားပွဲဝိုင်းတွေအနီးကို စက်ရုပ်တွေ ရောက်လာတာနဲ့   စားသုံးသူတွေဆီက စမတ်ဖုန်းတွေထွက်လာပြီး ကလေးငယ်တွေကို စက်ရုပ်တွေနဲ့တွဲကာ အမှတ်တရ ဓာတ်ပုံရိုက်ကြတာတွေကလည်း ပျော်စရာကောင်းနေပါသေးတယ်။

ဒီလိုစားပွဲထိုးပေးနေတဲ့ စက်ရုပ်တွေကို ပြည်ပကနေ တင်သွင်းထားတာလို့ ဆိုင်ရှင်အဗ္ဗဒယ်ရာမန်က ပြောပေမယ့် ဘယ်နိုင်ငံကနေ တင်သွင်းထားတာလဲဆိုတာကိုတော့ ထုတ်ဖော်ပြောခြင်း မရှိပါဘူး။

ထို့အပြင် စားသောက်ဆိုင်အတွင်းမှာ ရှိတဲ့အရာရာတိုင်းက ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြုထားတာဖြစ်ပြီး အဲဒီထဲမှာရရှိနိုင်တဲ့ စားသောက်ဖွယ်ရာစာရင်းတွေ တစ်ပါတည်းပါရှိတဲ့  ထိတွေ့မျက်နှာပြင်သုံးစားပွဲဝိုင်း ၁၅ ဝိုင်းလည်း အပါအဝင်ဖြစ်ပါတယ်။

မိုဆူးတက္ကသိုလ်မှ စက်ရုပ်ပညာအပြင် အမျိုးမျိုးသောအင်ဂျင်နီယာပညာရပ်တွေကို ပေါင်းစပ်ထားတဲ့ စက်မှုဌာနမှ ပညာရှင်အဖွဲ့တစ်ဖွဲ့ကလည်း အဲဒီစားသောက်ဆိုင်အတွက် အစီအစဉ်ရေးဆွဲခြင်းနဲ့ ကွန်ရက်တစ်ခုနဲ့ ဆာဗာတစ်ခုတို့ ချိတ်ဆက်ခြင်းတို့ကို ဆောင်ရွက်ပေးထားပါတယ်။

အဲဒီစားသောက်ဆိုင်မှာ စက်ရုပ်စားပွဲထိုးတွေကို အသုံးပြုထားပေမယ့် လူသားစားပွဲထိုးတွေလည်း ခန့်ထားသေးတာကို တွေ့ရပါတယ်။ လူငယ်စားပွဲထိုးလေးယောက်က စက်ရုပ်တွေဆီက  ပန်းကန်တွေကို ယူတယ်။ ပြီးတော့ စားသုံးသူတွေရှေ့မှာ ရှိတဲ့စားပွဲပေါ်ကို ချပေးပြီး ဝန်ဆောင်မှုပေးနေတာပါ။

ကျွန်တော်ဆိုရင် ပြည်ပခရီးတွေကို သွားဖူးပါတယ်။ တူရကီ၊ ဂျော်ဒန်၊ ဆော်ဒီတို့လို့ နိုင်ငံတွေမှာ ဒီလိုမျိုးစက်ရုပ်စားပွဲထိုးနဲ့ ဝန်ဆောင်မှုပေးတာ  တစ်ခါမှမမြင်ခဲ့ဖူးပါဘူးလို့ အသက် ၅၀ ဝန်းကျင်ရှိတဲ့ အမျိုးသားတစ်ဦးက သူ့ရဲ့ဇနီးနဲ့အတူ ပျော်ရွှင်စွာ ညစာသုံးဆောင်ရင်း ပြောသွားပါတယ်။

တကယ်တမ်းကျတော့   အီရတ်လိုနိုင်ငံမျိုး၊ အတိအကျပြောရရင် အကြမ်းဖက်စစ်သွေး ကြွ အဖွဲ့တွေရဲ့ခြေကုပ်နေရာ ဖြစ်ဖူးတဲ့ မိုဆူးလိုမြို့ရဲ့ စားသောက်ဆိုင်တစ်ခုမှာ အခုလိုစက်ရုပ်စားပွဲထိုးတွေကို အသုံးပြုနိုင်မယ်ဆိုတာ ဘယ်သူမှမမျှော်လင့်ခဲ့ကြပါဘူး။

အခုတော့ ဘယ်သူမှမမျှော်လင့်ခဲ့ဖူးတဲ့ အရာက  မိုဆူးမြို့ခံပြည်သူတွေရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါပြီ။ ဒီလိုဖြစ်လာရခြင်းရဲ့ အကြောင်းပြချက် တစ်ခုက ဘာကြောင့်ပါလဲ။

အကြမ်းဖက်သမားတွေ၊ စစ်သွေးကြွတွေကင်းဝေးလို့၊ ဘယ်အချိန်ဘယ်နေရာမှာ ဗုံးကွဲလေမလဲဆိုတဲ့    ကြောင့်ကြစိတ်ကင်းကင်းနဲ့   သွားလာနေထိုင်နိုင်လို့၊ နောက်ဆုံးကုန်ကုန်ပြောရရင် သူတို့ရဲ့နယ်မြေဒေသ လေးတည်ငြိမ်အေးချမ်းသွား ခြင်းကြောင့်ဖြစ်ပါတယ်။

ပြည်သူစစ်စစ်တွေဟာ အေးချမ်းမှုကြောင့် ရတဲ့ပျော်ရွှင်မှုကိုသာ လိုလားတောင့်တကြတာပါ။ ဒီလိုအေးချမ်း ပျော်ရွှင်မှုတွေရရှိဖို့ ဆိုရာမှာလည်း ထင်ရာမြင်ရာဗုံးခွဲလူသတ်လုပ်နေတဲ့ အကြမ်းဖက်စစ်သွေးကြွတွေ ကင်းဝေးမှသာဖြစ်နိုင်ပါတယ်။

အခုဆိုရင် မိုဆူးမြို့လေးမှာ အကြမ်းဖက်သမားတွေ ဘဝနိဂုံးချုပ်သွားပြီလို့ဆိုနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ မိုဆူးမြို့ လေးရဲ့  ဖွံ့ဖြိုးတိုးတက်မှု နိဒါန်းကလည်း စတင်ခဲ့ပါပြီ။

ဒါကြောင့် ဘယ်နေရာမှာမှ ကောင်းကျိုးမပေးတဲ့ အကြမ်းဖက်သမားတွေ၊ စစ်သွေးကြွတွေကို ပြည်သူတွေကိုယ်တိုင် တာဝန်ရှိသူတွေနဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်ခြင်း အားဖြင့် လိုချင်တဲ့ အေးချမ်းပျော်ရွှင်မှု၊ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ကြဉ်းနိုင်ကြစေဖို့ တိုက်တွန်းရေးသား လိုက်ရပါတယ်။  ။