သားသမီးတို့ အနာဂတ်အရေး

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  နိုဝင်ဘာ  ၂၅ ရက်)

သားသမီးတို့ အနာဂတ်အရေး

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းဆောင်ရွက်နေသော NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော်အား လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသောကြောင့် ပြည်သူအများ ကျေနပ် ဝမ်းသာနေကြသည်။ ဖမ်းဆီးရမိသောနေ့က နိုဝင်ဘာ၁၈ ရက်ဖြစ်ပြီး နောက်တစ်နေ့ဖြစ်သော နိုဝင်ဘာ ၁၉ ရက်တွင်လည်း မောင်ကျော်(ခ) ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံများနှင့် လက်နက်၊ ခဲယမ်းများထပ်မံဖမ်းဆီးရမိပြန်သည်။ နိုဝင်ဘာ၈ ရက်တွင်  မကွေးတိုင်းဒေသကြီးအတွင်း  အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသော ဗိဿနိုး PDF အဖွဲ့တာဝန်ခံ ဝင်းမြင့်လှိုင် ( NLD ပါတီ တောင်တွင်းကြီးမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း) အား ဖမ်းဆီးရမိ ကြောင်း နိုဝင်ဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၂၃ ရက်သတင်းစာများတွင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏စေခိုင်းချက်အရ  NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော်မှ လက်နက်ခဲယမ်းများထုတ်ပေး၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ခဲ့မှုအချို့အား ဆက် လက် ဖော်ထုတ်ရရှိပြန်သည်။ နောက်ရက်များတွင်လည်း အဆိုပါ NLD ပါတီဝင်အကြမ်းဖက်သမားတို့၏ ကွင်းဆက်အများ အပြားကို ဆက်လက်ဖမ်းဆီးမိနေမည်မှာ သေချာသည်။ နိုင်ငံတော်အစိုးရသည် စေတနာမှန်မှန်ဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက် သာယာ အေးချမ်းရေးကို ဆောင်ရွက်နေသည်ဖြစ်၍ ဓမ္မတရားများက အဓမ္မများကို လွှမ်းမိုးနေလေပြီ။ အကြမ်းဖက် အဖျက်သမား တို့သည် ကား တစ်နေ့တခြား ကျဆုံးလာနေပြီဖြစ်သည်။

အကြမ်းဖက်အဖွဲ့အစည်းဝင်များကို ဖမ်းဆီးမိတိုင်း လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးမိလျက်ရှိသည်မှာ မူးယစ်ဆေးဝါးများ ဖြစ်သည်။ လူငယ်တို့ကို မူးယစ်ဆေးဝါးစွဲအောင်လုပ်ဆောင်ပြီး အကြမ်းဖက်မှုများ လုပ်ဆောင်ခိုင်းနေခြင်းဖြစ်သည်။ NUG၊ CRPH တို့သည် လူငယ်များ၏ဘဝကို အဆုံးထိရောက်အောင် ဖျက်ဆီးနေကြသည်။ PDF ဟူသောအမည်တပ်ကာ လူသတ်ခိုင်းနေကြသည်။ လူငယ်တို့၏ ကောင်းမွန်သော အကျင့်စာရိတ္တကိုဖျက်ဆီးနေသည်။ ယခုရက်အတွင်း လူမှုကွန်ရက်တွင် လူအများစိတ်အဝင်စားဆုံး ဖြစ်ရပ်တစ်ခုရှိသည်။ ထိုဖြစ်ရပ်မှာ သားဖြစ်သူက အမေကိုဒလန်ဟုသတ်မှတ်ကာ သတင်းပေးခြင်းဖြစ်သည်။ ကျောက်ပန်းတောင်း ဟစ်တိုင်(အစစ်အမှန်)တွင် Min thant Aung တင်ထားသည်မှာ “မိုးမခအထည်ဆိုင်နောက်ကအိမ်က မိန်းမကြီးက ဒလန် အကြီးစားပါ ဒေါ်အေးအေးခိုင်(ခ)အမုန်း” ဆိုပြီးတင်ထားသည်။ လူများစွာကရှယ်ထားသည်။ Comments များလည်း ရေးကြသည်။ Comments တစ်ခုတွင် Daw Aye Aye Khine ကဝင်မန့်ထားသည်မှာ အခုတင်တာ ကျွန်မသားပါ၊ ဆေးကြောင်ပြီး အမွေတောင်း တာမပေးလို့ အခုလိုလျှောက်ရေးတာပါ ဟူ၍ တွေ့လိုက်ရသည်။

မိဘကိုပင် ငရဲကြီးမှာမကြောက် မိဘကိုမိဘမှန်း မသိကြတော့။ မိဘကိုစိတ်ချမ်းသာအောင်ထားသော သားသမီးများသည် မည်သည့် အခါမျှ ဆင်းရဲလိမ့်မည်မဟုတ်ကြောင်း ဆရာတော်တို့ အထပ်ထပ်ဟောကြားသည်။ မိဘကိုအနန္တောအနန္တ ဂိုဏ်းဝင်အဖြစ် သတ်မှတ် ထားသည်။ NUG၊ CRPH ဆိုသည့် တရားခံပြေး၊ အကြမ်းဖက်သမားတို့သည် ဒေဝဒတ်လမ်းစဉ်လိုက်ကာ လူငယ်လူရွယ်များကို လမ်းမှားသို့ပို့ဆောင်ခဲ့ကြသည်။ NUG၊ CRPH ဖောက်ထားသော အကြမ်းဖက်လမ်းမှ လွတ်ထွက်မသွားစေရန်အတွက် လူငယ်များကို မူးယစ်ဆေးဝါး တိုက်ကျွေးထားသည်။ ဆေးစွဲအောင်ပြုလုပ်ပြီး လူသတ်ခိုင်းနေခြင်းကို ဖမ်းဆီးရမိသော ဖြစ်စဉ်တိုင်းတွင် ကြားသိ နေရသည်။ လက်နက်ခဲယမ်းများနှင့်အတူ မူးယစ်ဆေးဝါးများဖမ်းဆီးရမိသည်။

လူတစ်ယောက်ကိုသတ်ချင်လျှင် ဒလန် ဟုစွပ်စွဲလိုက်ကြသည်။ ကလေးများကို မူးယစ်ဆေးဝါးတိုက်ကျွေးကာ သတ်ခိုင်းလိုက် ကြသည်။ အထက်တွင်ဖော်ပြခဲ့သောဖြစ်ရပ်သည် အမေဖြစ်သူက ခေတ်မီကာ သတင်းကိုအချိန်နှင့်အမျှဖတ်ရှုနေ၍သာ Comments တွင် အချိန်မီရေးလိုက်နိုင်သည်။ ထိုအမေ၏စိတ်ထဲတွင် မိမိသားသမီးအတွက် မည်မျှရင်ထုမနာဖြစ်နေမည်ကို မိခင်မှတစ်ပါး အခြားသူများမသိနိုင်ပေ။  CRPH၊ NUG၊ PDF အကြမ်းဖက်အဖွဲ့တို့၏ လုပ်ရပ်သည် မျိုးဆက်သစ်တို့ဘဝကို ဖျက်ဆီးနေသည့်အပြင် မြန်မာ့ယဉ်ကျေးမှုကို တိမ်မြုပ်ပျောက်ကွယ်သွားအောင် လုပ်ဆောင်နေခြင်းဖြစ်သည်။ အထူးထင်ရှားသောအချက်မှာ ဗုဒ္ဓဘာသာ ရဟန်း သံဃာတော်များကိုလုပ်ကြံခိုင်းနေခြင်းဖြစ်သည်။ အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခြင်းကြောင့် ရဟန်းသံဃာတော် ၁၃ ပါးပျံလွန်တော်မူခဲ့ကြောင်း တရားဝင်သတင်း ထုတ်ပြန်ထားသည်။

ရဟန်းသံဃာများကို အကြောင်းမဲ့ရက်စက်စွာ သတ်ရဲသောစိတ်သည် မူးယစ်ဆေးဝါးကြောင့်သာဖြစ်ပေမည်။ သို့တည်းမဟုတ် ငွေကြေးအဆမတန် ပေးခိုင်း၍လည်းဖြစ်မည်။ လမ်းမှားရောက်နေသော လူငယ်တို့က ငွေကြေးရလျှင် မူးယစ်ဆေးဝါးဝယ်သုံးမည်။ မူးယစ်ဆေးဝါးအတွက် ငွေရအောင်ရှာဖွေမည်။ ငွေရရှိရေးအတွက် ဆရာလည်းမထား၊ မိဘလည်းမထား သတ်ရန်ဝန်မလေးသော မကောင်းစိတ်များလွှမ်းမိုးသွားကြသည်။  CRPH၊ NUG၊ PDF အကြမ်းဖက်အဖွဲ့တို့၏လုပ်ရပ်သည် မျိုးဆက်သစ်လူငယ်များ လုံးဝ ဥဿုံပျက်စီးရေးဖြစ်သည်။ အနှစ်ချုပ်ဆိုရလျှင် မိဘများအနေဖြင့် မိမိတို့သားသမီးများကို လမ်းမှန်သို့ ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ကြပါရန် မေတ္တာရှေ့ထားရေးသားလိုက်ရပေသည်။   ။