“စောင့်စည်းအာရုံမြတ်သည့်ဂုဏ်'' ဇာတ်တော်ကြီး ဇာတ်တိုက် လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး

“စောင့်စည်းအာရုံမြတ်သည့်ဂုဏ်'' ဇာတ်တော်ကြီး ဇာတ်တိုက် လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော်  နိုဝင်ဘာ  ၂၄

တိမ်မြုပ်ပျောက်ကွယ်လုဖြစ်သော မြန်မာ့သဘင်မှု၏ အမွေအနှစ် တစ်ရပ်ဖြစ်သည့် ဆို၊ ငို၊ ပြော ဇာတ်တော်ကြီးများကို ပြန်လည်ဖော်ထုတ် တင်ဆက်ကပြရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနသည် ဇာတ်စာရေး ဆရာကြီး နန်းညွန့်ဆွေ(မန္တလေး)ရေးသား စီစဉ်တင်ဆက်သည့် ''စောင့်စည်းအာရုံမြတ်သည့်ဂုဏ်'' ဆို၊ ငို၊ ပြော ဇာတ်တော်ကြီးကို နေပြည်တော်ရှိ လေ့ကျင့်ရေး ဇာတ်ရုံတွင် ဇာတ်တိုက် လေ့ကျင့်လျက်ရှိသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်နေမှုကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများသည် ယနေ့ ညနေ ၃ နာရီတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။

''စောင့်စည်းအာရုံမြတ်သည့်ဂုဏ်'' ဇာတ်တော်ကြီးတွင် မင်းသား တက္ကသိုလ်အားမာန်၊ မင်းသမီး ဝေဖူးငယ်နှင့် အနုပညာ ဦးစီးဌာန ထုတ်လုပ်ဌာနခွဲမှ အနုပညာရှင် ဝန်ထမ်းများပါဝင်ကြပြီး ဇာတ်ပို့ဆိုင်းအဖြစ် ရွာစား နိုင်လင်းဗိုလ်ဆိုင်းအဖွဲ့က    တီးခတ်ပံ့ပိုး ပေးထားကြောင်း သိရသည်။