ထာဝစဉ်ရှင်သန်နေမည့် စစ်မှုထမ်းဟောင်းအဖွဲ့

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  နိုဝင်ဘာ  ၂၆ ရက်)

ထာဝစဉ်ရှင်သန်နေမည့် စစ်မှုထမ်းဟောင်းအဖွဲ့

မြန်မာနိုင်ငံတွင် ထူးခြားသော အရေးကိစ္စရပ်များ ပေါ်ပေါက်လာတိုင်း နိုင်ငံအတွက် မားမားမတ်မတ်ရပ်တည်နေသည်မှာ တပ်မတော် သာဖြစ်သည်။ တပ်မတော်သည် ကျစ်လျစ်ခိုင်မာ၍ စည်းလုံးညီညွတ်သော အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံနှင့်လူမျိုးကို ထိလျှင် မချိအောင်နာတတ်သော မျိုးချစ်စိတ်ဓာတ်အခြေခံကာ ဖြစ်တည်လာခဲ့သော တပ်မတော်ဖြစ်သည်။ ရဲဘော်သုံးကျိပ်မှ စတင် သော ဗမာ့လွတ်လပ်ရေး တပ်မတော်မှ ယနေ့တိုင်တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်ခဲ့သည်မှာ သမိုင်းတွင် ထင်ရှားသော ဂုဏ်ရည်ဖြစ်သည်။

နယ်ချဲ့လွတ်မြောက်ရေးတိုက်ပွဲများ၊ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲများမှ လွတ်လပ်ရေးရရှိသည်အထိ တပ်မတော်သည် ပြည်သူနှင့် လက်တွဲကာ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ လွတ်လပ်ရေးရပြီးသည့်နောက် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော သောင်း ကျန်းသူမျိုးစုံကို တိုက်ပွဲပေါင်းများစွာဖြင့် တိုက်ထုတ်ခဲ့ရသည်။ ပြည်တွင်းသောင်းကျန်းမှုသာမက ပြည်ပကျူးကျော်မှုများကို တိုက်ပွဲပေါင်းများစွာဖြင့် တိုက်ထုတ်အနိုင်ယူနိုင်ခဲ့၍ ယနေ့တိုင်မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ကမ္ဘာ့ အလယ်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေထိုင်နိုင်ခြင်း ဖြစ်သည်။

မြန်မာ့သမိုင်းကြောင်းဖြစ်စဉ်များအရ တပ်မတော်သည်နိုင်ငံအတွက်သာဖြစ်ခဲ့သည်။ တပ်မတော်သို့ ဝင်ရောက်အမှုထမ်းသူများသည် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်ဟူသော စိတ်ဓာတ်ဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။ ခေတ်အဆက်ဆက် တပ်မတော်သားတို့ တာဝန်ကျေပွန်ခဲ့ကြသည်။ မြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးရိုးမဒေသ၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင်ရှိနေသော သောင်းကျန်းသူများစွာကို တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ရင်းနယ်မြေ ဒေသအေးချမ်းအောင် လုပ်ဆောင်ခဲ့ရသည်။ ထိုတိုက်ပွဲပေါင်းများစွာသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ နှင့်နိုင်ငံတော်၏ အနာဂတ်ကို တစ်မျိုးတစ်ဖုံပြောင်းလဲစေနိုင်သည့် တိုက်ပွဲကြီးများဖြစ်သည်။

တိုက်ပွဲပေါင်းများစွာကို ပါဝင်ဆင်နွှဲခဲ့ရသော တပ်မတော်သားတို့သည် အသက်အရွယ်နှင့်အချိန်ကာလ အရတပ်မတော်တွင် တာဝန် ကျေပွန်စွာထမ်းဆောင်ပြီးသောအခါ အနားယူကြရသည်။ ထိုသူများကိုစစ်မှုထမ်းဟောင်းများအဖြစ် တစုတစည်းတည်း ပြန်လည် စုဖွဲ့ထားသည်။ ထိုအဖွဲ့အစည်းကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဟူ၍ ခေါ်တွင်သည်။ စစ်မှုထမ်းဟောင်းတို့သည် နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးပြီးသူများ ဖြစ်သည်။ ပါးစပ်ဖြင့်သာ တိုင်းပြည်မချစ်ဘဲ အလုပ်ဖြင့် လက်တွေ့ချစ်ကြသူများဖြစ်ခဲ့သည်။ ဆက်လက်၍ တိုင်းပြည်နှင့် လူမျိုးကို ချစ်နေကြမည်မှာအမှန်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော်အဖြစ် ဦးဆောင် တည်ဆောက် နေပါသည်။ တပ်မတော်(ကြည်း၊ ရေ၊ လေ) ၏ စွမ်းရည်အဆင့်အတန်းများမှာလည်း မိမိနိုင်ငံကို မိမိတို့ပိုင်ပိုင်နိုင်နိုင် ကာကွယ်နိုင် သည်အထိ စွမ်းရည်ပြည့်ဝလျက်ရှိသော အခြေအနေကောင်းကို ပိုင်ဆိုင်ထားပါသည်။ တပ်မတော်မှတာဝန်ကို ကျေပွန်စွာ ထမ်း ဆောင်၍ အငြိမ်းစားယူသွားသူများအတွက် စစ်မှုထမ်းဟောင်းအိမ်ရာများ တည်ဆောက်ပေးထားသည်မှာ စစ်မှုထမ်းဟောင်း မိသားစုများအတွက် ဝမ်းသာဖွယ်ဖြစ်သည်။ တပ်မတော်သားများနှင့် စစ်မှုထမ်းဟောင်းများ၏ သားသမီးများပညာရေးအတွက်လည်း စဉ်ဆက်မပြတ်ချီးမြှင့်ပေးလျက်ရှိသည်။

စစ်မှုထမ်းဟောင်းများအနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးလုပ်ငန်းများ၊ နိုင်ငံတော်အကျိုးပြုလုပ်ငန်းများမှသည် အခြားသော လုပ်ငန်းများတွင်လည်း ပါဝင်လုပ်ဆောင်ပေးရန် အသင့်ရှိနေကြပြီးနယ်မြေဒေသများအလိုက် ကျရာတာဝန်များကို ထမ်းဆောင်နေကြသည်။ တပ်မတော်သို့ ဝင်ရောက်အမှုထမ်း ပြီးမြောက်သူများသည် တစ်ခါစစ်သားဖြစ်ခဲ့သည်နှင့်သူတို့စိတ်တွင် ခံယူထားသည်မှာ အမြဲတမ်းစစ်သား စိတ်ရှိနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ခိုင်မာသော တပ်မတော်တစ်ရပ်ရှိနေခြင်း၊ ယုံကြည်ချက် ပြည့်ဝသော စစ်မှုထမ်းဟောင်းများ ရှိနေခြင်းသည် နိုင်ငံအတွက်ကောင်းသော ဆုလာဘ်ဖြစ်သည်။

ယနေ့စစ်မှုထမ်းဟောင်းများသည် တစ်ချိန်ကနိုင်ငံအတွက် စွန့်လွှတ်စွန့်စားစိတ်ဖြင့် တိုက်ပွဲဝင်ခဲ့ကြသူများဖြစ်သည်။ သူတို့သည် စိတ်ဓာတ်ကောင်းခဲ့ကြသည်။ စည်းကမ်းကိုတိကျစွာလိုက်နာခဲ့ကြသည်။ နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာရှိခဲ့ကြသည်။ အချင်းချင်း စည်းလုံးမှုဖြင့် ရန်အပေါင်းကိုအောင်မြင်အောင် စွမ်းဆောင်ခဲ့ကြသည်။ စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည် ဟူသော စွမ်းရည်သုံးရပ်နှင့်ပြည့်စုံခဲ့ကြသည်။ တပ်မတော်သားဘဝတွင် နေ့စဉ်ရွတ်ဆိုခဲ့ရသော သစ္စာလေးချက်နှင့်အညီ စစ်သား ကောင်းတစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံပြီး တပ်မတော်၏ဂုဏ်ကို ကျေပွန်စွာ မြှင့်တင်ခဲ့ကြသူများဖြစ်သည်။ ထိုတပ်မတော် သား၊ စစ်သားကောင်း၊ စစ်မှုထမ်းဟောင်းများသည် နိုင်ငံတော်အတွက်ထာဝစဉ် ရှင်သန်နေနိုင်ပါစေကြောင်း ရေးသားလိုက်ရပေ သည်။   ။