ဝါးဖြင့်ပြုလုပ်သော အသုံးအဆောင်ပစ္စည်းများနှင့် အလှဆင်ပစ္စည်းများ ပြန်လည်အရောင်းသွက်

ဝါးဖြင့်ပြုလုပ်သော အသုံးအဆောင်ပစ္စည်းများနှင့် အလှဆင်ပစ္စည်းများ ပြန်လည်အရောင်းသွက်

ရန်ကုန်၊ ဈေးကွက်စီးပွားရေး

ဟိုတယ်များ၌ အသုံးများသော ဝါးဖြင့် ပြုလုပ်သည့်  အသုံးအဆောင်ပစ္စည်းများ နှင့်  အလှဆင်ပစ္စည်းများ  ယခုရက်ပိုင်း အတွင်း   ပြန်လည်အရောင်းသွက်လာ ကြောင်း သိရသည်။ ဝါးလက်မှုပစ္စည်း ထုတ်လုပ်သော လုပ်ငန်းများအနေဖြင့် ပြည်တွင်းသာမက ပြည်ပဈေးကွက်သို့လည်း ဈေးကွက်ချဲ့ထွင် တင်ပို့နိုင်ရန် ယခင်ကထက် ပိုမိုဆန်းသစ် တီထွင်ထုတ်လုပ်လာကြသည်။

ယခင်က ပြည်တွင်း၌ အသုံးပြုရန် ဝါး ဖြင့်ပြုလုပ်သော ဆန်ကော၊ ဆန်ခါ၊ တောင်း နှင့် တခြားလူသုံးကုန်ပစ္စည်းများကို အဓိက ထားထုတ်လုပ်ကြပြီး ယခုအခါ ပြည်တွင်း သုံးဝါးလက်မှုပစ္စည်းများသာမက ပြည်ပသို့ တိုးချဲ့တင်ပို့နိုင်ရေး ဝါးဖြင့်ပြုလုပ်သော    အသုံးအဆောင်ပစ္စည်းများနှင့် အလှဆင်ပစ္စည်းများကိုလည်း တီထွင်ထုတ်လုပ်လာကြသည်။

ဝါးလက်မှုပစ္စည်း   ထုတ်လုပ်သော လုပ်ငန်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ရောင်းအားကျဆင်းခဲ့သော် လည်း ကိုဗစ်- ၁၉ ရောဂါကာလအလွန်တွင် ရောင်းအားပြန်လည်မြင့်တက်လာ မည်ဟုမျှော်မှန်းထားပြီး ဝယ်ယူသုံးစွဲသူများ အတွက် ပိုမို အသုံးတည့်စေရန်နှင့် အမြင်ဆန်းပြားမှုရှိစေရန် လက်မှုဒီဇိုင်းသစ်များ တီထွင်ထုတ်လုပ်လျက်ရှိကြောင်း ရန်ကုန်မြို့ရှိ    ဝါးလက်မှု ပစ္စည်းထုတ်လုပ်သော လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 ပြည်တွင်း၌   ဝါးလက်မှုပစ္စည်းများ ထုတ်လုပ်ရာတွင်  အသုံးပြုနိုင်သော  ဝါး အမျိုးအစားပေါင်း ၃၀ နီးပါးရှိပြီး နေရာ ဒေသအလိုက် ထွက်ရှိသည့် ဝါးပင်အမျိုး အစားပေါ်မူတည်ကာ ဝါးလက်မှုပစ္စည်း များပြုလုပ်ရာတွင်အသုံးပြုသော ဝါးကုန်ကြမ်းများလည်း ကွဲပြားမှု ရှိကြောင်း သိရသည်။

ဆောင်းဦး