လူသားတွေအပါအဝင် သတ္တဝါတွေ အားလုံး၊ ဒြပ်ရှိအရာတွေအားလုံးဟာ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်ဖို့အတွက် အစာအာဟာရ လိုအပ်ပါတယ်။ တစ်နည်းဆိုရရင် လောင်စာပေါ့။
ဥပမာ သတ္တဝါတွေ အတွက်ဆိုရင် အစာရေစာလိုအပ်တယ်။ သစ်ပင်တွေ အတွက်ဆိုရင် နေရောင်ခြည် လိုအပ်တယ်။ စက်ပစ္စည်းကိရိယာတွေဆိုရင် လည်ပတ်ဖို့အတွက် စွမ်းအင်လိုအပ်ပါတယ်။
အဲဒီလို လောင်စာလိုအပ်တယ်ဆိုတိုင်းလည်း အလွန်အကျွံ မဖြစ်စေဖို့ ဂရုစိုက်ရပါသေးတယ်။ အလွန်အကျွံ မဖြစ်စေဖို့ ဆိုရာမှာ လောင်စာရရှိမှုနည်းလွန်းတာ၊ များလွန်းတာကိုဆိုလိုတာပါ။ ဒီလိုလောင်စာရရှိမှုနည်းလွန်း၊ များလွန်းရင် လည်း လုပ်ရမယ့်လုပ်ငန်းဆောင်တာတွေကို ပုံမှန်မလုပ်နိုင်တော့ပါဘူး။
အခုဆိုရင် ကမ္ဘာကြီးမှာရှိတဲ့ လူဦးရေသန်းပေါင်း ၇၉၀၀ အနက် ထက်ဝက်နီးပါးက အစားအစာ အလွန်အမင်းစားသုံးခြင်း ဒါမှမဟုတ် အစားအစာလောက်ငမှု မရှိခြင်းတို့ကြောင့် အာဟာရ ညီညွတ်မျှတမှု မရှိဘူးလို့ မကြာသေးမီက ထုတ်ပြန်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ သုတေသနတစ်ခုမှာ ဖော်ပြထားတာတွေ့ရပါတယ်။
အဲဒီလိုအာဟာရ ညီညွတ်မျှတမှုမရှိခြင်းက လူသားတွေအတွက် သာမက ကမ္ဘာကြီးကိုပါ အန္တရာယ်ပေးနေတဲ့ အကြောင်းကိုလည်း သူတို့ရဲ့သုတေသနမှာ ဖော်ပြထားပါသေးတယ်။
သုတေသနအမည်ကတော့ တစ်ကမ္ဘာလုံးဆိုင်ရာ အာဟာရတင်ပြချက်(GNR)ဖြစ်ပြီး နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်လည်းဖြစ်ပါတယ်။ သူက အာဟာရနဲ့ ဆက်စပ်ကျန်းမာရေး ပြဿနာတွေကို စစ်တမ်းကောက်ယူသရုပ်ခွဲ ဖော်ပြတဲ့ အစီရင်ခံစာတစ်စောင်ပါ။
လက်ရှိနောက်ဆုံး ထုတ်ပြန်ချက်အရဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ၄၈ ရာခိုင်နှုန်းက အစားအစာစားသုံးမှု အလွန်နည်းပါးခြင်းနဲ့ အလွန်များပြားခြင်းတို့ကြောင့် အဝလွန်ခြင်းနဲ့ ရှိသင့်တဲ့ ပုံမှန်ကိုယ်အလေးချိန်ထက်နည်းတဲ့ လူကောင်ညှက်ခြင်းတို့ ဖြစ်နေရတယ်လို့ ဆိုပါတယ်။
ဒီနှုန်းအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားတဲ့ အာဟာရရည်မှန်းချက် ၉ ရပ်အနက် ရှစ်ခုကိုရရှိနိုင်မှာ မဟုတ်ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီရည်မှန်းချက်တွေထဲမှာ ကလေးငယ်တွေ လုံးပါးပါးခြင်း (အရပ်အမြင့်နဲ့နှိုင်းယှဉ်ရင် ပိန်လွန်းခြင်း)နဲ့ လှီခြင်း (အသက်ကြီးသော်လည်း အရပ်မထွက်ခြင်း) တို့အပြင် အရွယ်ရောက်ပြီးသူတွေမှာ အဝလွန်ခြင်းတို့လည်း ပါဝင်ပါတယ်။
အခုအစီရင်ခံစာအရ ပြောရမယ်ဆိုရင် အသက် ၅ နှစ်အောက်ကလေးငယ်သန်း ၁၅၀ ဟာ အသက်ကြီးသော်လည်း အရပ်မရှည်လာဘဲလှီကာ ၄၅ သန်းကျော်ကတော့ ပိန်လွန်းပြီး သန်း ၄၀ နီးပါးက အဝလွန်နေတာကို တွေ့ရပါတယ်။
သူတို့တင်ပဲလားဆိုတော့ အရွယ်ရောက်ပြီးသူစုစုပေါင်းအနက် ၄၀ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ လူဦးရေသန်း ၂၂၀၀ ကျော်ကလည်း အဝလွန်နေပြန်ပါတယ်။
ဒီလိုမျိုး အစားအစာ ညီညွတ်မျှတမှုမရှိခြင်းကြောင့် ဖြစ်တဲ့ သေဆုံးမှုပမာဏဟာ ၂၀၁၀ ပြည့်နှစ်ကစလို့ ၁၅ ရာခိုင်နှုန်း အထိမြင့်တက်လာပြီး အရွယ်ရောက်ပြီး နောက်သေဆုံးမှုများအားလုံးရဲ့ လေးပုံတစ်ပုံဟာလည်း အစားအစာညီညွတ်မျှ တမှုမရှိခြင်းကြောင့် ဖြစ်တယ်လို့ အစီရင်ခံစာကို ထုတ်ပြန်တဲ့အဖွဲ့ရဲ့ ဥက္ကဋ္ဌကပြောပါတယ်။
ဒါကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေရဲ့ စားသောက်နေထိုင်မှုပုံစံက ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း လုံးဝမတိုးတက်လာတဲ့ အပြင် ဒီအချက်က လူတွေရဲ့ကျန်းမာရေးနဲ့ ကမ္ဘာကြီးအပေါ် အဓိကကျတဲ့ ခြိမ်းခြောက်မှုဖြစ်လာနေပြီလို့ သူကဆိုပါတယ်။
ဒီနှစ်ရဲ့ထုတ်ပြန်ချက်က တစ်ကမ္ဘာလုံးဆိုင်ရာ စားသောက်မှုပုံစံနဲ့ အစားအစာ ရွေးချယ်မှုဟာ လူသားတွေနဲ့ ကမ္ဘာကြီးအပေါ် ဘယ်လိုမျိုးအကျိုးသက်ရောက်တယ် ဆိုတာကို ပထမဆုံး လေ့လာထားတဲ့ အစီရင်ခံစာဖြစ်တာကို တွေ့ရပါတယ်။
ကမ္ဘာကြီးမှာရှိတဲ့လူသားတွေဟာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေလိုမျိုး ကျန်းမာရေးကို အထောက်အကူပြု အားပေးတဲ့အစားအစာတွေကို စားသုံးမှု နည်းလာကြပါတယ်။ အထူးသဖြင့် ဝင်ငွေ
နည်းတိုင်းပြည်တွေမှာပါ။
ဝင်ငွေများတဲ့ တိုင်းပြည်တွေကျတော့ အနီရောင်အသားတို့၊ နို့ထွက်ပစ္စည်းတို့၊ သကြားဓာတ်များတဲ့ အချိုရည်တို့ စတဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အစားအစာတွေကိုစားသုံးမှုက အလွန်အမင်းမြင့်တက်လာပါတယ်။
အစီရင်ခံစာထဲမှာတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာစားသုံးမှုက မြင့်တက်လာကြောင်း၊ အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့အသားတွေကို စားသုံးမှုဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ပြဋ္ဌာန်းထားတဲ့ တစ်ပတ်စာစားသုံးမှုသတ်မှတ်ချက် ထက် ငါးဆကြီးများ တောင်မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။
အထက်မှာဖော်ပြခဲ့တာတွေက အစားအစာကို ညီညွတ်မျှတစွာ မစားလို့ဖြစ်ရတဲ့ ကျန်းမာရေးအပေါ် အန္တရာယ်ကျရောက် မှုတွေဖြစ်ပြီး ဆက်လက်ဖော်ပြသွားမှာကတော့ ကမ္ဘာကြီးအပေါ်အန္တရာယ်ကျ
ရောက်မှုဖြစ်ပါတယ်။
ဒီလိုမျိုးအစားအစာတွေကို ညီညွတ်မျှတစွာ မစားသုံးခြင်းက ကမ္ဘာကြီးအပေါ် အန္တရာယ်ကျ ရောက်စေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဟုတ်ပါတယ်။ တော်ရုံအားဖြင့်တော့ ဘယ်သူမှထင်ထားမိမှာ မဟုတ်ပါဘူး။
အခုလို အစားအစာတွေကို အလွန်အကြူးစားသုံးခြင်းကြောင့် ဖန်လုံအိမ် ဓာတ်ငွေ့ကို ပိုမိုထွက်ရှိစေပါတယ်။ ဒီနှစ်မှာတော့ ၂၀၁၈ ခုနှစ်ကထက် ဖန်လုံအိမ်ဓာတ်ငွေ့ ၃၅ ရာခိုင်နှုန်း ပိုထွက်လာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။
ဖန်လုံအိမ်ဓာတ်ငွေ့ဟာ ကမ္ဘာကြီးပူနွေးမှုအပြင် သူနဲ့ဆက်စပ် ဖြစ်ပေါ်လာတဲ့ ရာသီဥတု ပြောင်းလဲမှုကို ဖြစ်စေတတ်တဲ့ ဓာတ်ငွေ့ဖြစ်ပါတယ်။
ဒါကြောင့်ပြောရမယ်ဆိုရင် လူသားတွေရဲ့ စားသောက်မှုပုံစံက ရာသီဥတုပြောင်းလဲမှုအပေါ် အလွန်တရာကြီးမားသော သက်ရောက်မှု ရှိစေတယ်လို့ ဆိုရပါလိမ့်မယ်။
အထူးသဖြင့်တော့ တိရစ္ဆာန်အသားကို အခြေခံတဲ့ အစားအစာထုတ်လုပ်မှုက အပင်ကို အခြေခံတဲ့ အစားအစာထုတ်လုပ်မှုထက် ဖန်လုံအိမ်ဓာတ်ငွေ့နှစ်ဆ ပိုထွက်ပါတယ်။
အရင်ဆုံး အစာထုတ်လုပ်ဖို့အတွက် တိရစ္ဆာန်တွေမွေးမြူဖို့၊ စက်ရုံတည်ဆောက်ဖို့ မြေနေရာကိုရှင်းရပါတယ်။ အပင်တွေကို ခုတ်လှဲပြီး စက်ယန္တရားကြီးတွေ မောင်းနှင် အသုံးပြုရတဲ့အတွက် ဖန်လုံအိမ်ဓာတ်ငွေ့တွေ ထွက်ပါတယ်။
စက်ရုံတည်ဆောက်မှုကနေ ဖန်လုံအိမ်ဓာတ်ငွေ့တွေထွက်လာပြီး လေထုညစ်ညမ်းရပါတယ်။ စက်ရုံတည်ဆောက်ပြီးတဲ့အခါ လည်ပတ်တဲ့အတွက် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ပါတယ်။
စက်ရုံလည်ပတ်ဖို့ အတွက်လိုအပ်တဲ့ စွမ်းအင်က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကနေ ရတာမဟုတ်ဘူး ဆိုရင်လည်း ဖန်လုံ အိမ်ဓာတ်ငွေ့ထွက်ပါတယ်။
သုတေသနတစ်ခုအရဆိုရင် တစ်ကမ္ဘာလုံးဆိုင်ရာ အစားအစာထုတ်လုပ်မှုကြောင့် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ ထွက်ရှိမှုပမာဏက တစ်နှစ်ကို မက်ထရစ်တန်ချိန်သန်းပေါင်း ၁၇၃၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
ဒီပမာဏဟာ စီးပွားဖြစ်လေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းကနေထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ် ငွေ့ထက် ၁၉ ဆပိုများ ပါတယ်။
အဲဒီလို အစားအစာ ထုတ်လုပ်မှုကြောင့်ထွက်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေအနက် ၅၇ ရာခိုင်နှုန်းက တိရစ္ဆာန်အသားကို အခြေခံတဲ့ အစားအစာထုတ်လုပ်မှုကြောင့် ဖြစ်ပြီး အပင်ကို အခြေခံတဲ့ အစားအစာ
ထုတ်လုပ်မှုကြောင့်ထွက်လာရတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏကတော့ ၂၉ ရာခိုင်နှုန်းရှိပါတယ်။
ကျန်တဲ့ရာခိုင်နှုန်းတွေက ဝါချည်မျှင်လိုမျိုး စားသောက်ကုန်မဟုတ်တဲ့ ပစ္စည်းတွေ ထုတ်လုပ်မှုအတွက် လယ်မြေတွေကို အစားအစာထုတ်လုပ်မှုအတွက် အသုံးပြုတဲ့လယ်မြေတွေ အဖြစ်ပြောင်းလဲရာကနေ ထွက်ရှိတာ ဖြစ်ပါတယ်။
အပင်ကိုအခြေခံတဲ့ အစားအစာထုတ်လုပ်မှုကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ အများဆုံးထွက်ရှိတဲ့ ဒေသတွေကတော့ တောင်အာရှဒေသနဲ့ အရှေ့တောင်အာရှဒေသတို့ ဖြစ်ပါတယ်။
တိရစ္ဆာန်အသားကို အခြေခံတဲ့အစားအစာ ထုတ်လုပ်မှုကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ အများဆုံးထွက်ရှိတဲ့ နေရာက တောင်အမေရိကဒေသပါ။
ဒီလိုအချက်အလက်တွေကြောင့် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ တစ်ကမ္ဘာလုံး အာဟာရ ပြည့်ဝစေဖို့အတွက် ကူညီထောက်ပံ့မှု တွေပိုမိုပေးအပ်ဖို့ GNR အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အထူးသဖြင့်တော့ အခုလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ ကပ်ဘေးကာလမှာ နောက်ထပ်လူဦးရေ ၁၅၅ သန်းကျော်က အလွန်အမင်းဆင်းရဲခြင်းသို့ ဆိုက်ရောက်သွားတဲ့အတွက် ဖြစ်တယ်လို့လည်း အစီရင်ခံ
စာက ဆိုထားပါသေးတယ်။
ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ကျန်းမာရေးရည်မှန်းချက်တွေအနက် ကလေးငယ်တွေ လုံးပါးပါးခြင်း၊ လှီခြင်း၊ မိခင်မှာသွေးအားနည်းခြင်းနဲ့ နို့ချိုတိုက်ကျွေးခြင်းရည်မှန်းချက်တို့ပြည့်မီစေဖို့ အမေရိကန်ဒေါ်လာသန်း ၄၀၀၀ နီးပါးကို နှစ်စဉ်တိုးမြှင့် အသုံးပြုဖို့ လိုတယ်လို့လည်း ပညာရှင်တွေက အစီရင်ခံစာမှာ ခန့်မှန်းဖော်ပြထားပါတယ်။
ဒါကြောင့် နိဂုံးချုပ်ရမယ်ဆိုရင် အစားအစာကို စားသုံးတဲ့အခါ စားသင့်စားထိုက်တဲ့ ပမာဏကိုတော့ မဖြစ်ဖြစ်အောင်စား ရပါလိမ့်မယ်။ ဒါမှသာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။
လူတိုင်းကတော့ အစာရေစာကို ၀၀လင်လင် စားချင်ကြမှာပါပဲ။ ဒါပေမဲ့ အခြေအနေမပေးတဲ့အတွက် ဆင်းရဲချို့တဲ့ နေရချိန်မှာ အစားအစာကို လိုအပ်သလောက်တောင် မစားရသူတွေ ဒုနဲ့ဒေးပါ။
အစားအစာကို လိုအပ်တာထက်ပိုပြီးစားနိုင်သူတွေကလည်း အစားအစာတွေကို အလျှံပယ် စားသုံးနေကြတာ မမြင်ချင်မှ အဆုံးဖြစ်ပါတယ်။
ဒီလိုအဆင်အခြင်မဲ့ စားသုံးခြင်းကြောင့် ကိုယ့်ရဲ့ကျန်းမာရေးကိုလည်း ထိခိုက်စေသလို အလွန်အကျွံ စားသုံးခြင်းကြောင့် အစားအစာ ထုတ်လုပ်မှုတွေကိုလည်း တိုးမြှင့်လာရတဲ့အတွက် ဖန်လုံအိမ်ဓာတ် ငွေ့ထွက်ရှိမှုကိုလည်း အားပေးရာရောက်စေပါတယ်။
ဒီအတွက် အစားအစာကို စားသုံးရာမှာ ပိုလျှံသူကလိုအပ်သူကို ဖေးကာကူလို့ ညီညွတ်မျှတစွာ စားသုံးကြရင်ဖြင့် မိမိတို့ လူသားမျိုးနွယ်စုကြီးရဲ့ကျန်းမာရေးသာမက ကမ္ဘာကြီးရဲ့ ကျန်းမာရေး ပါကောင်းလာမှာ ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။
Ref: TST, NewScientist