ပြည်သူ့အကျိုး ဦးထိပ်ထားသည့် မီဒီယာ

ပြည်သူ့အကျိုး ဦးထိပ်ထားသည့် မီဒီယာ

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  နိုဝင်ဘာ  ၂၇ ရက်)

မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေသည့် နိုင်ငံဖြစ်သည်နှင့် အညီ သတင်းမီဒီယာ၏ အခန်းကဏ္ဍသည် အရေးပါလှပေသည်။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလ ၂ဝ၁၄ ခုနှစ်တွင် စာနယ်ဇင်းလောက ဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းမီဒီယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် သတင်းမီဒီယာ ဥပဒေကိုပြဋ္ဌာန်းပေးခဲ့သည်။

အဆိုပါသတင်း မီဒီယာဥပဒေ၏ ရည်ရွယ်ချက်များတွင် သတင်းမီဒီယာ လုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာရပ်တည်နိုင်စေရန် ဟူ၍ အတိအလင်း ပြဋ္ဌာန်းထားသည်။

နိုင်ငံတစ်နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာသည် ဒီမိုကရေစီစနစ်အတွက် ဖော်ထုတ်ရေးသား ပြောဆိုခွင့်ကို တိုးမြှင့်ဆောင်ရွက်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍက ပါဝင်သည်။ ၁၉၄၈ ခုနှစ် ကုလသမဂ္ဂ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်း၊ အပိုဒ်-၁၉ တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခြင်းနှင့် ပတ်သက်၍ လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ကြံဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ရှိသည်။

ထိုအခွင့်အရေးများတွင် နှောင့်ယှက်ဟန့်တားခြင်း တစ်စုံတစ်ရာမရှိဘဲ လွတ်လပ်စွာ တွေးခေါ်ကြံဆခွင့်နှင့် နယ်နိမိတ်စည်းမျဉ်းများနှင့် မသက်ဆိုင်စေဘဲ မည်သည့်မီဒီယာမှမဆို သတင်းအချက်အလက် များနှင့် စိတ်ကူးစိတ်သန်းများကို လွတ်လပ်စွာရှာဖွေခွင့်၊ လက်ခံရယူခွင့်၊ တစ်ဆင့်လွှဲပြောင်းပေးခွင့် ပါဝင်သည် ဟူ၍ သတ်မှတ်ပြဋ္ဌာန်းထားသည်။

သို့ရာတွင် ထိုအခွင့်အရေးမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် တစ်ခုတည်းမဟုတ်ဘဲ လက်ခံနားထောင်သူ၏ အခွင့်အရေးများနှင့် အချို့သော တာဝန်ယူမှုများကိုလည်း ထည့်သွင်း သတ်မှတ်ထားသည်။

တာဝန်မဲ့သော၊ ကျင့်ဝတ်နှင့်မညီသော လုပ်ကိုင်ဆောင်ရွက်မှုများသည် မီဒီယာလွတ်လပ်ခွင့်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်သည်။ သတင်းမီဒီယာသမားများ အနေဖြင့် တိကျမှု၊ ဟန်ချက်ညီမှု၊ မျှတမှု၊ တစ်ပါးသူကို လေးစားမှု စသည့်တာဝန်များလည်း ရှိပေသည်။ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် အခွင့်အရေးကိုလည်း အာမခံချက်ပေးရမည်။ မှန်ကန်တိကျသည့် သတင်းအချက်အလက်များကို ပြည်သူများ ရရှိရေးအတွက်လည်း ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိပါသည်။

လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်ဆိုင်သော နိုင်ငံသား ပြည်သူများအတွက် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် ဆိုသည့် မဏ္ဍိုင်ကြီး(၃)ရပ်သည် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို တည့်တည့်မတ်မတ် ရှေးရှုဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုမဏ္ဍိုင်ကြီး(၃)ရပ်အစဉ်အမြဲတည့်မတ်နေစေရေးအတွက် အရည်အချင်းပြည့်ဝပြီး သမာသမတ်ရှိသည့် မီဒီယာအားလုံးက စောင့်ကြပ်ကြည့်ရှု၍ စေတနာမှန်မှန်ဖြင့် ထောက်ပြခြင်း၊ ဝေဖန်ခြင်း၊ အကြံပြုခြင်း စသည်များနှင့် မူလမဏ္ဍိုင်ကြီး(၃)ရပ် မယိမ်းမယိုင်ရအောင် ကျားကန်ထောက်မ ပေးနေရမည်ဖြစ်သည်။ ယင်းမှာစတုတ္ထ မဏ္ဍိုင်၏  အဓိကတာဝန်ဖြစ်သည်။

ထိုစတုတ္ထမဏ္ဍိုင် သမားတို့သည် တိကျမှု၊ ဘက်မလိုက်မှုနှင့် မျှတမှု ရှိရမည်ဆိုရာဝယ် နောက်ဆုံးအဆင့် မိမိကိုယ်တိုင် တရားစွဲခြင်းခံရလျှင်ပင် ထိုသတင်းကိုမျှတစွာ ရေးသားထုတ်လွှင့်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်ကာလတွင် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းသာယာရေး၊ ပြည်သူများ၏ လူမှုအကျိုးစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် မီဒီယာ၏ အခန်းကဏ္ဍသည် အဓိကဒေါက်တိုင်ကြီး တစ်ခုဖြစ်ပေသည်။ ထို့ပြင် အနာဂတ်ကို ဦးဆောင်မည့် မျိုးဆက်သစ်များကို မှန်ကန်သည့်အသိအမြင်၊ အတွေးအခေါ်များ ရှိသည့် ပညာတတ်မျိုးဆက်များအဖြစ် ပြုစုပျိုးထောင်ပေးနိုင်ရေးတွင် မီဒီယာများ၏ အခန်း

ကဏ္ဍသည် လွန်စွာ အရေးပါသည့်အနေအထားဖြစ်သည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် လူငယ်များအနေဖြင့် အခြေအနေအမှန်၊ ဖြစ်စဉ်အမှန်များကို သိထားသင့်သည်။ ပြည်ဖျက်မီဒီယာတို့၏ သွေးထိုးလှုံ့ဆော်မှု အောက်တွင် နစ်မွန်းနေရသော လူငယ်တို့ကို လေ့လာကြည့်လျှင် သတင်းအမှားကို ယုံကြည်လက်ခံကာ လမ်းမှားကို ရောက်သွားကြခြင်းဖြစ်သည်။ ပဋိပက္ခများ၊ သဘောထား ကွဲပြားမှုများကို ပြေလျော့သွားအောင် လုပ်ရမည့်အစား မီးလောင်ရာ လေပင့်သကဲ့သို့ ပိုမိုအားကောင်းလာအောင် လုပ်ပေးနေသော ပြည်ဖျက်သတင်း မီဒီယာများကြောင့်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၂၄ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ကျင်းပသည့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြည်သူအကျိုးကို ဦးထိပ်ထားသည့် သတင်းမီဒီယာ လောကဖြစ်လာအောင် ဖော်ဆောင်နိုင်ရေးနှင့် ပတ်သက်၍ ''လွတ်လပ်ပြီးအမှီအခိုကင်းကင်း၊ အနှောင်အဖွဲ့ကင်းကင်း၊ အရောင်အသွေး ကင်းကင်းနှင့် သတင်းမီဒီယာလောက အကျိုးကိုဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ သတင်းတု၊ သတင်းမှားများ၊ အမုန်းစကားများ၊ ကောလာဟလများ ထုတ်လွှင့်ပြီး တိုင်းပြည်မငြိမ်သက်စေရန်၊ ဆူပူအုံကြွစေရန် သွေးထိုးလှုံ့ဆော် ထုတ်လွှင့်မှုများ မပြုလုပ်ကြရေး ဝိုင်းဝန်းဆန့်ကျင် တားမြစ်ပေးကြရမည်ဖြစ်ကြောင်း၊ ကျင့်ဝတ်သိက္ခာ စောင့်စည်းပေးရန်နှင့် စည်းကမ်းဥပဒေ လိုက်နာဆောင်ရွက်ရန် ကြပ်မတ်ထိန်းကျောင်း ပေးကြရမည်ဖြစ်ကြောင်း'' ပြောကြားခဲ့သည်။ အနှစ်ချုပ်ဆိုရသော် ပြည်သူ့အကျိုး ဦးထိပ်ထားသည့် မီဒီယာလောကဖြစ်ရေး ကြိုးစားကြရန်ဖြစ်ပါကြောင်း။    ။