ရမည်းသင်းမြို့ ၊ အောင်မင်္ဂလာရပ်ကွက်ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်မှ ငွေကျပ်သိန်း ၁ဝ၉၂ သိန်းအား အမျိုးသား ၂ ဦးက သေနတ်ပြခြိမ်းခြောက်ကာ လုယက်

 

ရမည်းသင်းမြို့ ၊ အောင်မင်္ဂလာရပ်ကွက်ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်မှ ငွေကျပ်သိန်း ၁ဝ၉၂ သိန်းအား အမျိုးသား ၂ ဦးက သေနတ်ပြခြိမ်းခြောက်ကာ လုယက်

နေပြည်တော် နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ''မြန်မာ့ရှေ့ဆောင်''ဘဏ်မှ ငွေကျပ်သိန်း ၁ဝ၉၂ သိန်းအား အမျိုးသား  ၂  ဦးက နိုဝင်ဘာလ ၂၆ ရက်နေ့တွင် သေနတ်ပြခြိမ်းခြောက်ကာ လုယက်ခဲ့မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယနေ့ နေ့လယ် ၁ နာရီ ၂၅ မိနစ်ခန့်တွင် ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ လမ်းမတော်လမ်းရှိ ''မြန်မာ့ရှေ့ဆောင်''ဘဏ်သို့ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဘဏ်ရှေ့ရှိ လုံခြုံရေးဝန်ထမ်း ၂ ဦး အနက် တစ်ဦးအား သေနတ်အတို (စိစစ်ဆဲ)ဖြင့် ထောက်ကာ ဓားစာခံအဖြစ် ဘဏ် အတွင်းသို့ ခြိမ်းခြောက်ခေါ်ဆောင်သွားပြီး ကျန်အမျိုးသား တစ်ဦးက ဓားကိုင်ကာ ဘဏ် အတွင်းသို့ အနောက်မှ လိုက်ပါဝင်ရောက်လာပြီး ၎င်းလက်အတွင်းမှ အသင့်ယူဆောင်လာသည့် ဆာလာအိတ်တစ်လုံးအား ဘဏ် ဝန်ထမ်းအမျိုးသမီး တစ်ဦးထံပေးပြီး ငွေများအား ထည့်ခိုင်းသဖြင့် ဘဏ်ဝန်ထမ်း အမျိုးသမီးမှ  ဘဏ်ကောင်တာအတွင်း ထားရှိ သည့် ငွေကျပ်သိန်း  ၁ဝ၉၂  သိန်းအား ဆာလာအိတ်အတွင်း     ထည့်ပေးခဲ့သည်။

ထို့နောက် အဆိုပါအမျိုးသား ၂ ဦးသည် ငွေများထည့်ထားသည့် ဆာလာအိတ်အား ယူဆောင်ကာ ဘဏ်အတွင်းမှ ထွက်လာပြီး ဆိုင်ကယ်ဖြင့်    ပျော်ဘွယ်မြို့ဘက်သို့ ထွက်ခွာသွားခဲ့သည်။

ဖြစ်စဉ်တွင် မြန်မာ့ရှေ့ဆောင်ဘဏ်မှ ငွေကျပ်သိန်း ၁ဝ၉၂ သိန်းအား လုယက် ယူဆောင်သွားသည့် အမျိုးသား ၂ ဦးအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက  လိုအပ်သော ပိတ်ဆို့စစ်ဆေး ရှာဖွေခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။