ရှောက်၊ လိမ္မော်၊ သံပရာမျိုးများ ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနက ကျင်းပသည့် ရှောက်၊ လိမ္မော်၊ သံပရာမျိုးများပြပွဲ၊ ပြိုင်ပွဲနှင့်   ဆွေးနွေးပွဲ (Citrus Fair, 2021) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်  ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော ဦးစိုင်းလုံးဆိုင်နှင့်  ဦးရွှေကြိမ်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒေါ်ယဉ်ယဉ်နွယ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်နိုင်၊   ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲဝင်တောင်သူဦးကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

 အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက  အမှာစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့်   ပြည်ထောင်စုဝန်ကြီးများက ရှောက်၊ လိမ္မော်၊ သံပရာမျိုးများ ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲ (Citrus Fair,  2021) ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြခန်းများ၊ ပြိုင်ပွဲဝင်သစ်သီးများ၊ ဆုရသစ်သီးများကို   လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍   ဆုပေးပွဲကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊  ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုအမျိုးအစားများအလိုက် ပေးအပ်ချီးမြှင့်ကြရာ လိမ္မော်ခွံကျစ်(ကမ္ဗလာ)ပြိုင်ပွဲ ပထမဆု ရှမ်းပြည်နယ် မောက်မယ်မြို့နယ်မှ ဦးစိုင်းအောင်တင် ၊ ဒုတိယဆု မောက်မယ်မြို့နယ်မှ ဦးထွန်းအောင်၊ တတိယဆု ပြင်ဦးလွင်မြို့နယ်မှ ထူးလိမ္မော်ခြံကလည်းကောင်း၊ လိမ္မော်(ခွံပွ)ပြိုင်ပွဲ ပထမဆု ရွာငံမြို့နယ်မှ ဦးကျော်စိုး၊ ဒုတိယဆု ကလောမြို့နယ်မှ ဦးအောင်ကျော်မိုး၊ တတိယဆု ရပ်စောက်မြို့နယ်မှ ဦးခွန်သန်းထွန်းက လည်းကောင်း၊ ပျားလိမ္မော်ပြိုင်ပွဲ ပထမဆု ပင်းတယမြို့နယ်မှ ဒေါ်တင်ဝင်းရွှေ၊ ဒုတိယဆု မိုင်းပျဉ်းမြို့နယ်မှ  ဦးကျော်လွင်၊   တတိယဆု မိုင်းဆတ်မြို့နယ်မှ ဦးကောလီကလည်းကောင်း၊ ကျွဲကောပြိုင်ပွဲ ပထမဆု ရွှေကျင်မြို့နယ်မှ ဒေါ်စန္ဒာဝင်း၊ ဒုတိယဆု အုတ်တွင်းမြို့နယ်မှ ဒေါ်မြ၊ တတိယဆု သာယာဝတီမြို့နယ်မှ  ဦးပိုက်တင်ကလည်းကောင်း၊ သံပရာပြိုင်ပွဲ ပထမဆု ကြာအင်းဆိပ်ကြီးမြို့နယ်မှ   ဦးအောင်ဝင်း၊  ဒုတိယဆု နေပြည်တော် Big M Group Co.,Ltd. ၊ တတိယဆု  ရွာငံမြို့နယ်မှ ဦးမြင့်ရှိန်က လည်းကောင်း၊   ရှောက်ပြိုင်ပွဲ ပထမဆု ပုသိမ်ကြီးမြို့နယ်မှ  ဦးစိုးအောင်ထွန်း၊   ဒုတိယဆု  ကြာအင်းဆိပ်ကြီးမြို့နယ်မှ ဦးမြတ်ကျော်၊ တတိယဆု မြဝတီမြို့နယ်မှ ဦးလှဝေတို့ကလည်းကောင်း  ဆုများလက်ခံရယူကြသည်။

ယနေ့ကျင်းပသည့်   ရှောက်၊ လိမ္မော်၊ သံပရာမျိုးများပြိုင်ပွဲတွင် ဒေသအသီးသီးမှ လိမ္မော်ခွံကျစ်(ကမ္ဗလာ)၊   လိမ္မော်(ခွံပွ)၊ ပျားလိမ္မော်၊ ကျွဲကော၊ ပန်းလိမ္မော်၊ ဂရိတ်ဖရု၊ သံပရာ၊ ရှောက် စသည့် သစ်သီးရှစ်မျိုးကို ပြိုင်ပွဲဝင် ၁၁၈ ဦးတို့က ပေးပို့ယှဉ်ပြိုင်လာကြခြင်းဖြစ်ပြီး   အရည်အသွေးများအပေါ် စိစစ်၍ ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု၊ အထူးဆုများကို ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

မွန်းလွဲပိုင်းတွင် ရှောက်၊ လိမ္မော်၊ သံပရာမျိုးများ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာရပ်များနှင့် စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ကျင်းပရာ လက်တွေ့ဆောင် ရွက်လျက်ရှိကြသည့် တောင်သူများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဇော်မျိုး(မြဝတီ)