နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်အရာထမ်းရာထူးများ ရေးဖြေစာမေးပွဲ ကျင်းပဖြေဆိုမှု များအား စာစစ်ဌာနအလိုက် လှည့်လည် ကြည့်ရှုအားပေး

နေပြည်တော်  နိုဝင်ဘာ  ၂၇

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ကြော်ငြာစာအမှတ်၂/၂၀၂၀ နှင့် ၅/၂၀၂၁   ပါ နိုင်ငံခြားရေးဝန်ကြီးဌာန စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန ဌာနစုမှူး(၂)/တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး)ရာထူး၃၅ နေရာအတွက် ပြန်တမ်းဝင် အဆင့်စတင်ခန့်အရာထမ်း ရာထူးများ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မကွေးမြို့နှင့် မော်လမြိုင်မြို့တို့ရှိ စာစစ်ဌာနငါးခု၌ ၂၇-၁၁-၂၀၂၁ ရက်နှင့် ၂၈-၁၁-၂၀၂၁ ရက်တို့တွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိသည်။

အဆိုပါ     ရေးဖြေစာမေးပွဲ ကျင်းပနေမှုများကို ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ အဖွဲ့ဝင်ဦးဆန်းမြင့်သည် မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း မန္တလေးစာစစ်ဌာနသို့ လည်းကောင်း၊ အဖွဲ့ဝင်ဦးရဲနိုင်သည် နေပြည်တော် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း (ရွာတော်) နေပြည်တော်စာစစ်ဌာနသို့ လည်းကောင်း၊ အဖွဲ့ဝင်ဦးစိုးတင့်သည် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း ရန်ကုန်စာစစ်ဌာနသို့ လည်းကောင်း၊ အဖွဲ့ဝင်သူရဦးဘိုနီသည် မကွေးတိုင်းဒေသကြီး မကွေးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မကွေးစာစစ်ဌာနသို့လည်းကောင်း တာဝန်ရှိသူများလိုက်ပါလျက် စာမေးပွဲဖြေဆိုမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဖြေဆိုသူများကို အားပေးစကား ပြောကြားသည်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အသီးသီးအတွက် လိုအပ်သော အရည်အသွေးမြင့် ပြန်တမ်းဝင် အဆင့်စတင်ခန့် အရာထမ်းရာထူးများကို ရွေးချယ်ပေးလျက်ရှိရာတွင် အရည်အချင်းကို အခြေခံ၍ လူမှန်၊ နေရာမှန်ဖြစ်စေရေးအတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များအား   အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ    ယခုရေးဖြေစာမေးပွဲသို့ လာရောက်ဖြေဆိုကြသူ စုစုပေါင်း ၅၆၅ ဦးရှိကြောင်း သတင်းရရှိသည်။