နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စို့

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သော လူသားတိုင်းအတွက် မမေ့အပ်သောနေ့များတွင် အမျိုးသားနေ့သည်လည်း တစ်ခုပါဝင်သည်။ အမျိုးသားအောင်ပွဲနေ့ဆိုသည့်အတိုင်း ထူးထူးခြားခြား အထိမ်းအမှတ်နေ့ အဖြစ်သတ်မှတ်ထားသည်မှာ မြန်မာတို့၏ ဆယ့်နှစ်လရာသီ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်း ၁၀၁ နှစ်ကဖြစ်ရပ်ကို အမျိုးသားအောင်ပွဲနေ့ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ၁၈၈၅ ခုနှစ်နှစ်ကုန်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံးသူ့ကျွန်အဖြစ်နွံနစ်ခဲ့ရသည်။ ၁၉၀၆ ခုနှစ်တွင် အမျိုးကိုချစ်ပါ၊ ဘာသာကိုလေးစားပါ၊ သာသနာကိုချီးမြှင့်ပါ၊ ပညာကိုအားပေးပါ ဟူသော ေ<ကးကြော်သံများနှင့်အတူ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ် (YMBA) ပေါ်ပေါက်လာခဲ့သည်။

ထိုဝိုင်အမ်ဘီအေ အသင်းကြီးကြောင့် မြန်မာတိုင်းရင်းသားတို့ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်လာခဲ့သည်။ မြန်မာတို့သည် ကိုယ့်နိုင်ငံကိုယ့်ရေမြေတွင် အင်္ဂလိပ်နယ်ချဲ့ကို သခင်အဖြစ် ဆက်ဆံနေရသည်။

သခင်စစ်စစ်သည် ငါ့တို့မြန်မာများသာ ဖြစ်သည်ဟူသောမျိုးချစ်စိတ်ဓာတ်ဖြင့် သခင်ဘွဲ့ကို ခံယူခဲ့ကြသည်။

အင်္ဂလိပ်တို့သင်ကြားပေးနေသောပညာရေးစနစ်သည် ကုန်ထုတ်လုပ်မှုတိုးတက်စေရန်မဟုတ်ဘဲ အင်္ဂလိပ် ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားတွင် အကျိုးပြု အမှုထမ်းမည့် အင်္ဂလိပ်စာပေနှင့် အနောက်တိုင်းယဉ်ကျေးမှုတို့ကိုအထင်ကြီးသော ခေတ်ပညာ တတ်လူတန်းစား တစ်ရပ်မွေးထုတ်ရန် အတွက်ဖြစ်သည်။ ရည်ရွယ်ချက်အနှစ်ချုပ်မှာ မြန်မာတို့၏အမျိုးသားဇာတိမာန်ကိုချိုးနှိမ်ပြီး ကျွန်ဇာတ်သွင်း ရန်သာ ဖြစ်ပါသည်။

အင်္ဂလိပ်တို့သည် ၁၈၇၈ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ်လက်အောက်ခံ ရန်ကုန်ကောလိပ်ကိုဖွင့်၍ ကောလိပ်ပညာရေးကို သင်ကြားပေးခဲ့သည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဟူ၍ မရှိသေးပေ။ ၁၉၂၀ ပြည့်နှစ်ရောက်မှသာ အင်္ဂလိပ်တို့သည် တက္ကသိုလ်ဥပဒေကြမ်းတစ်ခုကိုရေးဆွဲပြီး မြန်မာနိုင်ငံတွင် တက္ကသိုလ်တစ်ခုထားရှိရန် စီမံသည်။ ထိုတက္ကသိုလ်လက်အောက်တွင်လည်း ကောလိပ်ကျောင်း တစ်ကျောင်းသာ ရှိရမည်။

သင်ကြားလိုသူများသည် ကျောင်းအိပ်ကျောင်းစားများသာ ဖြစ်ရမည်။ သင်ကြားခွင့် ရသူများသည် ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေကြရမည်။

မြန်မာတို့အနေဖြင့် ဤဥပဒေကြမ်းအရ တည်ထောင်ပေးမည့်တက္ကသိုလ်မျိုးကို အလိုမရှိပါ။ ထို့ကြောင့် ဤဥပဒေကြမ်းပေါ် ထွက်လာကတည်းက ဥပဒေပြုကောင်စီ အတွင်း၌ မြန်မာအမတ်များက ကန့်ကွက်ခဲ့ကြသည်။ မြန်မာသတင်းစာများကလည်း ကန့်ကွက်ရေးသားကြသည်။ မြို့ကြီးများတွင်လည်း လူထုအစည်းအဝေးကြီးများ ကျင်းပ၍ ကန့်ကွက်ခဲ့ကြသည်။ ထိုသို့ကန့်ကွက်မှု များစွာကြားမှ ဥပဒေပြုကောင်စီက အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် တက္ကသိုလ်အက်ဥပဒေ အာဏာတည်လာပြီး ဒီဇင်ဘာ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်ရန် ကြေညာခဲ့သည်။

ထို့ကြောင့် ဒီဇင်ဘာ ၅ ရက်နေ့တွင် ပထမကျောင်းသားသပိတ်ပေါ်ပေါက်လာပြီး အင်္ဂလိပ်တို့၏ ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ခဲ့ကြသည်။ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများ ဖြစ်ပေါ်လာပြီး အမျိုးသားကျောင်းများ ပေါ်ပေါက်လာခဲ့သည်။ အမျိုးသားကောလိပ်ထူထောင်ရေး၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးရေး၊ မြန်မာဘာသာကို သင်ကြားရေး မဏ္ဍိုင်အဖြစ်ထားရှိရေး၊ မြန်မာစာအုပ်များ ပေါ်ထွက်လာအောင် အားပေးရေး၊ အမျိုးသားပညာရေးမြှင့်တင်ရေး တောင်းဆိုချက်များဖြင့် အမျိုးသားပညာရေးအတွက် ဆက်လက် တိုက်ပွဲဝင်ခဲ့ကြသည်။

ဝံသာနုလှုပ်ရှားမှုကို ဦးဆောင်ပေးခဲ့သော ဝိုင်အမ်ဘီအေမှ အမည်ပြောင်းလဲခဲ့သော ဂျီစီဘီအေ အဖွဲ့ကြီးသည် ၁၉၂၁ ခုနှစ် အောက်တိုဘာလက မန္တလေးမြို့၌ ကျင်းပသော နဝမအကြိမ်မြောက်ကွန်ဖရင့်တွင် အမျိုးသားနေ့ သတ်မှတ်ရေး ဆွေးနွေးခဲ့ကြသည်။ သီပေါဘုရင်ပါတော်မူသည့်နေ့၊ ဆရာတော်ဦးဥတ္တမအဖမ်းခံရသည့်နေ့နှင့် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို စတင်သပိတ်မှောက်သည့် နေ့တို့မှ တစ်နေ့နေ့ကို ရွေးချယ် ဆွေးနွေးကြသည်။ ၁၉၂၂ ခုနှစ် ဇွန်လက ရန်ကုန်မြို့ ဂျူဗလီဟောတွင် ကျင်းပသော ဂျီစီဘီအေအထူးကွန်ဖရင့်မှ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို စတင်သပိတ်မှောက်သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို နယ်ချဲ့အင်္ဂလိပ်တို့အပေါ် အောင်ပွဲခံသော အမျိုးသား အောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅) ရပ်၊ ဦးတည်ချက် (၉) ရပ်ချမှတ်ကာ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဦးဆောင်လျက်ရှိသည်။ ယနေ့တွင်ကျရောက်သည့် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ ဆောင်ပုဒ်အဖြစ် နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စို့ ဟူ၍ ချမှတ်ပေးထားသည်။ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များအဖြစ် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ထောင်စုတစ်ဝန်းလုံးလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာအဆင့်မြှင့်တင်ဆောင်ရွက်ရေး၊ မျိုးချစ်စိတ်ဓာတ်ကိုအရင်းခံသည့် ပြည်ထောင်စု စိတ်ဓာတ်ထာဝစဉ် ရှင်သန်ထက်မြက်ရေး၊ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းစွာဖြင့် တိုင်းရင်းသားပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်ရေးဟူ၍ ချမှတ်ထားသည်။ သို့ဖြစ်ပေရာ (၁၀၁) နှစ်မြောက်အမျိုးသားနေ့ဆောင်ပုဒ်၊ ဦးတည်ချက်များ အောင်မြင်ရေးအတွက် နိုင်ငံတော်၊ ပြည်သူနှင့်တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။