ဆုတ်ယုတ်ပျက်စီးခြင်းဘေးမှ ကင်းဝေးကြပါစေ

လူတိုင်းသည် ကျန်းမာချင်သည်။ ချမ်းသာချင်သည်။ အသက်ရှည်ရှည်နေချင်သည်။ စည်းစိမ် ဥစ္စာတိုးပွားကာအခြွေအရံများစွာနှင့် နေထိုင်လိုကြသည်။ ဘဝကို ကျက်သရေမင်္ဂလာအပေါင်း နှင့်ပြည့်စုံလျက် ပျော်ရွှင်စွာနေလိုကြသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ကျန်းမာရေးချို့တဲ့ ကာ စီးပွားရေးကလည်း ဆုတ်ယုတ်သည့်အခြေအနေမျိုးတွင် နေထိုင်လိုကြမည်မဟုတ်ပါ။ သို့သော် လူတို့သည် မိမိတို့၏ပြုလုပ်သော ကိုယ်နှုတ်နှလုံးတို့၏ ပြုမူကျင့်ကြံမှုအတိုင်းသာ နေထိုင်ကြရသည်။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူသည်။ နတ်အပေါင်းတို့သည် မြတ်စွာဘုရားထံတော်မှ မင်္ဂလသုတ်တော်ကို ကြားနာရ၍ မိမိတို့သိလိုလှသော သတ္တဝါတို့၏ ကြီးပွားချမ်းသာခြင်းအကြောင်းကို သိရှိသွား ကြသည်။ ထို့ပြင် သတ္တဝါတို့၏ ပျက်စီးဆုတ်ယုတ်ကြောင်းကိုလည်း သိလိုကြပြန်သေးသည်။ ထိုအခါ မြတ်စွာဘုရားထံ ထပ်မံလျှောက်ထားရန် အကြံဖြစ်ပေါ်လာသည်။

မင်္ဂလသုတ်တော်ကိုကြားနာရပြီးနောက် တစ်နေ့၌ သိကြားမင်း၏ခိုင်းစေချက်အရ နတ်သား တစ်ပါးက လျှောက်ထားမေးမြန်း၍ ဤပရာဘဝသုတ်တော်ကို ဟောတော်မူသည်ဟူ၍ ဗုဒ္ဓဘာသာတရားတော်အခြေခံအဆင့်စာအုပ်တွင် ဖော်ပြထားသည်။

ဆုတ်ယုတ်ပျက်စီးကြောင်းတရား-၁၂ ပါးရှိလေသည်။ ပျက်စီးခြင်း၏ ပထမအချက်မှာ ဒုစရိုက်တရား ၁၀ ပါးကိုပြုကျင့်ခြင်းဖြစ်သည်။ ဒုစရိုက်တရား ၁၀ ပါးကို အကျဉ်းချုပ်လျှင် သက်သတ်ခိုးမှု၊ ကာမေသု၊သုံးခုကာယကံ။ လှည့်ဖြားရန်တိုက်၊ မိုက်မိုက်ကန်းကန်း၊ နှုတ်ကြမ်းလေခြင်း၊ ပြိန်ဖျင်းစကား၊ ပြောဆိုငြား၊လေးပါးဝစီကံ။ သူ့ဥစ္စာမှန်၊ မတရားကြံ၍၊ ဖောက်ပြန်သေကျေ၊ ပျက်စေလိုငြား၊ အယူမှား၊ သုံးပါးမနောကံဟု မှတ်သားနိုင်သည်။

ပျက်စီးခြင်းဖြစ်သော ဒုတိယအကြောင်းအချက်မှာ မိစ္ဆာအယူရှိသူများနှင့် သူယုတ်မာတို့ ပေါင်းသင်းဆက်ဆံခြင်း၊ သူတော်ကောင်းတို့နှင့်မပေါင်းသင်း မဆက်ဆံခြင်း၊ မိစ္ဆာဒိဋ္ဌိများနှင့် သူယုတ်မာတို့၏တရားနှင့်အယူဝါဒများကို နှစ်သက်ခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်းဖြစ်သည်။ တတိယအချက်အနေဖြင့် အလွန်အကျွံအိပ်ခြင်း၊ အပေါင်းအဖော်၌မွေ့လျော်ပြီး အချိန်ဖြုန်းတီး နေခြင်း၊ ထကြွလုံ့လမရှိခြင်း၊ အလွန်ပျင်းရိခြင်းနှင့် အမျက်ဒေါသကြီးခြင်းတို့ ဖြစ်သည်။  စတုတ္ထအချက်မှာ ရဟန်း စသောသူတော်စင်အလှူခံများအတွက် ပေးလှူမည်ဟု ဖိတ်ကြား ဝန်ခံထားပြီး မလှူဒါန်းမပေးကမ်းခြင်းဖြစ်သည်။ ပဉ္စမအချက်အနေဖြင့် မိဘတို့ကို လုပ်ကျွေးပြုစုနိုင်ပါလျက် မကျွေးမွေးမပြုစုခြင်းဖြစ်ပြီး ဆဋ္ဌမအချက်မှာ ပစ္စည်းဥစ္စာပေါများ သူဖြစ်ပါလျက် အခြားသူများကိုမလှူဒါန်းမဝေငှဘဲ မိမိတစ်ဦးတည်းသုံးဆောင်ခံစားခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်သည်။ သတ္တမအချက်ပျက်စီးခြင်း၏ အကြောင်းသည် မာန်မာနတက်ကြွမောက်မာခြင်းနှင့် အဋ္ဌမအချက်ပျက်စီးခြင်း၏ အကြောင်းသည် ကာမဂုဏ် အပျော်အပါးလိုက်စားခြင်း၊ အရက်သေစာမူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လောင်းကစားခြင်းတို့ဖြစ် သည်။ နဝမအချက်ပျက်စီးခြင်းမှာ ပြည့်တန်ဆာမနှင့် သူတစ်ပါးမယားတို့၌ ပြစ်မှားကျူးလွန် ခြင်းဖြစ်သည်။ ဒသမအချက် ပျက်စီးခြင်းမှာ အသက်ကြီးအရွယ်လွန်သူဖြစ်ပါလျက် ငယ်ရွယ်သူ အမျိုးသမီးများနှင့် အိမ်ထောင်ပြုခြင်းဖြစ်သည်။ ဧကာဒသမအချက်မှာ အဝတ်အစားမက်မော လွန်းသူ၊ အသုံးအစွဲမတတ်သူကို အကြီးအကဲအရာ၌ ခန့်ထားခြင်းသည် ဆုတ်ယုတ် ပျက်စီးခြင်း၏ အကြောင်းဖြစ်သည်။ ဒွါဒသမမှာ မိမိနှင့်မတန်သောအရာကို အလိုရှိခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်ပေသည်။

ဗုဒ္ဓမြတ်စွာသည် သုံးဆယ့်တစ်ဘုံတွင်ကျင်လည်နေကြကုန်သော သတ္တဝါအပေါင်းတို့အတွက် မင်္ဂလာရှိစေသော မင်္ဂလသုတ်တရားတော်ဟောကြားပြသတော်မူခဲ့ပြီး ပျက်စီးခြင်းအကြောင်း တရားများကို သိရှိရှောင်ကြဉ်နိုင်ရန်အတွက်  ပရာဘဝသုတ်တော်ကိုလည်း ဟောကြားတော် မူခဲ့သည်။ ဆုတ်ယုတ်ပျက်စီးကြောင်းတရားတို့ကို ရှုမြင်ဆင်ခြင်၍ ရှောင်ကြဉ်လိုက်နာသူသည် ယခုဘဝတွင် ကြီးပွားချမ်းသာရသည့်အပြင် နောက်ဘဝတွင်လည်း နတ်ပြည်လောကမှာ ဖြစ်ရသည်။

လူတိုင်းသည် ထကြွလုံ့လဝီရိယရှိကာ မိမိရရှိသည့်ငွေကြေးနှင့် အသုံးအဆောင်ပစ္စည်းများကို လုံခြုံစွာသိမ်းဆည်းစောင့်ရှောက်ကြရမည်။ မိမိပတ်ဝန်းကျင်တွင် မိမိကောင်းကျိုးကို လိုလား သည့် မိတ်ဆွေကောင်းရှိနေရမည်။ သမ္မာအာဇီဝကျသောလုပ်ငန်းရှိပြီး ဝင်ငွေနှင့်ထွက်ငွေကို မျှတအောင် သုံးတတ်ရမည်။ ဤလေးချက်ကို လိုက်နာဆောင်ရွက်နိုင်သူဖြစ်လျှင် ပြည့်စုံကြွယ်ဝ သူဖြစ်နေပေလိမ့်မည်။ ဆုတ်ယုတ်ပျက်စီးခြင်းဘေးမှ ကင်းဝေးလိုသူတိုင်းသည် ယနေ့ အယ်ဒီတာ့အာဘော်ကို ဖတ်မှတ်၍ လိုက်နာကျင့်ကြံလုပ်ဆောင်ကာ ကြီးပွားတိုးတက်သော ဘဝတွင် ပျော်ရွှင်နိုင်ကြပါစေကြောင်း ရေးသားလိုက်ရပေသည်။