မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာကန့်ကွက်

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  နိုဝင်ဘာ  ၃၀ ရက်)

မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာကန့်ကွက်

မျက်မှောက်ခေတ်တွင် နယ်ချဲ့နေသည့်စစ်ပွဲပုံသဏ္ဌာန်မှာ နည်းလမ်းအားဖြင့် ခြောက်မျိုးရှိကြောင်း ပညာရှင်တို့ မှတ်တမ်း တင်ထားသည်။ အဆိုပါနည်းလမ်းများမှာ နိုင်ငံရေးနည်းလမ်း၊ စီးပွားရေးနည်းလမ်း၊ လူမှုရေးနည်းလမ်း၊ သဘောတရားရေး နည်းလမ်း၊ ဝါဒဖြန့်ချိရေးနည်းလမ်းနှင့် နောက်ဆုံးအဆင့်မှာ  စစ်ရေးနည်းလမ်းတို့ဖြစ်သည်။ ယနေ့ကမ္ဘာကြီးတွင် အင်အားကြီး နိုင်ငံတချို့က မိမိတို့မလိုလားသော နိုင်ငံများအပေါ်တွင် ကျင့်သုံးနေသော နည်းလမ်းများမှာ ထို့ထက်ပိုသည်ဟုပင်ဆိုနိုင်သည်။ နိုင်ငံတစ် နိုင်ငံ၏ပြည်တွင်းရေးကို ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်ခွင့်မရသောအခါ မစားရသည့်အမဲ သဲနှင့်ပက်လာကြသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း နယ်ချဲ့လက်ပါးစေတို့ တိုက်ရိုက်စွက်ဖက်မှုမလုပ်နိုင်သောအခါ အခြားသော အဖွဲ့အစည်း ကို မြှောက်ပေးခြင်းမျိုးရှိသည်။ ထင်ရှားသောသာဓကမှာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကျူး ကျော်လာသော တရုတ်ဖြူကူမင်တန် အရေးဖြစ်သည်။ ထိုကူမင်တန်တို့ကို အမေရိကန်တို့ ကျောထောက်နောက်ခံပြုထားကြောင်း ထင်ရှားပေါ်လွင်သည်။ နောက်ဆုံးတွင် မြန်မာတို့က ဘက်ပေါင်းစုံတိုက်ထုတ်လိုက်သဖြင့် ကူမင်တန်တို့ ဆုံးရှုံးမှုများစွာဖြင့် ဆုတ်ခွာ သွားရသည်။ မြန်မာ့မြေကိုကျူးကျော်သူ တရုတ်ဖြူများကို တိုက်ထုတ်ပစ်ခဲ့ရသည့် မဲခေါင်စစ်ဆင်ရေးတွင် မြန်မာ့တပ်မတော်က အမေရိကန် လက်နက်ခဲယမ်းမီးကျောက်များ အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။ ထိုကိစ္စကိုအကြောင်းပြု၍ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများက ဝိုင်းဝန်း၍ ဆန္ဒပြခဲ့သည်။

ထိုဆန္ဒပြမှုဖြစ်စဉ်တွင် ကမ္ဘာလှည့်ခရီးသည်တစ်ဦးဖြစ်သူ နိုင်ဂျီးရီးယားနိုင်ငံသား အဂျလာဆိုသူသည်လည်း ရှေ့ဆုံးမှပါဝင်လာ ခဲ့သည်။ အဂျလာသည် စည်းကမ်းသေဝပ်စွာ ဆန္ဒပြနေကြသော တက္ကသိုလ်ကျောင်းသားများကြားမှ အုတ်နီခဲအကျိုးအပဲ့များကို ကောက်၍ အမေရိကန်သံရုံးကို ပစ်ပေါက်ပါလေတော့သည်။ ဗန္ဓုလပန်းခြံအတွင်းမှ ကုလားဒိန်တစ်စုကလည်း ခဲများဖြင့်ပစ်ပေါက်ရာ သံရုံးကိုထိမှန်သည်ထက် တက္ကသိုလ်ကျောင်းသားများကို ပို၍ထိမှန်လေတော့သည်။ ထိုအခါ စည်းကမ်းသေဝပ်စွာ ဆန္ဒပြနေ ကြသော တက္ကသိုလ်ကျောင်းသားများသည် ဒေါသကိုမထိန်းနိုင်တော့ဘဲ အကြမ်းပြန်ဖက်ကြလေတော့သည်။ စာရင်းချုပ်သော် ဆန္ဒပြသူ လူထုကြီးထဲမှ လူသုံးဦးသေဆုံးကာ လူ ၅၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

လက်သည်တရားခံ အဂျလာမှာ ကျောက်တံတားရဲဌာနအတွင်း၌ ကြာကြာမနေလိုက်ရပါ။ အင်္ဂလိပ်သတင်းစာတိုက်ကြီးတစ်တိုက်မှ အယ်ဒီတာချုပ်တစ်ဦးနှင့် အယ်ဒီတာတစ်ဦးတို့က ငွေ ၅၀၀၀ ကျပ်အာမခံပေး၍ ပြည်နှင်ဒဏ်မျှသာခံယူပြီး လေကြောင်းခရီးဖြင့် သက်သက်သာသာပြည်တော်ပြန်သွားနိုင်ခဲ့လေသည်။ အဂျလာ၏ ကျုံးသွင်းမှုထဲတွင်ဝင်သွားပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သော ကြောင့် မြန်မာ့တပ်မတော်၏ မဲခေါင်စစ်ဆင်ရေးအောင်ပွဲမှာ မှေးမှိန်သွားခဲ့ရလုနီးနီးဖြစ်ခဲ့ရသည်။ ရန်ကုန်မြို့မှ ပြည်ချစ်မျိုးချစ် လူထုကြီးနှင့် ရန်ကုန်တက္ကသိုလ် ကျောင်းတော်သားများ၏ နယ်ချဲ့ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်ပြသပွဲကြီးမှာ မြေပေါ်မြေအောက် လက်ဝဲသမားများ၏ အကြမ်းဖက်မှု၊ ဆူပူခိုင်းမှုဖြစ်သယောင်ယောင် သိက္ခာချခံခဲ့ရသည်။

ဤသည်မှာ ၁၉၆၁ ခုနှစ်က ဖြစ်ရပ်မှန်သင်ခန်းစာဖြစ်သည်။ ယနေ့ကာလတွင်လည်း အမေရိကန်ပြည်ထောင်စု အပါအဝင်နိုင်ငံ အချို့က မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်နေဆဲဖြစ်သည်။ NUG၊ CRPH၊ PDF အကြမ်းဖက် အဖွဲ့များ၏ အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက်၊ မီးရှို့ဖျက်ဆီးခံရမှု အရေအတွက်လွန်စွာများပြားသည်။ နိုင်ငံတော်ပိုင် မီဒီယာများတွင် အရေအတွက်ကို  ခိုင်မာတိကျစွာ ဖော်ပြထားသည်။  နောက်ဆုံးတွင်  ပြည်သူတစ်ရပ်လုံးက မခံမရပ်နိုင်ဖြစ် လာသည်။ NUG၊ CRPH အကြမ်းဖက်အဖွဲ့မှ NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော်အား လက်နက်/ခဲယမ်းနှင့် ငွေကြေးများထောက်ပံ့၍ ရန်ကုန်မြို့ အတွင်းအကြမ်းဖက် လုပ်ရပ်လုပ်ဆောင်နေခြင်းများကို ဖော်ထုတ်ဖမ်းဆီးရမိသည်။ အကြမ်းဖက်အဖွဲ့များ၏ ကျူးလွန်မှုနှင့် အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်နေသော အကြမ်းဖက်လုပ်ရပ်များကို အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံအချို့က သိနေပါလျက် လျစ်လျူရှုနေသည်။ ပြစ်တင်ရှုတ်ချခြင်း၊ တားဆီးခြင်း၊ ရပ်တန့်ပေးရန် ဖော်ပြခြင်း၊ တောင်းဆိုခြင်းများကို ပြုရမည့်အစား သွေးထိုး လှုံ့ဆော် မြှောက်ပင့်ပေးလျက်ရှိသည်။

အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအချို့က ၂၆-၁၁-၂၀၂၁ ရက်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ပူးတွဲကြေညာချက် ထုတ်ပြန်သည်။ ထိုကြေညာချက်မှာ အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် အစိုးရဆန့်ကျင်နေသူများ၊ အကြမ်းဖက်အဖွဲ့များထံမှ ရရှိသည့် အချက်များကို အခြေခံထားသည်။ ထို့ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက “အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့်ကိစ္စများ၊ မှန်ကန်မှုမရှိသော အချက်များအပေါ် အခြေခံထားပြီး ဘက်လိုက်မှုရှိ၍ နိုင်ငံရေးရည်ရွယ်ချက် ရှိရှိထုတ်ပြန်ခဲ့သည့် အဆိုပါပူးတွဲကြေညာချက်ကို မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း” နိုဝင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးကို ထိပါးနှောင့်ယှက် ဖျက်ဆီးလိုသူများ၏ အကြံအစည်ကို ပြည်သူတစ်ရပ်လုံးကလည်း လက်ခံမည်မဟုတ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။