အမေရိကန်နှင့်ပြိုင်ဘက်နိုင်ငံများအား လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည့် ရုရှား၏ ဂြိုဟ်တုဖျက်လက်နက် စမ်းသပ်မှု

ရုရှားနိုင်ငံသည် ဂြိုဟ်တုဖျက်လက်နက် စနစ်တစ်ခုကို  အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုအီဂူက အတည်ပြုပြောကြားလိုက်သည်ကို တွေ့ရသည်။  ရုရှားနိုင်ငံသည်  အဆိုပါဂြိုဟ်တုဖျက်လက်နက်စနစ်ကို ယခုလလယ်ပိုင်းတွင် စမ်းသပ်ခြင်းဖြစ်ပြီး ပတ်လမ်းအတွင်းရှိ Tselina-D ဟု  အမည်ပေးထားသော ဂြိုဟ်တုကိုပစ်ချလိုက်ခြင်း ဖြစ်သည်။  အဆိုပါဂြိုဟ်တုသည် သက်တမ်း ရင့်နေသည့်အပြင် လည်ပတ်မှုမရှိသော ဂြိုဟ်တုတစ်စင်းဖြစ်သည်။

ပစ်ချခြင်းခံလိုက်ရသည့်    ဂြိုဟ်တုအဟောင်းမှ ထွက်ပေါ်လာသည့် အပျက်အစီးများသည် အာကာသအတွင်း လုပ်ဆောင်နေသည့် ဆောင်ရွက်ချက်များအား   အဟန့်အတား မဖြစ်စေခဲ့ကြောင်း  ရုရှားအစိုးရက အတည်ပြုထားပြီး အဆိုပါ လုပ်ဆောင်ချက်သည်  နိုင်ငံတကာအာကာသစခန်းအား အန္တရာယ် ကျရောက်စေနိုင်သည်ဟု ပြောဆိုထားသည့်  အမေရိကန်၏ စွပ်စွဲချက်ကိုပါပယ်ချလိုက်သည်။

ရုရှား၏ အဆိုပါလုပ်ဆောင်ချက်သည် အာကာသအတွင်း လက်နက်အပြိုင်အဆိုင်တပ်ဆင်မှုကို ပိုမိုမြင့်တက်လာစေနိုင်သည့် ဆောင်ရွက်ချက်တစ်ခုအဖြစ် အမေရိကန်က ရှုမြင်လျက်ရှိသည်ဟုလည်း  ဆိုနိုင်သည်။

အာကာသအတွင်း   လက်နက်အပြိုင်တပ်ဆင်ခြင်းဟု ဆိုရာတွင်   ဂြိုဟ်တုဖျက်လက်နက်စနစ်သည် အခြားပြိုင်ဘက်နိုင်ငံများက လွှတ်တင်ထားသည့် ဂြိုဟ်တုများအားချည့်နဲ့ စေနိုင်သည့်  လေဆာလက်နက်စနစ်များလည်း ပါဝင်လာနိုင်သောကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ၎င်းတို့လွှတ်တင်ထားသည့် ဂြိုဟ်တုများ    ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်   အာကာသနည်းပညာကို  အပြိုင်အဆိုင်ရှာဖွေ ထုတ်လုပ်လာနိုင်သောကြောင့်ဖြစ်သည်။

ယခုရုရှားနိုင်ငံက   ပစ်ချလိုက်သည့်ဂြိုဟ်တုကို လေ့လာမည်ဆိုပါက ယင်းဂြိုဟ်တုအား ဆိုဗီယက်ခေတ် ဖြစ်သည့်  ၁၉၈၂ခုနှစ်တွင် အာကာသပတ်လမ်းအတွင်းသို့ လွှတ်တင်ထားသည့်    ဂြိုဟ်တုတစ်စင်း ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။  ရုရှားက အသုံးပြုခဲ့သည့် လက်နက်စနစ်သည် အဆိုပါ Tselina-D ဂြိုဟ်တုအား  အတိအကျ ထိမှန်ခဲ့သည်ဟုဆိုသည်။ အဆိုပါဂြိုဟ်တုအား   ဂြိုဟ်တုဖျက်လက်နက်စနစ်ဖြင့် ပစ်ခတ်၍ ဖျက်ဆီးရာမှထွက်ပေါ်လာသည့် အပျက်အစီးအပိုင်းအစများ၏   အရွယ်အစားမှာ  အလွန်သေးငယ်သည့်အစိတ်အပိုင်းများအပါအဝင် အတော်အတန်ကြီးမားသည့်   အပျက်အစီးများအဖြစ် ထွက်ပေါ်လာခဲ့သည်။  ရုရှားကယခုစမ်းသပ်ပစ်ခတ်လိုက်သည့် ဂြိုဟ်တုဖျက်လက်နက်စနစ်ကို မြေပြင်မှ သို့မဟုတ် လေယာဉ်ပျံတစ်စင်း၏တောင်ပံများမှ ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။

လက်နက်စနစ်ကိုပစ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ယင်းစနစ်သည်  ပစ်မှတ်ထားသည့်ဂြိုဟ်တုဆီသို့ အရှိန်အဟုန်ပြင်းစွာ သွားရောက်ပြီး ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ၎င်းင်းတို့က ဆက်လက်ပြောကြား ထားသည်ကို  တွေ့ရသည်။

ကမ္ဘာ့နိုင်ငံကြီးများရှိ အာကာသအေဂျင်စီများသည် ဂြိုဟ်တုဖျက်လက်နက်စနစ်များ ထုတ်လုပ်နိုင်ရေးအတွက် ပြီးခဲ့သည့် ၁၉၆၀ ပြည့်နှစ်များ ကတည်းကစ၍ ကြိုးပမ်းလျက်ရှိသည်။  သို့သော် ယနေ့အချိန်အထိ အမေရိကန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့ကသာ အဆိုပါနည်းပညာကို ပိုင်ဆိုင်ထားသည်။

ထို့ကြောင့်    ရုရှားကလုပ်ဆောင်ခဲ့သည့် ဂြိုဟ်တုဖျက်လက်နက်စမ်းသပ်မှုကို ဥရောပအင်အားကြီးနိုင်ငံ   တစ်နိုင်ငံဖြစ်သည့်ပြင်သစ်ကဝေဖန်ထားသည်။ ရုရှား၏ အဆိုပါလုပ်ဆောင်ချက်သည် အာကာသအတွင်း ဝန်းကျင်ရှိတည်ငြိမ်မှုကိုရေရှည်လျော့ပါးစေသည်ဟုပြင်သစ်ကဆိုသည်။  အလားတူရုရှား၏ လုပ်ဆောင်မှုနှင့် စပ်လျဉ်း၍ များစွာစိုးရိမ်မကင်းဖြစ်မိသည်ဟု    ဂျာမနီကထုတ်ဖော်ပြောကြားထားပြီး အာကာသနှင့်စပ်လျဉ်း၍ စည်းမျဉ်းစည်းကမ်းအသစ်များ ချမှတ်ရန် တောင်းဆိုလိုက်သည်ကို  တွေ့ရသည်။

ပတ်လမ်းအတွင်းရှိ လည်ပတ်မှုမရှိသော ဂြိုဟ်တုဟောင်းတစ်ခုကို ဖျက်ဆီးရန်အတွက် ရုရှားက ၎င်းတို့၏ ဂြိုဟ်တုဖျက်လက်နက်စနစ်ကို အသုံးပြုစမ်းသပ်ခြင်းသည် မိမိတို့၏ ကာကွယ်ရေးစွမ်းဆောင်ရည်အား ပိုမိုကောင်းမွန်တိုးတက်လာစေရန်အတွက် ကြိုတင်စီစဉ်ထားသည့်   ဆောင်ရွက်ချက်တစ်ခုသာဖြစ်သည်ဟု ရုရှားစစ်ဘက်က တုံ့ပြန်ပြောကြားထားသည်။

မည်သို့ပင်ဆိုစေကာမူ ရုရှားနိုင်ငံက ယခုလုပ်ဆောင်လိုက်သည့် ဂြိုဟ်တုဖျက်လက်နက်စနစ်   စမ်းသပ်ပစ်ခတ်မှုသည် အမေရိကန်အပါအဝင်  ၎င်း၏ဥရောပမဟာမိတ်နိုင်ငံများအား အထိတ်တလန့် ဖြစ်စေခဲ့သည်ဟုဆိုနိုင်သည်။  အဘယ်ကြောင့်ဆိုသော် အမေရိကန်၏ မဟာမိတ်များဖြစ်သည့်  ဥရောပနိုင်ငံတချို့မှာ အဆိုပါ နည်းပညာကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေသည့်အဆင့်တွင်သာ ရှိနေသေးပြီး ရုရုား၏ ဂြိုဟ်တုဖျက်လက်နက်စနစ်နည်းပညာမှာ ၎င်းတို့ထက်သာလွန်နေခြင်းကြောင့်ပင်ဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံ၏ လုပ်ဆောင်ချက်အပေါ် နေတိုးတပ်ဖွဲ့ကလည်း ဝေဖန်ထားပြီး ရုရှား၏  အဆိုပါ လုပ်ဆောင်ချက်သည် မဆင်မခြင် ပြုလုပ်ခဲ့သည့် လုပ်ဆောင်ချက်ဖြစ်သည့်အပြင် ယင်းလုပ်ဆောင်မှုသည် အာကာသပတ်လမ်းအတွင်း  လည်ပတ်နေသည့် တရုတ်အာကာသယာဉ်တစ်စင်းကိုပါ အန္တရာယ်ကျရောက် စေနိုင်သည်ဟု နေတိုးတပ်ဖွဲ့အကြီးအကဲ ဂျန်စတိုတန်ဘာ့က ဝေဖန်ပြောဆိုထားသည်ကို  တွေ့ရသည်။

အချုပ်အားဖြင့်ဆိုရပါမူ ရုရှားက ၎င်းတို့၏ဂြိုဟ်တုဟောင်းတစ်ခုအား  ဖျက်ဆီးရန်အတွက်  ဂြိုဟ်တုဖျက် လက်နက်စနစ်ကို စမ်းသပ်အသုံးပြုလိုက်ခြင်းသည် အာကာသအတွင်း လက်နက်အဖြစ် အသုံးပြုနိုင်သည့် လက်နက်နည်းပညာကိုအပြည့်အဝပိုင်ဆိုင်ထားပြီးဖြစ်သည်ကို   ကမ္ဘာ့နိုင်ငံများအား ဖော်ပြလိုက်ခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

ရုရှား၏ အဆိုပါဆောင်ရွက်ချက်သည်ရုရှားကို  ပြိုင်ဘက်အဖြစ်သဘောထားနေသည့် နိုင်ငံအများအပြားအား   လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့သည်။  အထူးသဖြင့် ရုရုားကိုခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှုမြင်နေသည့် နေတိုးနှင့် အမေရိကန်တို့အနေဖြင့် တိုးတက်လာသည့်    ရုရှား၏နည်းပညာ အသစ်အဆန်းများအား  မျက်စိဒေါက်ထောက်ကြည့်ရှုနေမည့်   အလားအလာရှိကြောင်း    ရေးသား တင်ပြလိုက်ရပါသည်။

Ref: Theguardian, Theconversation