မန်ယူအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန်ပြင်ဆင်နေသည့် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ရီးယဲလ်မက်ဒရစ် အသင်း ခေါ်ယူမည်မဟုတ်

မန်ယူအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန်ပြင်ဆင်နေသည့် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ရီးယဲလ်မက်ဒရစ် အသင်း ခေါ်ယူမည်မဟုတ်

ရီးယဲလ်မက်ဒရစ်အသင်းက ယခုဘောလုံးရာသီ ကုန်လျှင်ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသည့် မန်ယူအသင်းမှ  ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ခေါ်ယူမည်မဟုတ်ဟု   စပိန်နိုင်ငံအခြေစိုက် သတင်းဌာနများက ဖော်ပြခဲ့ကြောင်း သိရသည်။

ပေါ့ဂ်ဘာသည်  ယခုဘောလုံးရာသီ အကုန်တွင် မန်ယူအသင်းနှင့်  စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ် ပြီး  မန်ယူအသင်းက  သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုသော်လည်း ပေါ့ဂ်ဘာကိုယ်တိုင်က အသင်းမှထွက်ခွာလိုသည့်အတွက်  ငြင်းဆိုခဲ့သောကြောင့်  မန်ယူ အသင်းက ရာသီအကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်သွားမည်ဟု ကြေညာထားသည်။

အလားတူ   ရီးယဲလ်မက်ဒရစ် အသင်းကလည်း အစောပိုင်းနှစ်များက ပေါ့ဂ်ဘာကိုခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးပြီး  ယခုဘောလုံးရာသီ အကုန်တွင်  အလွတ် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည်ဖြစ်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း   လာမည့်နွေရာသီတွင် ကစားသမားသစ် ခေါ်ယူရန် စီမံကိန်းနှင့် ပတ်သက်ပြီး အသင်းတာဝန်ရှိသူများနှင့် နည်းပြ အန်ဆယ်လော့တီတို့ကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာတွင် ပေါ့ဂ်ဘာကို ခေါ်ယူမည်မဟုတ်ဟု  အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းက   လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ပေါ့ဂ်ဘာကို ခေါ်ယူမည် မဟုတ်သော်လည်း ချယ်လ်ဆီးအသင်းမှ ရူဒီဂါ၊ ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီတို့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်   ခေါ်ယူမည်ဖြစ်သည့်အပြင် ဒေါ့မွန်အသင်း တိုက်စစ်မှူး ဟာလန်းကိုလည်း ခေါ်ယူမည့် ကစားသမား စာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။