Sunday Times တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကို ဗြိတိန်တင်းနစ်မယ် ရာဒူကာနူရရှိ

Sunday Times တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကို ဗြိတိန်တင်းနစ်မယ် ရာဒူကာနူရရှိ

ဗြိတိန်အခြေစိုက်နာမည်ကြီး သတင်းစာဖြစ်သည့် Sunday Times က ရွေးချယ်ပေးအပ်သည့် တစ်နှစ် တာ အကောင်းဆုံး   အမျိုးသမီး ကစားသမားဆုကို ဗြိတိန်တင်းနစ်မယ် ရာဒူကာနူက ရရှိခဲ့ကြောင်း သိရသည်။

Sunday Times က တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးကစားသမားဆုကို တစ်နှစ်တာအတွင်း စွမ်းဆောင်ရည် အကောင်းမွန်ဆုံးနှင့် အကျော်ကြားဆုံး အမျိုးသမီးကစားသမားများမှ  ရွေးချယ်ချီးမြှင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အသက် ၁၉ နှစ်သာရှိသည့် ရာဒူကာနူသည် စက်တင်ဘာလ အတွင်းက ကျင်းပသည့် ယူအက်စ် အိုးပင်းဂရင်းဆလင်း တင်းနစ်ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိပြီးနောက် ၁၉၇၇ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၄၄နှစ်အတွင်း ဂရင်းဆလင်း တင်းနစ်ချန်ပီယံဆု ရရှိသည့်  ပထမဆုံးဗြိတိန်တင်းနစ်မယ် အဖြစ်ပါ မှတ်တမ်းတင်နိုင်သူဖြစ်သည်။ ထို့ပြင် အဆိုပါပြိုင်ပွဲတွင် ရာဒူကာနူသည်  လက်ရည်စစ်အဆင့်မှ  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး  ပြိုင်ပွဲသမိုင်း တစ်လျှောက်တွင်လည်း လက်ရည်စစ်အဆင့်မှ ဝင်ရောက်ကစားသည့် ကစားသမားများတွင် ပထမဆုံး ချန်ပီယံဆု ဆွတ်ခူးနိုင်သည့် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ရာဒူကာနူသည် ယခုနှစ်အတွင်း တင်းနစ်ပြိုင်ပွဲများတွင်  များစွာတိုးတက်မှုများ ရှိလာပြီး  ဗြိတိန်အတွက်  တင်းနစ်အားကစားနည်းမှ   မှတ်တမ်းကောင်းများ ရယူနိုင်သည့်အတွက် Sunday Times က   တစ်နှစ်တာ အကောင်းဆုံး   အမျိုးသမီးကစား သမားဆုကို ပေးအပ်ခြင်းဖြစ်ပြီး Sunday Times ကပေးအပ်သည့် တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကိုမူ ၂ဝ၂ဝ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိသည့် စက်ဘီး ကစားသမား ရှရီဗာက ရရှိခဲ့ကြောင်း သိရသည်။