သတင်းများကြိုတင် ထွက်ပေါ်ခဲ့သည့်အတိုင်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ပီအက်စ်ဂျီ အသင်းတိုက်စစ်မှူး မက်ဆီက ခုနစ်ကြိမ်မြောက်အဖြစ် ဆွတ်ခူးရရှိ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နှင့်   France Football တို့က ပူးပေါင်းချီးမြှင့်ပေးအပ်သည့် ကမ္ဘာ့ အကောင်းဆုံးကစားသမားဆု (Ballon d'Or) ပေးပွဲအခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် နံနက်က ပြင်သစ်နိုင်ငံ  ပဲရစ်မြို့ရှိ   အမျိုးသားပြတိုက်၌  ကျင်းပရာ သတင်းများကြိုတင် ထွက်ပေါ်ခဲ့သည့်အတိုင်း မက်ဆီက ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးကို ကျော်ဖြတ်ပြီး ခုနစ်ကြိမ်မြောက်အဖြစ် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ယခုနှစ်    ကမ္ဘာ့အကောင်းဆုံးကစားသမားဆု(Ballon d'Or)အတွက်   အစောပိုင်းကတည်းက မက်ဆီက ရရှိခဲ့သည်ဟု သတင်းများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး ယခုအခါ မက်ဆီက ရမှတ် ၆၁၃ မှတ်ရရှိကာ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ဘာစီ လိုနာအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သော  မက်ဆီသည် ပြီးခဲ့သည့်ဘောလုံးရာသီက ဘာစီလိုနာအသင်းနှင့် အောင်မြင်မှု ကြီးကြီးမားမား မရရှိခဲ့သော်လည်း ဇူလိုင် လအတွင်း ကျင်းပခဲ့သည့် ကိုပါအမေရိက ဖလားပြိုင်ပွဲ တွင်  အာဂျင်တီးနား အသင်းနှင့်အတူ  ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံးကစား သမားဆု(Ballon d'Or)အတွက် ရေပန်းစားမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

မက်ဆီအနေဖြင့်   ကစားသမားဘဝ သက်တမ်းတစ်လျှောက်   ကမ္ဘာ့အကောင်းဆုံးကစားသမားဆု (Ballon d'Or)ကို ၂၀၀၉ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်တို့တွင် လေးနှစ်ဆက်တိုက်ရရှိခဲ့သကဲ့သို့ ၂၀၁၅ ခုနှစ်၊ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင်လည်း ထပ်မံရရှိခဲ့ပြီးနောက် စုစုပေါင်း ခုနစ်ကြိမ်မြောက်အဖြစ် စံချိန်တင်ရရှိခဲ့ပြီး အကြိမ်ရေအများဆုံး ရရှိခဲ့သည့်ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သည်။

ယခုနှစ်တွင်   ပေးအပ်ချီးမြှင့်ခဲ့သည့်   ကမ္ဘာ့ အကောင်းဆုံးကစားသမားဆု (Ballon d'Or) ပေးပွဲတွင် မက်ဆီနှင့် အဓိကပြိုင်ဘက်ဖြစ်သည့် မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုသည် အဆင့်(၆) နေရာ၌သာရပ်တည်နိုင်ခဲ့သည်။

အဆိုပါ ဆုပေးပွဲ အခမ်းအနားတွင် တခြားဆုများအဖြစ် အကောင်းဆုံးကလပ် အသင်းဆုကို ချယ်လ်ဆီးအသင်းကလည်းကောင်း၊   တစ်နှစ်တာလူငယ်အကောင်းဆုံး ကစားသမားဆုကို ဘာစီလိုနာအသင်းကွင်းလယ်ကစားသမား   ပက်ဒရီကလည်းကောင်း၊ တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကို ဘာစီလိုနာအမျိုးသမီး အသင်းမှ ပူတဲလက်စ်တို့က အသီးသီးရရှိခဲ့ပြီး ရမှတ် ၅၈၀ မှတ်သာရရှိခဲ့သည့် လီဝန်ဒေါစကီးအနေဖြင့် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု (Ballon d'Or) နှင့် လွဲချော်ခဲ့ရသော်လည်း အကောင်းဆုံးတိုက်စစ် ကစားသမားဆုကို ရရှိခဲ့ကြောင်း သိရသည်။                       

 Ref;L'Equipe