ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ချယ်လ်ဆီး အသင်းအနေဖြင့် ဘရိုက်တန်အသင်း အာဆင်နယ် အသင်းတို့နှင့် ကစားမည့် ပွဲစဉ်များကို ရွှေ့ဆိုင်းရမည်

ချယ်လ်ဆီးအသင်းအနေဖြင့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ယူအေအီးနိုင်ငံ၌ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဘရိုက်တန်အသင်း၊ အာဆင်နယ်အသင်းတို့နှင့် ကစားမည့်  ပွဲစဉ်နှစ်ပွဲကို ရွှေ့ဆိုင်းရမည်ဖြစ်ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ဥရောပတိုက်ကိုယ်စားပြုပြီး ၂၀၂၂ ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အစောပိုင်းက ၂၀၂၂ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ယခုနှစ် ဒီဇင်ဘာလအတွင်း ဂျပန်နိုင်ငံ၌  ကျင်းပရန် သတ်မှတ်ထားသော်လည်း ဂျပန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်နေသည့်အတွက် အိမ်ရှင်နိုင်ငံအပြောင်းအလဲ ပြုလုပ်ခဲ့ပြီးနောက် ယူအေအီးနိုင်ငံ၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှ ၁၂ ရက်တွင်ကျင်းပမည်ဖြစ်ပြီး ချယ်လ်ဆီး အသင်းအနေဖြင့် ဆီမီးဖိုင်နယ်အဆင့်မှ စတင်ကစားရမည်ဖြစ်ကာ ဘရာဇီးကလပ် ပါမီးရက်စ်အသင်းနှင့် စတင်ကစားရမည် ဖြစ်သည်။

ယင်းအတွက် ချယ်လ်ဆီး အသင်းအနေဖြင့်  ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင်ကစားမည့် ဘရိုက်တန်အသင်းနှင့် ပွဲစဉ်နှင့် ဖေဖော်ဝါရီ ၁၂ ရက်တွင်ကစားမည့် အာဆင်နယ် အသင်းနှင့် ပွဲစဉ်တို့ကို ရွှေ့ဆိုင်းကျင်းပရမည်ဖြစ်ကြောင်း သိရသည်။              

 Ref;Fotomobo.com