လာနီညာဖြစ်စဉ်ရှိသော်လည်း ကမ္ဘာ့နေရာဒေသ အနှံ့အပြား၌ ပျမ်းမျှအပူချိန် အထက်ရှိမည်ဟုဆို

ယခုနှစ်တွင် ပုံမှန်ထက်အေးသော ရာသီဥတုဖြစ်စဉ် ဖြစ်သည့် လာနီညာဖြစ်စဉ်ရှိသော်လည်း လာမည့်လ အနည်းငယ်အတွင်း ကမ္ဘာ့နေရာဒေသ အနှံ့အပြား၌   ပျမ်းမျှအပူချိန် အထက်ရှိမည်ဖြစ်ကြောင်း   ကုလသမဂ္ဂက နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်သည်။

လာနီညာဖြစ်စဉ်ဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့်  အရှေ့ပိုင်းတို့ရှိ ရေမျက်နှာပြင်အပူချိန်ကို  အေးစေသည့် နှစ်နှစ်မှ ခုနစ်နှစ်တစ်ကြိမ်ဖြစ်လေ့ရှိသော ရာသီဥတုဖြစ်စဉ်ဖြစ်သည်။

ထိုဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ဝန်းနီးပါးတွင် အေးမြသောရာသီဥတုကို ခံစားရရှိစေနိုင်ကာ ကမ္ဘာ့အပူချိန်အပေါ် သက်ရောက်မှုရှိစေသည့် အယ်နီညိုဖြစ်စဉ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

သို့သော် ကမ္ဘာကြီးပူနွေးမှုက ထိုကဲ့သို့သော သဘာဝရာသီဥတု အေးမြမှုဖြစ်စဉ်ကို ဟန့်တား နှောင့်ယှက်နေကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာ့မိုးလေဝသ အဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အပူပိုင်းပစိဖိတ်ပင်လယ်ရေမျက်နှာပြင်အပူချိန်မှာ ယခုနှစ်ကုန်ပိုင်းအထိ    လာနီညာ ဖြစ်စဉ်ကြောင့်ရသော အပူချိန်ကို ၉၀ ရာခိုင်နှုန်းအထိ ထိန်းထားနိုင်မည် ဖြစ်သော်လည်း လာမည့်နှစ်ပထမသုံးလပတ်တွင် ၇၀ ရာခိုင်နှုန်းမှ   ၈၀ ရာခိုင်နှုန်းသာ ထိန်းထားနိုင်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် မြေပြင်အပူချိန်များမှာလည်း ပျမ်းမျှအပူချိန်အထက်ရှိမည် ဖြစ်ကာ အာရှဒေသမြောက်ပိုင်း၊  အရှေ့မြောက်ပိုင်းနှင့် အာတိတ်ဒေသတို့တွင်  ပုံမှန်မဟုတ်သည့် ပူနွေးသော ဆောင်းရာသီကို ရင်ဆိုင်ရဖွယ်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အလားတူ အရှေ့တောင်အာရှဒေသနှင့်  တောင်အမေရိက တိုက်မြောက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်သော်လည်း တောင်အမေရိကဒေသ၊ တောင်အာရှဒေသနှင့် အရှေ့အလယ်ပိုင်း ဒေသတို့မှာမူ ပူပြင်းခြောက်သွေ့သော ရာသီဥတုကို ခံစားရနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းက ထုတ်ပြန်ထားသည်ဟု    သိရသည်။                      

Ref: CNA