ခေါင်းဆောင်ကောင်းများနှင့်နိုင်ငံတော်

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  ဒီဇင်ဘာ  ၁ ရက်)

ခေါင်းဆောင်ကောင်းများနှင့်နိုင်ငံတော်

မြန်မာနိုင်ငံသမိုင်းတွင် ခေတ်ကြီးသုံးခေတ်ကို ထင်ရှားစွာ မှတ်တမ်းတင်ထားသည်။ ထိုခေတ်ကြီးသုံးခေတ်ကို အဘယ့်ကြောင့် မြန်မာတို့မှတ်တမ်းတင် ဂုဏ်ယူမဆုံးဖြစ်နေကြသနည်းဟူသော အဖြေကိုရှာကြည့်သောအခါ မင်းနှင့်ပြည်သူတို့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိခဲ့ကြောင်း တွေ့မြင်ရမည်ဖြစ်သည်။ ပုဂံခေတ်ပထမမြန်မာနိုင်ငံတော်၊ တောင်ငူခေတ်ဒုတိယမြန်မာနိုင်ငံတော်၊ ကုန်းဘောင်ခေတ် တတိယမြန်မာနိုင်ငံတော်တို့သည် မြန်မာတို့ဂုဏ်ယူဖွယ်ရာများ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အတွက် အထင်ကရ နေရာများတွင် အဆိုပါ မင်းသုံးပါးတို့၏ ရုပ်တုများကို ဂုဏ်ပြုတည်ထားခြင်း ဖြစ်သည်။

ဂုဏ်ယူဖွယ်ကောင်းသော ခေတ်ကာလများကို သုံးသပ်လေ့လာကြည့်မိတိုင်း အင်အားတောင့်တင်း ခိုင်မာသောတပ်မတော်များ တည်ရှိခဲ့ကြောင်း တွေ့ရသည်။ စစ်ရေးစစ်ရာနှင့်ကြုံတိုင်း ထိုခေါင်းဆောင်တို့သည် တပ်မတော်နှင့်နိုင်ငံတော်ကိုဦးဆောင်ခဲ့ကြသည်။ စစ်ကိုနိုင်အောင်တိုက်၍ တိုင်းပြည်ကိုတိုးတက်အောင် စွမ်းဆောင်ခဲ့ကြသည်။ နိုင်ငံတစ်နိုင်ငံတိုးတက်ဖွံ့ဖြိုးရန်မှာ အမှန်တကယ် စွမ်းရည်ရှိသော ခေါင်းဆောင်ကောင်းနှင့် ကျစ်လျစ်ခိုင်မာ အင်အားတောင့်တင်းသော တပ်မတော်တစ်ရပ်ရှိရန် လိုအပ်ကြောင်း တွေ့မြင်ရပေမည်။

မြန်မာတို့သူ့ကျွန်ဘဝ ရောက်ခဲ့ရသောကာလများကို လေ့လာသောအခါ နိုင်ငံကိုမှန်ကန်စွာ ခေါင်းဆောင်နိုင်မှုမရှိကြောင်း တွေ့နိုင် သည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ခဲ့ရသောကာလတွင် တာဝန်အရှိဆုံးမှာ ဘကြီးတော်မင်းဖြစ်သည်။ နန်းတွင်းရေး ရှုပ်ထွေး နေခြင်းနှင့်အတူ ရှင်ဘုရင်၏ ဆုံးဖြတ်ချက်အမှားကြောင့် ပထမစစ်ပွဲရှုံးခဲ့ခြင်းဖြစ်ကြောင်းသုံးသပ်နိုင်သည်။ အင်္ဂလိပ်-မြန်မာဒုတိယ စစ်ပွဲဖြစ်နေသောကာလတွင် တာဝန်အရှိဆုံးသူမှာ ပုဂံမင်းဖြစ်သည်။ ထိုမင်းသည်လည်း စီမံခန့်ခွဲမှုညံ့ခဲ့ကြောင်းတွေ့နိုင်သည်။ တိုင်းပြည်အရေးထက် အပျော်အပါးကို ဝါသနာထုံခဲ့သည်။ နန်းတွင်းရေးကလည်း ထုံးစံအတိုင်း ရှုပ်ထွေးလျက်ရှိသည်။ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲသည်ကား မြန်မာတို့အတွက် ရင်ထုမနာဖြစ်စရာကောင်းလှသည်။ အင်္ဂလိပ်တို့က မြန်မာတို့အပေါ် လေဖြင့် စစ်တိုက်သွားခဲ့ခြင်းဖြစ်သည်။ ယနေ့ခေတ်စကားဆိုရသော် လော်ဘီများကိုအသုံးချကာ အမျိုးမျိုးသော ကောလာဟလများ၊ သွေးထိုး လှုံ့ဆော်မှုများ၊ သွေးခွဲမှုများဖြင့် မြန်မာနိုင်ငံကို လွယ်ကူစွာသိမ်းပိုက်သွားခဲ့ခြင်းဖြစ်သည်။

လွတ်လပ်ရေးဆုံးရှုံးသွားရသည်မှာ ရက်ပိုင်းအတွင်းမျှသာဖြစ်သော်လည်း ထိုဆုံးရှုံးသွားသော လွတ်လပ်ရေးပြန်လည် ရရှိရေးတိုက် ခိုက်ခဲ့ရသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့သည်။ မြန်မာတို့ ကံကောင်းခဲ့သည်မှာ အမျိုးဘာသာသာသနာ မကွယ်ပျောက်အောင် စောင့်ရှောက်နိုင်ခဲ့၍လည်းကောင်း၊ အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် ပျက်ယွင်းမသွား၍လည်းကောင်း လွတ်လပ်ရေး ပြန်လည် ရရှိလိုက်ခြင်းဖြစ်သည်။ ငါ့နိုင်ငံလွတ်လပ်ရေးရအောင် ငါတို့လူငယ်တွေစွန့်စားမယ်။ ဘယ်လိုပဲပင်ပန်းပင်ပန်း ဘယ်လိုပဲ အခက်အခဲတွေ ရှိနေပါစေ ငါတို့ဖြတ်ကျော်ပြီး ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်မယ်ဟူသော စိတ်ဓာတ်ဖြင့် မျိုးချစ် လူငယ်တို့ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

မျိုးချစ်လူငယ်များစွာထဲက သခင်အောင်ဆန်းဦးဆောင်သောလူငယ် ၃၀ ဦးတို့သည် ဂျပန်တို့နှင့်ဆက်သွယ်ကာ စစ်ပညာများ သင်ကြားနိုင်ခဲ့သည်။ ထို့နောက် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်၏ ပထမဆုံးခေါင်းဆောင်ဖြစ်ခဲ့သည်။ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်။ နိုင်ငံလွတ်လပ်ရေးရရှိချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းကား ကွယ်လွန်ခဲ့ပြီဖြစ်သည်။ လွတ်လပ်ရေးရပြီး ကာလပေါ်ပေါက်လာခဲ့သော ပြည်တွင်းသောင်းကျန်းမှု၊ ပြည်ပကျူးကျော်မှုများကို ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကြီးနေဝင်းက တပ်မတော်ကိုဦးဆောင်ကာ ပြောင်ပြောင်မြောက်မြောက် တိုက်ပွဲဝင်ခဲ့ရသည်။ ခေါင်းဆောင်ကောင်း ပေါ်ပေါက်လာခြင်းကြောင့် မြန်မာတို့လွတ်လပ်ရေးရရှိခဲ့သလို ခေါင်းဆောင်ကောင်းရှိနေ၍ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်။

ထို့ကြောင့် တပ်မတော်တွင် ခေါင်းဆောင်မှုအင်္ဂါရပ်နှင့်ပတ်သက်၍ ထိုးထွင်းကြံဆလုပ်ဆောင်တတ်မှုနှင့် တီထွင်လုပ်ကိုင် ဆောင်ရွက် တတ်မှုရှိရမည်။ ကွပ်ကဲမှုနှင့် ကြီးကြပ်မှုကောင်းရမည်။ ဗဟုသုတကြွယ်ဝပြီး လေ့လာလိုစိတ်ရှိရမည်။ အကျင့်စာရိတ္တ ကောင်းရမည်။ စိတ်ဓာတ်ကောင်းရမည်။ သစ္စာရှိရမည်။ တပ်မှူးကောင်း စိတ်ဓာတ်နှင့်မိဘသဖွယ်စိတ်ဓာတ်ရှိရမည်။ စည်းကမ်း အရာမှာ စံနမူနာပြဖြစ်ရမည်။ တပ်၏ကောင်းရာကောင်းကျိုးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက်လိုစိတ်ရှိရမည်။ ဇွဲ လုံ့လ ဝီရိယနှင့် ကြိုးစားမှုရှိရမည်။ စိတ်ရင်းစေတနာကောင်းရှိရမည်။ တညီတညွတ်တည်း စုပေါင်းဆောင်ရွက်လိုသည့်အဖွဲ့အစည်းစိတ်ဓာတ် ရှိရမည်။ သတ္တိဗျတ္တိရှိရမည်။ မိမိခေါင်းဆောင်သည့်အဖွဲ့အစည်းအား အမြဲစည်းလုံးညီညွတ်မှုရှိနေအောင် တည်ဆောက်နိုင်စွမ်း ရှိရမည်။ အခွင့်အရေးနှင့် ယှဉ်လာလျှင် မိမိကအမြဲအနစ်နာခံတတ်ရမည်။ စွမ်းရည်သုံးရပ်ပြည့်စုံရမည်ဟူ၍ ဖော်ပြထားသည်။ ခေါင်းဆောင် ကောင်းများထွန်းကားနေသမျှ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည် တည်တံ့ခိုင်မြဲနေမည်ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။  ။