ကမ္ဘာ့ကပ်ရောဂါကြီးကို အဆုံးသတ်စေဖို့ဆိုရင်

ကမ္ဘာ့ကပ်ရောဂါကြီးကို အဆုံးသတ်စေဖို့ဆိုရင်

ယနေ့အချိန်မှာ ကမ္ဘာပေါ်ရှိ လူသားအားလုံး မျှော်လင့်တောင့်တနေတဲ့ တစ်ခုတည်းသော အရာကတော့ လက်ရှိဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါကြီး အမြန်ဆုံး အဆုံးသတ်သွားဖို့ ဖြစ်တယ်လို့ပြောရင် မှားမယ်မထင်ပါဘူး။ ဖြစ်စဉ်တိုင်းမှာ အစရှိသလို အဆုံးသတ်ဆိုတာ ရှိစမြဲပါ။ အခုကမ္ဘာ့ကပ်ရောဂါကြီးရဲ့အစကတော့ နိုဗယ်ကိုရိုနာဗိုင်းရပ်စတင်ကူးစက်မှုဖြစ်ပြီး အဆုံးသတ်ဆိုတာကတော့ လူသားအားလုံး ဒီရောဂါကူးစက်မှုကို ခံနိုင်ရည်ရှိသွားဖို့ ဖြစ်ပါတယ်။ ဒီလိုအဆုံးသတ်အခြေအနေကို ရောက်ပြီဆိုရင် ကမ္ဘာ့ကပ်ရောဂါဆိုတာ ဘာမှမဟုတ်တော့တဲ့ အခြေအနေဖြစ်သွားမှာပါ။ ဒါပေမဲ့ အဲဒီလိုအခြေအနေကို ရောက်ဖို့ အတွက် အတိုင်းအတာတစ်ခုအထိတော့ ရင်းနှီးပေးဆပ်ရပါလိမ့်မယ်။ လူသားအားလုံး ရောဂါကူးစက်မှုကိုခံနိုင်ရည်ရှိဖို့ဆိုရင် လူသားအားလုံးနီးပါးမှာ ဗိုင်းရပ်ကိုတိုက်ထုတ်နိုင်တဲ့ တစ်နည်းအားဖြင့် ရောဂါပြီးစေနိုင်တဲ့ ကိုယ်ခံအားရှိနေဖို့လိုပါတယ်။ အဲဒီအခြေအနေကို လူထုတစ်ရပ်လုံးရောဂါပြီးမှုလို့ ခေါ်ပါတယ်။ လူထုတစ်ရပ်လုံး ရောဂါပြီးသွားပြီဆိုရင် လူအချင်းချင်း ဗိုင်းရပ်ပျံ့နှံ့စေတာမျိုး မရှိတော့တဲ့အတွက် ကမ္ဘာ့ကပ်ရောဂါကြီးကလည်း အဆုံးသတ်သွားမှာပါ။ ဒီတော့ လူထုတစ်ရပ်လုံးရောဂါပြီးဖို့အတွက် ဘာတွေလိုအပ်မလဲ၊ ဘာတွေလုပ်ရမလဲဆိုတာ သိဖို့လိုအပ်လာပါတယ်။ ဒီလိုရောဂါပြီးဖို့အတွက် နည်းလမ်းနှစ်ခု ရှိပါတယ်။ ပထမနည်းလမ်းက ရောဂါကူးစက်ခံရတာဖြစ်ပြီး ဒုတိယနည်းလမ်းကတော့ ရောဂါပြီး ကိုယ်ခံအားကိုရရှိစေတဲ့ကာကွယ် ဆေးထိုးတာဖြစ်ပါတယ်။

ပထမနည်းလမ်းမှာတော့ ရောဂါကူးစက်ခံရသူဟာ ပြန်ပြီးနာလန်ထူလာဖို့လိုပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေတွေ ကိုကြည့်မယ်ဆိုရင် နဂိုရောဂါအခံရှိသူတွေဟာ ဗိုင်းရပ်ကူးစက် မှုဒဏ်ကို မခံနိုင်ဘဲ သေဆုံး သွားတာများ ပါတယ်။ ဒီလိုနည်းနဲ့ လူထုတစ်ရပ်လုံးရောဂါပြီး ဖို့ဆိုရင် သေဆုံးသူ အရေအတွက်ကလည်း မရေမတွက်နိုင်အောင် များပြားလာပါလိမ့်မယ်။ ဒါကြောင့် ဒီလိုဖြစ်လာမှာကို ဘယ်သူမှမလိုလားကြပါဘူး။ လူထုတစ်ရပ်လုံး ရောဂါပြီးဖို့ အတွက် ဒုတိယနည်းလမ်းဖြစ်တဲ့ ကာကွယ်ဆေးထိုးခြင်းကတော့ ရောဂါပြီးတဲ့ ကိုယ်ခံအားက လူထုကြားမှာ မြန်မြန်ဆန်ဆန် နဲ့ပျံ့နှံ့နိုင်တဲ့အပြင် ပိုမိုယုံကြည်စိတ်ချနိုင် ပါတယ်။ လက်ရှိအချိန်မှာတော့ လူထုတစ်ရပ်လုံးအသုံးပြုနိုင်မယ့် ကာကွယ်ဆေးမထွက်ပေါ် လာသေးပါဘူး။ ဒါပေမဲ့ အရေးအကြီးဆုံးဖြစ်တဲ့ နောက်ဆုံးအဆင့်လက်တွေ့စမ်းသပ်မှုတွေ လုပ်နေတာ ပြီးကြတော့မှာပါ။ ကာကွယ်ဆေးရတဲ့အချိန် လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ ကာကွယ်ဆေးထိုးပြီးပြီဆိုရင် ဒါဟာ လူထုတစ်ရပ်လုံးရောဂါပြီးတဲ့ အခြေအနေကိုရရှိနိုင်တယ်လို့   ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ထား ပါတယ်။

အကောင်းဆုံးကတော့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းက ကာကွယ်ဆေးထိုးခွင့်ရရှိခြင်းပါပဲ။   ဒါဟာ  ထွက်ပေါ်လာမယ့် ကာကွယ်ဆေးတွေရဲ့ အကျိုးသက်ရောက်နိုင်မှုအပေါ်မူတည်ပြီး  ပညာရှင်တွေက ခန့်မှန်းတွက်ချက်ထား တာပါ။ ကမ္ဘာပေါ်မှာ လူဦးရေ သန်းပေါင်း ၇၈၀၀ ရှိပါတယ်။ အဲဒီထဲကမှ လူဦးရေ ၇၀ ရာခိုင်နှုန်းဆိုရင် သန်းပေါင်း ၅၄၆၀ ရှိပါတယ်။ ဒီတော့ ကမ္ဘာပေါ်ရှိ လူဦးရေသန်းပေါင်း ၅၄၆၀ စလုံးကာကွယ်ဆေး ထိုးပြီးမှသာ လူထုတစ်ရပ်လုံး ရောဂါပြီးတဲ့ အခြေအနေရောက်မှာပါ။ ပျမ်းမျှအားဖြင့် ကမ္ဘာ့လူဦးရေ ၇၀ ရာခိုင်နှုန်းအတွက် လိုအပ်တဲ့ ကာကွယ်ဆေး အရေအတွက်က သန်းပေါင်း ၁၀၉၂၀ ရှိပါလိမ့်မယ်။ အဲဒီလောက်များတဲ့ အရေအတွက်ကို ဆေးဝါးထုတ်လုပ်ရေးစက်ရုံတွေက ချက်ချင်း မထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့် လူထုတစ်ရပ်လုံးရောဂါပြီးဖို့ဆိုရင် အချိန်အားဖြင့် တော်တော်လေးကို ကြာမြင့်ပါလိမ့်မယ်။

အကယ်၍ ကာကွယ်ဆေးတွေ ရရှိလာပြီဆိုရင်လည်း ဦးစားပေးအုပ်စုတွေကိုသာ ကာကွယ်ဆေးထိုးနှံပေးသွားဦးမှာပါ။ အဲဒီအုပ်စုတွေထဲမှာ ဘယ်သူတွေပါမလဲဆိုရင် ဗိုင်းရပ် တိုက်ဖျက်ရေးလုပ်ဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ရောဂါကူးစက်လွယ်သူတွေ ပါပါတယ်။ ကျန်တဲ့သူတွေကတော့ နောက်ထပ်ကာကွယ်ဆေးရရှိမယ့် အချိန်ကို စောင့်ရဦးမှာပါ။ ဒီလိုစောင့်နေတဲ့အချိန်မှာလည်း ကိုယ့်ကိုရောဂါ မကူးစက်အောင် ဆင်ခြင် နေထိုင်ရပါလိမ့်မယ်။ ကူးစက်တတ်တဲ့ ရောဂါတစ်ခုဟာ သွားလာလှုပ်ရှားမှုရှိနေတဲ့ လူအုပ်စုတွေထဲမှာ ပိုမိုပျံ့နှံ့လွယ်ပါတယ်။ သွားလာ လှုပ်ရှားမှုမရှိတဲ့ လူအုပ်စုတွေထဲမှာတော့ ရောဂါကူးစက်ပျံ့နှံ့မှုက မရှိသလောက်ကိုနည်းပါးပါတယ်။ ဒါကြောင့် ကိုယ့်အတွက် ကာကွယ်ဆေး မရသေးခင်စပ်ကြား ရောဂါကူးစက်မှုမခံရအောင် အခြေခံကျတဲ့ လမ်းညွှန်မှုတွေဖြစ်တဲ့ နှာခေါင်းစည်းတပ်ခြင်း၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေခြင်း၊ လက်ကို မကြာခဏဆေးခြင်းတို့ကို လုပ်ဆောင်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ကိုယ်ဟာသွားလာ လှုပ်ရှားမှု မရှိတဲ့ လူအုပ်စုထဲမှာပါဝင်နေရင်တော့ အကောင်းဆုံးပါပဲ။ ဒီတော့ အားလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် လူထုတစ်ရပ်လုံးရောဂါပြီးမှသာ ကမ္ဘာ့ကပ်ရောဂါကြီး အဆုံးသတ်ပါ မယ်။ လူထုတစ်ရပ်လုံး ရောဂါပြီးဖို့အတွက် ကာကွယ်ဆေးကသာ အဓိကဖြစ်ပါတယ်။ ကာကွယ်ဆေးမရသေးခင်စပ်ကြား ကိုယ့်ကိုရောဂါမကူးစက်အောင် အသိ၊ သတိတို့နဲ့သာ နေမယ်ဆိုရင် ကိုယ့်အတွက် ရောဂါကာကွယ်ဆေးထိုးမှုကို ကိုယ်ကိုယ်တိုင်ခံယူပြီး ကမ္ဘာ့ ကပ်ရောဂါကြီးအဆုံးသတ်သွားတာကို   မြင်တွေ့ခွင့်ရဦးမှာမလွဲ ဧကန်ပဲဖြစ်ပါတယ်။

Ref: CNA