အိုမေခရွန်(omicron) မျိုးဗီဇပြောင်းရောဂါပိုးနဲ့ ပတ်သက်လို့ အလွန်စိုးရိမ် ထိတ်လန့်စရာမလိုဘဲ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းတွေကို ဆက်လက်၍ မမေ့မလျော့ လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ် . . .

အိုမေခရွန်(omicron) မျိုးဗီဇပြောင်းရောဂါပိုးနဲ့ ပတ်သက်လို့ အလွန်စိုးရိမ် ထိတ်လန့်စရာမလိုဘဲ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းတွေကို ဆက်လက်၍ မမေ့မလျော့ လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ် . . .

မေး။ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမေခရွန် (omicron) (B.1.1.529)  ကို ဘာကြောင့် အထူးသတိပြုစောင့်ကြည့်ရမှာလဲ။

ဖြေ။ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမေခရွန် (omicron) (B.1.1.529) မှာ စုစုပေါင်း မျိုးဗီဇပြောင်းလဲမှု (၅ဝ) ခန့် ရှိတယ်လို့ သိရှိရပြီး အဓိကကျတဲ့ နေရာဖြစ်တဲ့ ဗိုင်းရပ်ပိုးရဲ့ဆူးချွန်မှာ မျိုးဗီဇပြောင်းလဲမှု (၃ဝ) ခန့်အထိရှိလို့ မျိုးဗီဇပြောင်းလဲမှု အလွန်များပြားတယ်လို့သိရပါတယ်။

ဒါကြောင့်လည်း အဲဒီပိုးမျိုးကွဲ စတင်တွေ့ရှိတဲ့ တောင်အာဖရိကနိုင်ငံက ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကို အကြောင်းကြားခဲ့တာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နည်းပညာ ကွန်ဖရင့် (၂၆-၁၁-၂ဝ၂၁) တွင် ဒီမျိုးကွဲအသစ်နဲ့ ပတ်သက်လို့  ဆွေးနွေးအပြီးမှာ စိုးရိမ်သဖွယ်ကူးစက် ဖြစ်ပွားမှုများ ဖြစ်ပေါ်နိုင်သည့်    မျိုးဗီဇပြောင်းပိုးများ အုပ်စု (Variants of Concern) မှာ အယ်(လ်)ဖာ၊ ဘီတာ၊ ဂမ်မာနဲ့ဒယ်(လ်)တာ တို့နဲ့အတူ အိုမေခရွန် (omicron)  မျိုးဗီဇပြောင်းပိုးအဖြစ် ငါးခုမြောက် အမည်ပေးထည့်သွင်း လိုက်တာဖြစ်ပါတယ်။ 

မေး။  ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမေခရွန် (omicron) (B.1.1.529) ကို ဘယ်နေရာ၊ ဘယ်အချိန်မှာ စတင်တွေ့ရတာပါလဲ။

ဖြေ။ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမေခရွန် (omicron) (B.1.1.529) စတင်ရာအဖြစ် အာဖရိကတိုက်၊ တောင်အာဖရိကနိုင်ငံနဲ့ ဘော့ဆွာနာနိုင်ငံလို့ ကနဦး သိထားရပါတယ်။ စတင်အတည်ပြု တွေ့ရှိရခြင်း အနေနဲ့ ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ တောင်အာဖရိကနိုင်ငံက ရရှိတဲ့  ဓာတ်ခွဲနမူနာတစ်ခုမှာ တွေ့ခဲ့ရတာဖြစ်ပြီး ဒီလိုတွေ့ရှိရမှုကို   တောင်အာဖရိကနိုင်ငံက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို သတင်းပေးပို့ခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

အိုမေခရွန် (omicron) (B.1.1.529)  အဖြစ် စတင်တွေ့ရှိ အတည်ပြုပြီး ၃ဝ-၁၁-၂ဝ၂၁  ရက်နေ့အထိ တောင်အာဖရိက၊ ဘော့ဆွာနာ၊ နယ်သာလန်၊ ပေါ်တူဂီ၊ ယူကေ၊ သြစတြေးလျ၊ ဂျာမနီ၊ အီတလီ၊ ဟောင်ကောင်၊ ကနေဒါ၊ အစ္စရေး၊ ဒိန်းမတ်၊ သြစတြီးယား၊ ဆွီဒင်၊ ဘယ်လ်ဂျီယမ်၊ ချက်၊ စပိန်တို့ပါဝင်တဲ့ ကမ္ဘာတစ်ဝန်း နိုင်ငံ/ဒေသပေါင်း ၁၇ ခုကို ပျံ့နှံ့ရောက်ရှိနေတာကို အတည်ပြု ပြီးဖြစ်တယ်လို့ သိရပါတယ်။   ဒါ့အပြင် ပြင်သစ်၊ ဖင်လန်၊ ဂျပန်၊ ဆွစ်ဇာလန်စတဲ့ နိုင်ငံတွေကိုလည်း ရောက်ရှိနေနိုင်ဖွယ်ရှိပြီး ကမ္ဘာတစ်ဝန်း အတည်ပြုလူနာ ၁၉၉ ဦးနဲ့ သံသယဖြစ်ဖွယ်လူနာ ၁၃ဝ၂  ဦး အထိ ရှိနေပြီဖြစ်ပါတယ်။

မေး။ အိုမေခရွန် (omicron) (B.1.1.529) မှာ မျိုးဗီဇပြောင်းလဲမှုတွေ များနေတာတွေကနေ ဘယ်လိုနောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါသလဲ။

ဖြေ။ ဒီလို ဗီဇပြောင်းတာတွေများတဲ့ ကိုဗစ်-၁၉ ရောဂါပိုး အနေနဲ့ကတော့ မူလကိုဗစ်-၁၉ ပိုးရဲ့ရောဂါကူးစက် ပြန့်ပွား/ဖြစ်ပွားစေတဲ့ ပြုမူပုံတွေနဲ့ လုံးဝမတူနိုင်တော့တာ ဖြစ်ပါတယ်။   လတ်တလောမှာ  သူ့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို  ဆက်လက် စောင့်ကြည့်လျက်ရှိပြီး   ဖြစ်နိုင်ခြေရှိတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအနေနဲ့ -

(က) ဆူးချွန်မှာပါရှိတဲ့ ခုခံအားစနစ်အရ အရေးပါတဲ့နေရာတွေမှာ ပြောင်းလဲမှုတွေ ဖြစ်ခြင်းကြောင့်   ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုကို လျော့ကျနိုင်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးသူများတွင်လည်း ရောဂါထပ်မံ၍ ဖြစ်ပွားစေနိုင်ခြင်းနှင့် လူလုပ်ပဋိပစ္စည်း (therapeutic monoclonal antibodies)  တွေရဲ့ ထိရောက်မှုကိုလည်း လျော့ကျစေနိုင်ပါတယ်။

(ခ) ဆူးချွန်မှာပါရှိတဲ့ လူ့ခန္ဓာကိုယ် ဆဲလ်ထဲကိုဝင်နိုင်အောင် ဆောင်ရွက်တဲ့အပိုင်းမှာ ပြောင်းလဲမှုတွေဖြစ်ခြင်းကြောင့်   ရောဂါကူးစက်ပျံ့နှံ့မှုကို   ပိုမိုမြန်ဆန်စေနိုင်ပါတယ်။

(ဂ) အယ်(လ်)ဖာ၊ ဘီတာ၊ ဂမ်မာနဲ့ လမ်ဘဒါ မျိုးကွဲတွေမှာလို   ပြောင်းလဲမှုတွေကြောင့် မွေးရာပါကိုယ်ခံအား စနစ်ကို ရှောင်လွှဲနိုင်စွမ်းတွေ ရှိလာနိုင်လို့ ရောဂါကူးစက် ပျံ့နှံ့မှုကို ပိုမိုမြန်ဆန်စေနိုင်ပါတယ်။

(ဃ) ကိုဗစ်-၁၉ ရောဂါပိုးရဲ့အတွင်းရှိ မျိုးဗီဇမှာလည်း အယ်(လ်)ဖာ၊ ဂမ်မာနဲ့ လမ်ဘဒါ မျိုးကွဲတွေမှာလို ပြောင်းလဲမှုတွေဖြစ်လို့ ရောဂါဝင်ရောက် ကူးစက်ဖြစ်ပွားနိုင်ခြင်း (infectivity) ကို မြင့်တက်လာနိုင်ဖွယ်ရှိတာ တွေ့ရပါတယ်။

ဖော်ပြပါ   ပုံ(၁)မှာ   အိုမေခရွန် (omicron) (B.1.1.529) ဗိုင်းရပ်မျိုးကွဲဟာ ဒယ်လ်တာနဲ့ ဘီတာဗိုင်းရပ် မျိုးကွဲတွေနဲ့နှိုင်းယှဉ်လျှင် အချိန်တိုအတွင်းမှာ ကူးစက်ခံရသူ ရာခိုင်နှုန်း အရေအတွက်ဟာ လျင်မြန်စွာ များပြားလာတာကို တွေ့ရနိုင်ပါတယ်။

မေး။  အိုမေခရွန် (omicron) ဗီဇပြောင်းပိုးကနေ  ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအပေါ် ဘာတွေဆက်ဖြစ်နိုင်ပါသလဲ။

ဖြေ။ လက်ရှိတောင်အာဖရိကနိုင်ငံရဲ့ အခြေအနေကိုကြည့်ရရင်   ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေဟာ  မျိုးဗီဇပြောင်းလဲတဲ့ ပိုးတွေ   ဝင်ရောက် ကူးစက်ဖြစ်ပွားမှုနဲ့အတူ ရောဂါဖြစ်ပွားမှုတွေကို လှိုင်းအသွင်တွေ့မြင်ရတာဖြစ်ပြီး ပူးတွဲပါ  ပုံ(၂) မှာ အိုမေခရွန် (omicron) ဝင်ရောက်လာမှုနဲ့အတူ လှိုင်းတစ်လှိုင်းအသစ် ဖြစ်ပွားလာနိုင်မှုရဲ့အစအသွင်ဖြစ်နေတာမို့ သတိကြီးစွာ ထားပြီးစောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။

မေး။ အိုမေခရွန် (omicron)  ဗီဇပြောင်းပိုး နဲ့ပတ်သက်လို့ ကမ္ဘာ့နိုင်ငံများရဲ့ ဆောင်ရွက် ချက်ကို သိပါရစေ။

ဖြေ။ လက်ရှိအချိန် (၃ဝ-၁၁-၂ဝ၂၁) ရက်နေ့အထိ သိရှိရချက်များအရ ကမ္ဘာတစ်ဝန်း နိုင်ငံ/ဒေသပေါင်း  ၇ဝ ခန့်က အာဖရိကတိုက် တောင်ပိုင်းနိုင်ငံတွေနဲ့ ခရီးသွားလာမှု ကန့်သတ်ချက်တွေ တိုးမြှင့်ဆောင်ရွက်ပြီးဖြစ်၍   အဲ့ဒီလို တိုးမြှင့်ဆောင်ရွက်တဲ့ နိုင်ငံအရေအတွက်ကလည်း တစ်နေ့တခြား တိုးတက်လျက်ရှိတယ်လို့ သိရပါတယ်။

ခရီးသွားလာမှု ကန့်သတ်ချက်တွေ တိုးမြှင့်ဆောင်ရွက်တဲ့ နိုင်ငံတွေကို   ဥပမာပေး တင်ပြရရင် ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယမ်၊ မော်လတာ၊  ချက်နိုင်ငံတွေကတော့ တောင်အာဖရိကတိုက်က ခြောက်နိုင်ငံဖြစ်တဲ့ တောင်အာဖရိက၊ နမီးဘီးယား၊ လီဆိုသို၊ ဘော့ဆွာနာ၊ အက်(စ်)ဆွာတီနီ(ဆွာဇီလန်)၊ ဇင်ဘာဘွေနိုင်ငံတွေက လေယာဉ်တွေဝင်ရောက်မှုကို  ကန့်သတ်လိုက်ပြီဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံကလည်း  တောင်အာဖရိကတိုက်က ခြောက်နိုင်ငံဖြစ်တဲ့ တောင်အာဖရိက၊ နမီးဘီးယား၊ လီဆိုသို၊ဘော့ဆွာနာ၊ အက်(စ်)ဆွာတီနီ(ဆွာဇီလန်)၊ ဇင်ဘာဘွေနိုင်ငံတွေက ခရီးသွားတွေ ဝင်ရောက်မှုကို ကန့်သတ်လိုက်ပြီဖြစ်ပါတယ်။

မော်လဒိုက်နိုင်ငံကလည်း  တောင်အာဖရိကတိုက်က ခုနစ်နိုင်ငံဖြစ်တဲ့ တောင်အာဖရိက၊ နမီးဘီးယား၊   လီဆိုသို၊ ဘော့ဆွာနာ၊ အက်(စ်)ဆွာတီနီ (ဆွာဇီလန်)၊ ဇင်ဘာဘွေ၊ မိုဇမ်ဘစ်နိုင်ငံတွေက  ခရီးသွားတွေ ဝင်ရောက်မှုကို ကန့်သတ်လိုက်ပြီဖြစ်ပါတယ်။

အစ္စရေးနှင့် စင်ကာပူနိုင်ငံတွေကတော့ သူ့နိုင်ငံသားတွေကို တောင်အာဖရိကနိုင်ငံ ကိုသွားရောက် ခွင့်မပြုတော့သလို    အဲဒီဒေသက ခရီးသွားတွေကိုလည်း ဝင်ရောက်ခွင့်မပြုတော့ပါဘူး။

အမေရိကန်နိုင်ငံကလည်း တောင်အာဖရိက အပါအဝင် သူနဲ့အိမ်နီးချင်း ရှစ်နိုင်ငံဖြစ်တဲ့ တောင်အာဖရိက၊ ဘော့ဆွာနာ၊ ဇင်ဘာဘွေ၊ နမီးဘီးယား၊ လီဆိုသို၊ အက်(စ်)ဆွာတီနီ (ဆွာဇီလန်)၊ မိုဇမ်ဘစ်နဲ့ မာလာဝီနိုင်ငံတို့က နိုင်ငံခြားသားတွေကို (၃ဝ-၁၁-၂ဝ၂၁)၊   တနင်္လာနေ့ကစပြီး  ပြည်ဝင်ခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံကလည်း  အထက်ဖော်ပြပါ အာဖရိကရှစ်နိုင်ငံကနေ လာရောက်မည့် ခရီးသည်တွေကို ဝင်ခွင့်မပြုတော့ကြောင်း သိရပါတယ်။

သြစတြေးလျနိုင်ငံကလည်း တောင်အာဖရိက နိုင်ငံအပါအဝင် အထက်ဖော်ပြပါ အာဖရိကရှစ်နိုင်ငံကနေ လေယာဉ်ခရီးစဉ် ပျံသန်းတာကို ၁၄ ရက်ကြာ ဆိုင်းငံ့ထားတယ်လို့ ကြေညာထားပြီး လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း အဲဒီနိုင်ငံတွေကို သွားခဲ့တဲ့ သြစတြေးလျနိုင်ငံသားတွေကိုလည်း နိုင်ငံထဲ ဝင်ခွင့်ပိတ်ထားတယ်လို့ သိရှိရပါတယ်။

ကနေဒါနိုင်ငံကလည်း ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း တောင်အာဖရိက အပါအဝင် သူနဲ့အိမ်နီးချင်း ခုနစ်နိုင်ငံကို သွားခဲ့တဲ့ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့် တားမြစ်ထားတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံကတော့ နိုင်ငံအတွင်း နေထိုင်သူမဟုတ်တဲ့ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။ ပြည်ဝင်ခွင့်ရတဲ့ အာဖရိကတိုက် တောင်ပိုင်းဒေသကို ခရီးသွားခဲ့သူတွေကိုလည်း ကွာရန်တင်း ၁ဝ ရက်ဝင်ရောက်ရမှာဖြစ်ပြီး အဲဒီအတော အတွင်း ပိုးရှိ၊ မရှိစစ်ဆေးမှု လေးကြိမ်လုပ်မယ်လို့ သိရပါတယ်။ အဲဒီလိုပဲ ဆွစ်ဇာလန် နိုင်ငံက ဥရောပနဲ့အာဖရိကနိုင်ငံတွေက လာတဲ့ခရီးသွားတွေကို ကွာရန်တင်းဝင်ခိုင်း

တဲ့ စည်းကမ်းပိုတင်းကျပ်မယ်လို့ သိရပါတယ်။ ယူကေနိုင်ငံကလည်း နိုင်ငံအတွင်း ဝင်ရောက်လာသူတွေကို ကွာရန်တင်းဝင်ခိုင်းတဲ့ စည်းကမ်းတွေ တင်းကျပ်ခြင်းနဲ့ ပြည်သူလူထုအတွင်း    လိုက်နာရမယ့် စည်းကမ်းတွေ တင်းကျပ်တာတွေ ဆောင်ရွက်တာတွေ့ရပါတယ်။

မေး။ အိုမေခရွန် (omicron) ဗီဇပြောင်းပိုးနဲ့ပတ်သက်လို့ ရောဂါကာကွယ်ရေး နည်းလမ်း တွေက ဘာတွေပါလဲ။

ဖြေ။ အိုမေခရွန်  (omicron) ဗီဇပြောင်းပိုးနဲ့ပတ်သက်၍ ကူးစက်ပြန့်ပွားနိုင်မှု၊ ရောဂါ ပြင်းထန်နိုင်မှု၊   ကာကွယ်ဆေးတွေရဲ့ အာနိသင်ကို လျော့ကျစေနိုင်မှု၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးသူတွေအနေနဲ့ ဒီမျိုးဗီဇပြောင်း ရောဂါပိုးကြောင့် ရောဂါပြန်လည် ဖြစ်ပွားနိုင်မှုတွေကို ကမ္ဘာတစ်ဝန်းလုံးမှာ သုတေသနများစွာ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ အချက်တွေနဲ့ပတ်သက်လို့ ဖြစ်နိုင်ခြေတွေ အနေနဲ့သာရှိသေးပြီး တိတိကျကျသိရှိရဖို့အတွက် အချိန်အနည်းငယ် ထပ်၍စောင့်ရဦးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမျိုးဗီဇပြောင်းရောဂါပိုးနဲ့ ပတ်သက်လို့ အလွန်စိုးရိမ်ထိတ်လန့်စရာမလိုဘဲ  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်၍ သတိပြုကာ မမေ့မလျော့ လိုက်နာဆောင်ရွက်ရမှာ   ဖြစ်ပါတယ်။

အလွန်အရေးကြီးတဲ့  ကာကွယ်ရေး နည်းလမ်းဖြစ်ပြီး   ရေရှည်မှာ ကိုဗစ်-၁၉ ရောဂါအန္တရာယ်က လွတ်မြောက်နိုင်တဲ့ တစ်ခုတည်းသော ထွက်ပေါက်ကတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို   အကြိမ်ပြည့် မပျက်မကွက် ခံယူရမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးမျိုးတွေ ဘယ်လိုပဲပြောင်းနေပါစေ ကာကွယ်ဆေး ထိုးနှံမှုကို   အကြိမ်ပြည့်ခံယူထားရင် ရောဂါဝင်ရောက် ကူးစက်ခံရရင်တောင် ရောဂါပြင်းထန်စွာဖြစ်ပွားမှုနဲ့ ရောဂါကြောင့် သေဆုံးမှုတွေကို သိသာစွာ    လျှော့ချပေးနိုင်တာဖြစ်ပါတယ်။

ကိုဗစ်-၁၉မျိုးဗီဇပြောင်း ရောဂါပိုးတွေဆိုတာလူရဲ့ခန္ဓာကိုယ်ထဲကိုရောက်မှ သူတို့ရဲ့ အဓိက အစွမ်းသတ္တိကိုပြတာပါ၊ ဒါကြောင့် လူ့ခန္ဓာကိုယ်ထဲကို   ရောဂါပိုး ဝင်ရောက်ကူးစက်မှု မရှိစေရေးအတွက် -

-        အတတ်နိုင်ဆုံး မိမိတို့၏နေအိမ်များတွင်သာ နေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ် နိုင်သမျှရှောင်ကြဉ်ခြင်း၊

-        နေအိမ်ပြင်ပသို့   သွားရောက်ရန်နှင့် လူအများစုဝေးရာသို့ သွားရောက်ရန်များရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ စနစ်တကျတပ်ခြင်း၊

-        လက်ကိုမကြာခဏ ဆေးကြောခြင်း၊

-        တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ခြင်း၊

-        လေဝင်လေထွက်ကောင်းသည့် နေရာတွင် နေထိုင်ခြင်း၊

-        သံသယရောဂါ လက္ခဏာ တစ်စုံတစ်ရာရှိပါက    မိမိဘာသာ ကုသခြင်းမျိုး

မဆောင်ရွက်ဘဲ နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ် သတင်းပေးပို့၍ မိမိနှင့်အနီးကပ် ထိတွေ့သူများအား ကျန်းမာရေးဌာနက စုံစမ်းရှာဖွေဖော်ထုတ်ရာတွင် သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

-        ဓာတ်ခွဲအတည်ပြုလူနာနှင့်  အနီးကပ် ထိတွေ့ဆက်စပ်ခဲ့သူများသည်လည်း

ကျန်းမာရေးဌာနသို့ သတင်းပေးပို့၍ အသွားအလာ ကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေး ခြင်းလုပ်ငန်းများကို   ပူးပေါင်းပါဝင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဒါ့အပြင်    ကျန်းမာရေး ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အချိန်တို အတွင်း ထိရောက်အောင်မြင်၍ လူမှုစီးပွားလုပ်ငန်းများ ကောင်းစွာ လည်ပတ်နိုင်ရေး အတွက် အဆိုပါ လုပ်ငန်းများတွင် ပြည်သူလူထုအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ယခုထက် ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့လည်း လိုအပ်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်။  ။

References:

1. www. who.int/en/activities/tracking-SARS-CoV-2-variants/

2. Sciblogs | COVID-19: The B.1.1.529 variant -what do we know?

3. What to know about the new B.1.1.529 COVID-19 variant (nypost.com)

4. Covid-19, B.1.1.529: All You Need to Know About New Coronavirus Variant in South Africa B.1.1.529 S (indianexpress.com)

5. Independent.co.uk/asia/southeast-asia/omicron-variant-thailand-sri-lanka-south-africa

6. Cnbc.com/2021/11/26/omicron-covid-variant-us-to-restrict-travel-from-south-africa

7. Reuters.com/world/asia-pacific/maldives-bans-travellers-7-african-nations

Ä. https://www.voanews.com/a/britain-detects-two-cases-of-omicron-

coronavirus