ရုရှားက အိန္ဒိယရှိဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သန်း ၁၀၀ ရောင်းပေးမည်

ရုရှားက အိန္ဒိယရှိဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သန်း ၁၀၀ ရောင်းပေးမည်

ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF)သည် အိန္ဒိယနိုင်ငံရှိ ဒေါက်တာ ရတ်ဒီ အမည်ရှိ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီသို့ Sputnik V ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သန်း ၁၀၀ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ ထိုကာကွယ်ဆေး၏ ပထမနှင့်ဒုတိယအဆင့် လက်တွေ့ စမ်းသပ်မှုများက အလားအလာရှိသော ဆေးဝါးဖြစ်ကြောင်း ပြသထားပြီး အိန္ဒိယ ဆေးဝါးထုတ်လုပ်ရေး တာဝန်ရှိသူများ၏ လိုအပ်ချက်များနှင့်ကိုက်ညီစေရန် တတိယအဆင့် စမ်းသပ်မှုကို နိုင်ငံအတွင်း လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ထိုကာကွယ်ဆေးသည် အိန္ဒိယ၏ ဗိုင်းရပ်တိုက်ဖျက်ရေးတွင် စိတ်ချရသော ရွေးချယ်မှုဖြစ်လာနိုင်ကြောင်း ဒေါက်တာရတ်ဒီ ကုမ္ပဏီမှ ပူးတွဲဥက္ကဋ္ဌနှင့် အမှုဆောင်ညွှန်ကြားရေးမှူး ဂျီဗီပရာဆတ်ကပြောသည်။

RDIF အနေဖြင့် အိန္ဒိယဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီနှင့် သဘောတူညီချက်ရရှိမှုအတွက် ကျေနပ်အားရကြောင်းနှင့် ကာကွယ်ဆေးများကို ယခုနှစ်ကုန်ပိုင်းတွင် စတင်ပို့ဆောင်ပေး နိုင်မည်ဖြစ်ကြောင်း RDIF မှ အမှုဆောင်အရာရှိချုပ် ကီရေးဒီမစ်ထရတ်ကပြောသည်။ ထိုကာကွယ်ဆေးသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို  အဆိုးဝါးဆုံးခံစားရသော အိန္ဒိယ နိုင်ငံ၏ ဗိုင်းရပ်တိုက်ဖျက်ရေးအတွက် စိတ်ချရပြီး သိပ္ပံနည်းကျလက်ခံနိုင်သော ဆေးဖြစ်စေမည်ဖြစ်ကြောင်းနှင့် RDIF ၏ စီးပွားဖက်များသည် ဗိုင်းရပ်တိုက်ဖျက်ရေးအတွက် အကျိုးသက်ရောက်မှုရှိကာ စိတ်ချရသည့်ဆေးဝါးကို ရရှိမည်ဖြစ်ကြောင်း ကီရေးဒီမစ် ထရတ်က ပြောသည်။

ရုရှားနိုင်ငံသည်ဂါမယ်လီယာသုတေသနအဖွဲ့ကဖော်စပ်ထုတ်လုပ်ထားသော ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်သည့် Sputnik V ကို သြဂုတ် ၁၁ ရက်တွင် တရားဝင် မှတ်ပုံတင်ပြီး လူ ၂၀၀၀ ခန့်ပါသော နောက်ဆုံးအဆင့်စမ်းသပ်မှုများကို လုပ်ဆောင်မည်ဟု ကြေညာထားသည်။ ထိုကာကွယ်ဆေးသည် လိုအပ်သောစစ်ဆေးမှုအားလုံး လုပ်ဆောင်ပြီး ဖြစ်ကြောင်းနှင့် ဗိုင်းရပ်ကို တိုက်ထုတ်နိုင်သော ကိုယ်ခံအားစနစ်ကို ထွက်ရှိစေကြောင်း သက်သေပြ ထားသည်ဟု ရုရှားကျန်းမာရေးဝန်ကြီးဌာနကပြောသည်။

Ref: Sputnik