အိန္ဒိယရှိ ဆေးရုံအချို့၌ အောက်ဆီဂျင် ပြတ်လပ်မှုနှင့်ရင်ဆိုင်နေရ

အိန္ဒိယရှိ ဆေးရုံအချို့၌ အောက်ဆီဂျင် ပြတ်လပ်မှုနှင့်ရင်ဆိုင်နေရ

အိန္ဒိယနိုင်ငံ၌ စက်တင်ဘာ ၁၆ ရက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ငါးသန်းကျော် လာစဉ် ဆေးရုံများ၌ လူနာများအတွက် အောက်ဆီဂျင်ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ မဟာရက်ရှထရာပြည်နယ်၊ ဂူဂျာရတ်ပြည်နယ်၊ အွတ်တာပရာဒေ့ပြည်နယ် တို့သည် ရောဂါကူးစက်မှုကို အဆိုးဆုံးခံစားနေရသည့် ပြည်နယ်များဖြစ်ပြီး  အောက်ဆီဂျင် လိုအပ်ချက်က သုံးဆကျော်ရှိကြောင်း ဆရာဝန်များနှင့် အစိုးရတာဝန်ရှိသူများက ပြောပြီး အရေးပေါ်အကူအညီများတောင်းခံထားသည်။ အိန္ဒိယနိုင်ငံ၏လူဦးရေအထူထပ်ဆုံးဖြစ်သည့် အွတ်တာပရာဒေ့ပြည်နယ်၌ ပုံမှန်အချိန်တွင် အောက်ဆီဂျင်အိုးအလုံး ၁၀၀၀ သာ လိုအပ် သော်လည်း ယခုအခါ အလုံး ၅၀၀၀ အထိ လိုအပ်နေပြီ ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူ တစ်ဦးကပြောသည်။

မဟာရက်ရှထရာ ပြည်နယ်အစိုးရကလည်း ၎င်းတို့၏ပြည်နယ်အတွင်း အောက်ဆီဂျင်အိုး လုံလောက်မှုရှိစေရန် အိမ်နီးချင်းပြည်နယ်များသို့ အောက်ဆီဂျင်အိုး ထောက်ပံ့ပေးမှုကို လျှော့ချရန် ဆုံးဖြတ်ထားကြောင်း ပြည်နယ်တာဝန်ရှိသူတစ်ဦးကပြောသည်။ အိန္ဒိယနိုင်ငံ၌   ရောဂါကူးစက်ခံရသူစုစုပေါင်း ၅ ဒသမ ၀၄ သန်းကျော်လာကာ သေဆုံးသူစုစုပေါင်း ၈၂၂၈၆ ဦးရှိပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူနေရသူ တစ်သန်းနီးပါးရှိသည်။ အဆိုပါ တစ်သန်း နီးပါးအနက် ၆ ရာခိုင်နှုန်းမှာ အသက်ရှူရန်အောက်ဆီဂျင်လိုအပ်နေသူများဖြစ်ကြောင်း၊ အောက်ဆီဂျင်အိုးများ အလုံအလောက်ရှိသော်လည်း ပြည်နယ်အစိုးရများအနေဖြင့် အောက်ဆီဂျင် သုံးစွဲမှုနှင့်ပြတ်လပ်မှုကို စောင့်ကြည့်နေသင့်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်ဟုသိရသည်။

Ref: CNA