နိုင်ငံတော်အနာဂတ်အတွက်လူငယ်များ

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  ဒီဇင်ဘာ  ၃ ရက်)

နိုင်ငံတော်အနာဂတ်အတွက်လူငယ်များ

မြန်မာနိုင်ငံတွင် သာသနာတော်ကို စောင့်ရှောက်သော မင်းကောင်းများရှိနေခြင်း၊ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓဟူသော သာသနာတော် သုံးရပ်ကို လိုက်နာဆောင်ရွက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြန့်ပွားထွန်းကား အောင်ဖြန့်ဝေခြင်းများရွက်ဆောင်နေသော သံဃာရတနာ ရှိနေခြင်းကြောင့် သာသနာတော်တည်တံ့ခိုင်မြဲ နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ပဉ္စမသင်္ဂါယနာနှင့် ဆဋ္ဌသင်္ဂါ ယနာဟူ၍ နှစ်ကြိမ်တိုင်တိုင် သင်္ဂါယနာတင်ခဲ့ ပါသည်။ ထို့ပြင် သာသနာတော်နှစ် ၂၅၂၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊ ခရစ်နှစ် ၁၉၈၀ ပြည့်နှစ် တွင်အောင်မြင်စွာကျင်းပနိုင်ခဲ့သော ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက ရပ်/ကျေး၊ မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဆင့် အဖွဲ့အစည်းများမှနိုင်ငံတော်အဆင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အထိ စနစ်တကျ ဖွဲ့စည်းရပ်တည်လာခဲ့ကြသည်။ ထို့ကြောင့် သာသနာတော်ကြီးညစ်ကြေး မထင်စင်ကြယ်စွာ  ၂၅၆၅ ခုနှစ်တိုင်တိုင် တည်တံ့နေခြင်းဖြစ်ပါသည်။

နှစ်ပေါင်းမြားမြောင်ငါးထောင်မက သာသနာတော်တည်တံ့ ပြန့်ပွားထွန်းကားနေရန်မှာ မြန်မာဗုဒ္ဓဘာသာဝင်တို့ အလေးအနက် ထားရမည့်တာဝန်တစ်ရပ်ဖြစ်ပါသည်။ လူသားတို့အနေဖြင့် မိမိတို့မှမွေးဖွားလာသော သားသမီးမြေးမြစ်များ လိမ္မာရေးခြားရှိစေရန်၊ ဘာသာရေးအသိ၊ ဘာသာရေးသတိရှိနေစေရန်မှာ ငယ်စဉ်ကတည်းက သွန်သင်ဆုံးမပေးကြရမည်ဖြစ်ပါသည်။ မိဘတို့သည် သားသမီးတို့၏ လက်ဦးဆရာများဖြစ်ပေရာ မိဘကောင်းမှသားသမီးကောင်းပေလိမ့်မည်။ သားသမီးမကောင်း မိဘခေါင်းဆိုသည့် အတိုင်း မလိမ္မာသောသားသမီးများဖြစ်လာခဲ့လျှင် မိဘတို့မှာခေါင်းခဲပြီး သောကပွားနေရပေလိမ့်မည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ သာသနာတော်နှင့် ပတ်သက်၍ သိမြင်အောင်နည်းပေးလမ်းပြပြုထားနိုင်မှသာ လိမ္မာသောသားသမီးများ၊ နိုင်ငံကအားထားရသော သားကောင်း၊ သမီးကောင်းများဖြစ်လာပေမည်။

သံဃာတော်များအနေဖြင့် ဘုရားရှင်ပညတ်တော်မူခဲ့သော ဝိနည်းတရားတော်အတိုင်း ကျင့်ကြံကာ သာသနာတော်ကို စောင့်ရှောက် နေကြသလို မိမိတို့လူပုဂ္ဂိုလ်များအနေဖြင့် လူမှုကျင့်ဝတ်များကိုကျေပွန်စွာလိုက်နာလုပ်ဆောင်ကြမည်ဆိုလျှင် မြန်မာနိုင်ငံသည် အေးချမ်းသာယာနေပေမည်။ ခိုးဆိုးတိုက်ခိုက် လူသတ်အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးနေသော လူငယ်လူရွယ်များ ကင်းစင်ပေ လိမ့်မည်။ သူများအသက်သတ်ဖြတ်ခြင်းဆိုသော အကုသိုလ်ကံကို လွယ်လွယ်ကူကူကျူးလွန်နေသည်မှာ ဘာသာရေး အသိအမြင် နည်းပါးမှုကို ပြဆိုခြင်းဖြစ်သည်။ ထိုအဖြစ်ဆိုးများမှကင်းဝေးစေရန်မှာ ဗုဒ္ဓဘာသာဝင်မိဘတို့သည်လည်းကောင်း၊ ဆရာကောင်း ဆရာမြတ်တို့သည်လည်းကောင်း သားသမီးများ၊ တပည့်များအပေါ်တွင် သွန်သင်ဆုံးမရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ လူငယ်များ စာရိတ္တမဏ္ဍိုင်ခိုင်မာရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း  လူငယ်များနှင့်ပတ်သက်၍  ပုဒ်မ- ၃၃  တွင်  နိုင်ငံတော်သည် လူငယ်များမျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည်ဟူ၍ သတ်မှတ်ပြဋ္ဌာန်းထားသည်။ ဤသတ်မှတ်ချက်သည် လူငယ်များ အတွက် လမ်းကြောင်းမှန်လျှောက်နိုင်အောင် ခင်းပေးထားခြင်းဖြစ်သည်။

လူငယ်အချို့မှာ စာရိတ္တမဏ္ဍိုင်နှင့် အတွေးအခေါ် မှန်ကန်မှုမရှိခြင်းကြောင့် မိမိတို့သင်ကြားပြသပေးသောဆရာ၊ ဆရာမတို့ကို သတ်ဖြတ်ခြင်း၊ ဆရာတော်သံဃာတော်များကိုပင် သတ်ဖြတ်ခြင်းများသည် လွန်စွာအကျည်းတန်လွန်းပြီး ဘာသာသာသနာအတွက် ရင်နင့်ဖွယ်၊ စိတ်မကောင်းဖွယ်လည်းဖြစ်သည်။ ပျက်စီးနေသည့် စရိုက်ကိုဝိုင်းဝန်းပြုပြင်ကြရမည့်အစား ထိုသို့ လုပ်ဆောင်သည် ကိုပင် မှန်ကန်သော လုပ်ရပ်အဖြစ် မြှောက်ပင့်ပေးနေသည်။ မကောင်းမှုပြုသူများအတွက် မကောင်းကျိုးကိုခံစားနေရသည်မှာ လက်တွေ့ မျက်မြင်ဖြစ်သော်လည်း နောင်လာမည့်မျိုးဆက်များ ထိုသို့မဖြစ်စေရန် ကာကွယ်တားဆီးမှုပြုကြရမည်ဖြစ်သည်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း လူကြီးလူကောင်းများဖြစ်လာစေရန် ငယ်စဉ်ကတည်းက ကောင်းနေဖို့လိုအပ်ပေ သည်။

မြန်မာနိုင်ငံတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်လျက်ရှိရာ အကြမ်းဖက် နည်းလမ်းသုံး နေခြင်းသည် ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ အကြမ်းဖက်သမားများ ဖမ်းဆီးရမှုများတွင် လူငယ်များပါဝင်နေသည်မှာ လွန်စွာ ဝမ်းနည်းဖွယ်ကောင်းလှသည်။ အနှစ်ချုပ်ဆိုရလျှင် လူငယ်များပြည်ထောင်စုစိတ်ဓာတ်ထွန်းကားလာပြီး နိုင်ငံနှင့်လူမျိုး အပေါ် ချစ်မြတ်နိုးစိတ်၊ နိုင်ငံတော်ကို ကာကွယ်လိုစိတ်နှင့် ဘာသာသာသနာကို တန်ဖိုးထားလိုစိတ်များ ကိန်းအောင်းနေစေရန် တာဝန်ရှိသူအားလုံးက ကိုယ်စီအသိဖြင့် စွမ်းဆောင်သင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။   ။