အာဆင်နယ်အသင်းနှင့်ပွဲစဉ်တွင် မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်ဒို ဂိုးသွင်းယူနိုင်ပြီးနောက် ပရော်ဖက်ရှင်နယ်

ကစားသမားဘ၀ သွင်းဂိုး  ၀၀ ပြည့်မြောက်သည့်ပထမဆုံးကစားသမား ဖြစ်လာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၄)အဖြစ်  ကစားသည့်  မန်ယူအသင်းနှင့်   အာဆင်နယ်အသင်းတို့ပွဲစဉ်တွင် မန်ယူအသင်းက အာဆင်နယ်အသင်းကို ၃ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိရာ  မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုက အသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ပြီးနောက် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ သွင်းဂိုး ၈၀၀ ပြည့်မြောက်သည့် ပထမဆုံး ကစားသမား ဖြစ်လာကြောင်း သိရသည်။

အဆိုပါပွဲစဉ်၌  စီရော်နယ်ဒိုသည် ပွဲချိန် ၅၂ မိနစ် တွင် ဂိုးသွင်းယူပြီးနောက် ပရော်ဖက်ရှင်နယ်ကစား သမားဘ၀ သွင်းဂိုး ၈၀၀ ပြည့်မြောက်ပြီး ပွဲချိန် မိနစ် ၇၀ တွင် ထပ်မံဂိုးသွင်းယူနိုင်ပြီးနောက် သွင်းဂိုး ၈၀၁  ဂိုးအထိရှိလာခဲ့ခြင်းဖြစ်သည်။

အသက် ၃၆ နှစ်အရွယ် စီရော်နယ်ဒိုသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို  စပို့တင်းလစ္စဘွန်း အသင်းနှင့် စတင်ခဲ့သူဖြစ်ပြီး အသင်းတွင် တစ်နှစ်ကြာကစားပြီးနောက်  ၂၀၀၃ ခုနှစ်က မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။   စီရော်နယ်ဒိုသည် မန်ယူအသင်းတွင် ကစားသမားဘဝ အောင်မြင်မှုများကို စတင်ပြီး အသင်းတွင် ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ် ဇူလိုင်လအထိကစားကာ  စုစုပေါင်းသွင်းဂိုး  ၁၁၇ ဂိုး အထိသွင်းယူနိုင်ပြီး   ပထမဆုံးကမ္ဘာ့ အကောင်းဆုံးကစားသမား ဆုကိုလည်း မန်ယူအသင်းနှင့်အတူ ရရှိသကဲ့သို့ ယခုအခါ  ဒုတိယအကြိမ် ပြန်လည်ကစားပြီးနောက်    အာဆင်နယ်အသင်းနှင့် ပွဲစဉ်အပြီးတွင် စုစုပေါင်း မန်ယူအသင်းနှင့် သွင်းဂိုး ၁၃၀ ပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။

စီရော်နယ်ဒိုသည်  ၂၀၀၉  ခုနှစ်  သြဂုတ်လက မန်ယူအသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ ကစားပြီးနောက် ပြိုင်ပွဲစုံ သွင်းဂိုး ၄၅၀ အထိ သွင်းယူနိုင်ကာ အသင်းသမိုင်းတစ်လျှောက် ထာဝရသွင်းဂိုး အများဆုံးကစားသမားအဖြစ်ပါ   စံချိန်တင်နိုင်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း ငါးကြိမ်အထိ ထပ်မံရရှိခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဇူလိုင်လက ရီးယဲလ်မက်ဒရစ်အသင်းမှ  ဂျူဗင်တပ်စ်အသင်းသို့   ပြောင်းရွှေ့ကစားပြီး ဂျူဗင်တပ်စ် အသင်းနှင့်အတူ ပြိုင်ပွဲစုံ သွင်းဂိုး ၁၀၁ ဂိုးအထိ သွင်းယူနိုင်ကာ ပြီးခဲ့သည့် သြဂုတ်လအတွင်းက     ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ အောင်မြင်မှုများကို စတင်ရယူနိုင်သည့်  မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ခြင်းဖြစ်သည်။

အလားတူ စီရော်နယ်ဒိုသည် ပေါ်တူဂီလက်ရွေးစင် အသင်းတွင်လည်း   ပြိုင်ပွဲစုံ သွင်းဂိုး ၁၁၅ ဂိုးအထိ သွင်းယူနိုင်ပြီး နိုင်ငံအသင်းအတွက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်သည်။

လက်ရှိ   ဘောလုံးအားကစားနည်းတွင် ပြိုင်ပွဲစုံသွင်းဂိုး ၈၀၀ ပြည့်မြောက်သည့်ကစားသမား တစ်ဦးမျှမရှိသေးဘဲ ယခုအခါ စီရော်နယ်ဒိုက မန်ယူအသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြလျက်ရှိပြီး  အဓိကကစားသမားအဖြစ် ရပ်တည်လျက်ရှိကြောင်း  သိရသည်။                          

Ref;Goal