အိုမီခရမ်က ပြန်လည်ကူးစက်နိုင်ခြေ ၃ ဆပိုများနိုင်

ကိုဗစ်-၁၉ ရောဂါပိုး၏ ဗီဇပြောင်းရောဂါပိုးတစ်မျိုးဖြစ်သည့်  အိုမီခရမ်က ယခင်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများထက် ပြန်လည်ကူးစက်နိုင်ခြေ ၃ ဆပိုများနိုင်ကြောင်း တောင်အာဖရိကနိုင်ငံက လုပ်ဆောင်သော သုတေသနတစ်ခုအရ သိရသည်။

အဆိုပါ သုတေသနတွင်  အိုမီခရမ်အနေဖြင့် ယခင် ကိုဗစ်-၁၉ ရောဂါဖြစ်ဖူးသူများတွင်ထွက်ရှိထားသော ကိုယ်ခံအားကို ကျော်လွန် ထိုးဖောက်နိုင်စွမ်းရှိသည်ကိုလည်း သက်သေအခိုင်အမာဖြင့် တွေ့ရကြောင်း သုတေသနစာတမ်းပြုစုသူများကပြောသည်။

ယင်းသုတေသနအတွက် တောင်အာဖရိက နိုင်ငံတစ်ဝန်းရှိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂ ဒသမ ၈ သန်း၏ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို ရယူအခြေခံထားခြင်း ဖြစ်သည်။

ယခုသုတေသန၏ အရေးကြီး ဦးစားပေးအချက်မှာ အိုမီခရမ်အနေဖြင့် သဘာဝအလျောက်ဖြစ်သောနှင့်  ကာကွယ်ဆေးကြောင့် ရရှိသော ကိုယ်ခံအားကို မည်မျှအထိ ထိုးဖောက်နိုင်သည်ဟူသောအချက်အပြင် ကူးစက်ပျံ့နှံ့နိုင်စွမ်းနှင့် ရောဂါပြင်းထန်နိုင်စွမ်းတို့နှင ့်ပတ်သက်၍  တိုင်းတာရန်ဖြစ်ကြောင်း  သုတေသီများက စာတမ်းတွင် ရေးထားသည်။

အိုမီခရမ်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးသည် တောင်အာဖရိကနိုင်ငံတွင် ကူးစက်ပျံ့နှံ့မှု အလွန် လျင်မြန်လျက်ရှိရာ ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်တွင် ရောဂါဖြစ်ပွားသူ ၅၈၅ ဦးသာရှိရာမှ ဒီဇင်ဘာ ၂ ရက်တွင် အယောက် ၁၀၀၀၀ ကျော်လာပြီဖြစ်သည်။

နိုင်ငံ၏ချမ်းသာကြွယ်ဝသော ပြည်နယ်ဖြစ်သည့် ဂေါတန်းပြည်နယ်တွင် လူတစ်ဦး ရောဂါပိုးကူးစက်ခံရပါက  အခြားသူ နှစ်ယောက်ကျော်ကို ထပ်မံကူးစက်နိုင်စေကြောင်း သိရသည်။

Ref: Bangkok Post