အင်ဒိုနီးရှားရဲတပ်ဖွဲ့က ကိုယ်ပိုင်လွတ်လပ်ရေးနေ့ ကျင်းပသည့် ပါပူအာကျောင်းသားများကို နိုင်ငံတော် သစ္စာဖောက်မှုဖြင့် တရားစွဲ

အင်ဒိုနီးရှားနိုင်ငံ ပါပူအာဒေသရှိဒေသခံများက ၎င်းတို့၏ ဒေသအတွက် ကိုယ်ပိုင်လွတ်လပ်ရေးနေ့ ကျင်းပရာတွင် ဦးဆောင်ပါဝင်သည့် ပါပူအာကျောင်းသားများကို ရဲတပ်ဖွဲ့က နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲလိုက်ကြောင်း သိရသည်။

အဆိုပါ  ကိုယ်ပိုင်လွတ်လပ်ရေးနေ့ အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်တွင် ပြုလုပ်ခြင်းဖြစ်ကာ ကျောင်းသားများက ပါပူအာပြည်နယ်၏မြို့တော်  ဂျာယာပူရမြို့ရှိ အစိုးရရုံးတစ်ရုံးသို့ ချီတက်လာပြီး အားကစားကွင်းတစ်ခုတွင် ၎င်းတို့၏ လွတ်လပ်ရေး အမှတ်အသားဖြစ်သော မိုးသောက်ကြယ်တံဆိပ်ပါအလံကို စိုက်ထူသည်။

ထိုသို့သောလုပ်ဆောင်မှုသည် တရားမဝင်လုပ်ဆောင်မှုဖြစ်ကြောင်းနှင့် ကျောင်းသားရှစ်ဦးက ကျူးလွန်ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အာမတ်မူစ သိုဖာကာမယ်က ပြောသည်။

အသက် ၁၈ နှစ်မှ ၂၉ နှစ်ကြားရှိ ဖမ်းဆီးခံကျောင်းသားများ ဘက်မှလိုက်ပါ ဆောင်ရွက်ပေးသော ရှေ့နေများကမူ ထိုကျောင်းသားများကို စွဲဆိုထားသည့်ဥပဒေတွင် ခြားနားချက်များစွာ ရှိသည်ဟု ပြောသည်။

ထို့ပြင်  အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း  ရဲတပ်ဖွဲ့၏အဆိုပါဖမ်းဆီးမှုကို အပြစ်တင်ရှုတ်ချကာ ဖမ်းဆီးခံရသူများကို  ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

သယံဇာတပေါကြွယ်ဝပြီး ဝေးလံခေါင်ဖျားသောနေရာရှိ ပါပူအာပြည်နယ်သည် ၁၉၆၃ ခုနှစ်တွင် နယ်သာလန် နိုင်ငံ၏ သူ့ကျွန်ဘဝမှ လွတ်မြောက်ကာ လွတ်လပ်ရေးရခဲ့ခြင်း ဖြစ်သည်။

သို့သော် ပါပူအာပြည်နယ်နှင့် အနောက်ပါပူအာပြည်နယ်တို့သည် ၁၉၆၉ ခုနှစ်တွင် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ မှတစ်ဆင့် အင်ဒိုနီးရှား အစိုးရ လက်အောက်သို့ သွတ်သွင်းခြင်း ခံရသည်။

ထို့ကြောင့် ပါပူအာပြည်နယ်လွတ်လပ်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များအားလုံးသည်   အင်ဒိုနီးရှား အစိုးရအတွက် လက်သင့်မခံနိုင်သော အရာဖြစ်ပြီး အဆိုပါ ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲကိုသာ တရားဝင်အဖြစ် သတ်မှတ်ထားသည်။

အင်ဒိုနီးရှားအစိုးရသည် ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ပါပူအာပြည်နယ်ဒေသခံ ခုနစ်ဦးကို နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ထောင်ဒဏ်များ ချမှတ်ထားကြောင်း သိရသည်။

Ref: Bangkok Post