လာမည့်နှစ်ဆန်းပိုင်းတွင် ရေနံရောင်းလိုအားပိုလျှံမည်ဟု OPEC+ မျှော်မှန်း

လာမည့် ၂၀၂၂ ခုနှစ်၏ နှစ်ဆန်းပိုင်းတွင် ကမ္ဘာတစ်ဝန်း၌ ရေနံရောင်းလိုအား ပိုလျှံမည်ဟု ရေနံတင်ပို့ ရောင်းချသည့် နိုင်ငံများအဖွဲ့(OPEC+)က မျှော်မှန်းထားသည်ဟု သိရသည်။

အထူးသဖြင့် ပထမသုံးလပတ်ဖြစ်သည့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတို့တွင် ရေနံ ရောင်းလိုအား ပိုလျှံမည်ဖြစ်ကာ တစ်ရက်လျှင် ရေနံစည် ၂ သန်း၊ ၃ ဒသမ ၄ သန်းနှင့် ၃ ဒသမ ၈ သန်းစီ အသီးသီး ပိုလျှံနိုင်သည်ဟု ထိုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယေဘုယျအားဖြင့် အိုမီခရမ်ဗီဇပြောင်း ကိုဗစ်-၁၉  ရောဂါပိုးကြောင့် ခရီးသွားလုပ်ငန်းများ ပြန်လည် ရပ်တန့်ရမည့် အလားအလာရှိသည့်အတွက် ရေနံရောင်းလိုအား ပိုလျှံလာနိုင်ခြင်း ဖြစ်သည်။

ရေနံရောင်းလိုအား ပိုလျှံခြင်းသည် ဝယ်လိုအားနည်းခြင်းကြောင့် ဖြစ်ပြီး အကျိုးဆက်အနေဖြင့် ရေနံဈေးနှုန်းများ တစ်ဖန်ပြန်လည် ကျဆင်းနိုင်ကြောင်း သိရသည်။

Ref: CNA