ကာကွယ်ဆေးအတွက် အရေးကြီးခြေလှမ်းဖြစ်တဲ့ ဟောင်ကောင်သိပ္ပံပညာရှင်များက အိုမီခရမ်ဗီဇကို ခွဲထုတ်နိုင်မှု

ယနေ့ကမ္ဘာတွင်  ရေပန်းအစားဆုံးသတင်းတစ်ပုဒ်မှာ နောက်ထပ်ဗီဇတစ်ခုသို့ ပြောင်းလဲသွားသည့် ကိုဗစ်-၁၉ ရောဂါပိုး အကြောင်းပင်ဖြစ်သည်။ ထိုပြောင်းလဲသွားသောဗီဇပြောင်း ရောဂါပိုးကို အိုမီခရမ်ဟုခေါ်သည်။ အိုမီခရမ်၏ အစွမ်းသတ္တိမှာ  ယခုနှစ်အတွင်း လူ့အသက်ပေါင်းများစွာကို တစ်မုဟုတ်ချင်းယူဆောင်သွားသည့် ဒယ်တာ ဗီဇပြောင်းရောဂါပိုးထက်ပင် ကူးစက်ပျံ့နှံ့နိုင်စွမ်းနှင့် ရောဂါပြင်းထန်မှု ပိုမိုများပြားသည်ဟုလည်း ဆိုကြသည်။

ဗိုင်းရပ်ကြောင့်ဖြစ်သည့် ရောဂါများ အားလုံးကို ထိန်းချုပ်နိုင်ရေး အတွက်ဆိုလျှင် ကာကွယ်ဆေးကသာ အလွန်အရေးကြီးပြီး အဓိက ကျသည့်အရာဖြစ်သည်။

ထို့ကြောင့်လည်း ကမ္ဘာ့နိုင်ငံကြီးများရှိ ကမ္ဘာကျော်ဆေးဝါးကုမ္ပဏီများက ကာကွယ် ဆေးများကို သူ့ထက်ငါ အပြိုင်အဆိုင်တီထွင်ဖန်တီးကြခြင်းဖြစ်သည်။

ယခုလည်း ဒယ်တာထက်အဆပေါင်းများစွာ ပိုပြင်းသည့် အိုမီခရမ်ကို လက်ရှိ ကာကွယ်ဆေးများက မတားဆီးနိုင်ဟု သတင်းများ ထွက်ပေါ်နေစဉ် အစ္စရေးနိုင်ငံရှိ ဆရာဝန်နှစ်ဦးမှာ ကာကွယ်ဆေးသုံးကြိမ် ထိုးပြီးပါလျက်နှင့် အိုမီခရမ်ဗီဇပြောင်း ရောဂါပိုး ကူးစက်ခံရသည်ကို တွေ့ရသည်။

ယင်းအတွက် အိုမီခရမ်ကိုတားဆီးနိုင် မည့်အရာမှာ ပြောင်းလဲသွားသည့် ဗီဇများနှင့်အညီ သက်ဝင်လှုပ်ရှား ဟန့်တားနိုင်မည့် ကာကွယ်ဆေးပင်ဖြစ်သည်။

ထိုကာကွယ်ဆေးကို   ရရှိဖို့ရာသည်လည်း အိုမီခရမ်ဗီဇကို မူလဗိုင်းရပ်မှနေ၍ သီးခြားခွဲထုတ်ပြီး သုတေသန လုပ်ခြင်းက အလွန်အရေးကြီးသည်။ ထိုသို့အရေးကြီးသော အရာကို ဟောင်ကောင်ရှိသိပ္ပံပညာရှင်များက လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။

ဟောင်ကောင်သိပ္ပံပညာရှင် များအနေဖြင့်  အိုမီခရမ်ဗီဇပြောင်း  ကိုဗစ်-၁၉ ရောဂါပိုး နမူနာမှနေ၍  ပြောင်းလဲသွားသည့် အိုမီခရမ်ဗီဇကို သီးခြားခွဲထုတ်နိုင်ပြီ ဖြစ်ကြောင်း ဟောင်ကောင်တက္ကသိုလ်က ယခုသီတင်းပတ်အတွင်း  ထုတ်ပြန်ထားသည်။

အဆိုပါ   အိုမီခရမ်ဗီဇခွဲထုတ်မှုကို အဏုဇီဝဌာနမှ သိပ္ပံပညာရှင်များက အောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်းဖြစ်ကာ ထိုသို့ လုပ်ဆောင်နိုင်ခြင်းသည် အာရှတိုက်တစ်ခုလုံးတွင် ပထမဆုံးဖြစ်ကြောင်း တက္ကသိုလ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့မျိုးရိုးဗီဇကို ခွဲထုတ်နိုင်ခြင်းသည် အိုမီခရမ်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးများ ဖော်စပ်ထုတ်လုပ်ရာတွင် အထောက်အပံ့ကောင်းဖြစ်စေမည်ဟုလည်း တက္ကသိုလ်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်ကို တွေ့ရသည်။

လက်ရှိတွင် အဆိုပါသုတေသနပညာရှင်များက ဗီဇပြောင်းရောဂါပိုး၏ ကူးစက်ပျံ့နှံ့နိုင်စွမ်း၊ ကိုယ်ခံအားကို ကျော်လွန်ကူးစက် နိုင်စွမ်းနှင့် ရောဂါဖြစ်ပွားစေမှုဆိုင်ရာ အစွမ်းသတ္တိများကို တိရစ္ဆာန်များတွင်စမ်းသပ်ပြီး အဖြေရှာနေသည်။

အလားတူ ထိုသုတေသနပညာရှင်များက အသက်မဲ့နေသည့် ထိုရောဂါပိုးတစ်ကောင်လုံးကိုအသုံးပြု၍ ကာကွယ်ဆေးများ ဖော်စပ်ထုတ်လုပ်နိုင်ရေးကိုလည်း တစ်ပြိုင်နက်တည်း လေ့လာနေသည်။

ထိုသို့ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးအတွက် သီးခြားခွဲထုတ်မှုလုပ်ငန်းများနှင့် သန့်စင်မှုလုပ်ငန်းများကိုလည်း ပညာရှင်များက ဆက်လက်လုပ်ဆောင်နေသည်။

သုတေသန ပညာရှင်များအနေဖြင့် အဆိုပါ အိုမီခရမ်ဗီဇကို သီးခြားခွဲထုတ်မှုနှင့် ရောဂါပိုးမွေးမှု လုပ်ငန်းစဉ်များကို  ဟောင်ကောင်တက္ကသိုလ်၏ ဇီဝဘေးကင်း စိတ်ချရမှုအဆင့် ၃ ရှိ ဓာတ်ခွဲခန်းတွင် လုပ်ဆောင်ခြင်းဖြစ်သည်။

သုတေသနပညာရှင်များ၏ လုပ်ဆောင်ချက်က အလွန်မြန်ဆန်သည်ဟု ချီးကျူးရမည်ဖြစ်သည်။ အကြောင်းရင်း မှာ ပြီးခဲ့သည့် သီတင်းပတ်တွင်  ဟောင်ကောင်၌ အိုမီခရမ်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံရသူ နှစ်ဦးကို တွေ့ရှိသည်ဟု ထုတ်ပြန်သည်။

နောက်လေးရက် အကြာတွင် ပညာရှင်များက အိုမီခရမ်ဗီဇကိုသီးခြားခွဲထုတ်မှု အောင်မြင်စွာ လုပ်ဆောင် လိုက်နိုင်ခြင်း ဖြစ်သည်။

တောင်အာဖရိကနိုင်ငံ၌ ထိုဗီဇပြောင်းရောဂါပိုး တွေ့ရှိသည်ဟု  ယင်းနိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို သတင်းပို့သည့်ရက်နှင့် တွက်လျှင်မူ ငါးရက်အတွင်းမှာပင် ဟောင်ကောင်သုတေသနပညာရှင်များက အိုမီခရမ်ဗီဇကို သီးခြားခွဲထုတ်နိုင်ခြင်း ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထိုဗီဇပြောင်းရောဂါပိုးကို   စိုးရိမ်ရသည့် မျိုးရိုးဗီဇကွဲ B.1.1529 ဟု သတ်မှတ်ကာ နိုဝင်ဘာ ၂၆ ရက်တွင်မှ အိုမီခရမ်ဟု အမည်ပေးလိုက်ခြင်း ဖြစ်သည်။

ယခုအခါ တောင်အာဖရိကနိုင်ငံက စတင်လိုက်သော အိုမီခရမ်ဗီဇပြောင်း ကိုဗစ်- ၁၉ ရောဂါပိုးကူးစက်မှု ရှိနေသည့် နိုင်ငံများပြားလာပြီ ဖြစ်သည်။

ထိုအထဲတွင် သြစတြေးလျ၊ ဗြိတိန်၊ ဒိန်းမတ်၊ ဂျာမနီကဲ့သို့နိုင်ငံကြီးများအပြင် အခြားသော နိုင်ငံများလည်း ပါဝင်ပြီး လက်ရှိနောက်ဆုံးရရှိသည့် သတင်းများအရ တောင်ကိုရီးယား၊ မလေးရှား၊ သီရိလင်္ကာ စသည့် အာရှနိုင်ငံ များတွင်လည်း အိုမီခရမ်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု ရှိနေသည်ဟု သိရသည်။

စင်စစ်တွင် အိုမီခရမ်ဗီဇပြောင်းရောဂါပိုးသည် မူလကိုဗစ်-၁၉ ရောဂါပိုးထက် အဆပေါင်းများစွာပြင်းထန်သည့် ရောဂါ ပိုးဖြစ်သည်။

ထိုသို့ပြင်းထန်သည့် ရောဂါပိုးက လူသားတို့၏အသက်အန္တရာယ်ကို မခြိမ်းခြောက်လာစေရေးအတွက်   ကာကွယ်ဆေးများ အချိန်မီထုတ်လုပ်နိုင်စေရေး ဆောင်ရွက်မှုများတွင်  ယခုကဲ့သို့  အိုမီခရမ်ဗီဇကို သီးခြားခွဲထုတ်နိုင်မှုက  အထောက်အပံ့ကောင်း ဖြစ်ပါစေကြောင်း ဆုတောင်းလိုက်ရပါသည်။                    

Ref: TST