အိုမီခရမ်ဗီဇပြောင်းမျိုးကွဲ စဉ်မြဲကာကွယ်ပါ

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမှာ မျှော်မှန်းထားသည်ထက်ပိုမိုကျဆင်းလာနေပြီဖြစ်သည်။ ၂ ရာခိုင်နှုန်းအောက် အထိ ကျဆင်းနေသည်မှာ ကိုဗစ်-၁၉ ရောဂါပိုးသည် မြန်မာနိုင်ငံအတွင်းမှ မကြာမီအချိန်အတွင်း ကွယ်ပျောက်သွားမည့် အခြေအနေ ဖြစ်သည်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူများ၏ ပူးပေါင်းပါဝင် ကာကွယ်မှုရလဒ်ကောင်း ဖြစ်သည်။ ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများအား တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများတွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုပေးနေခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ ကွာရန်တင်းစင်တာများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းများကြောင့် ရောဂါကူးစက်မှုနှုန်း လျော့ကျနေခြင်း ဖြစ်သည်။

ထို့ပြင်  ကိုဗစ်-၁၉  ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ကိုဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း လျော့ကျလာသည့် မြို့နယ်အချို့၌ ယာယီ ပိတ်ထားရသည့် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း  ထိုကဲ့သို့ရောဂါထိန်းချုပ်မှု အောင်မြင်နေသော်လည်း ဖြစ်ပေါ်နေသောကမ္ဘာ့ သတင်းများအရ အထူးသတိပြု စောင့်ကြည့်ရမည့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရမ် ပေါ်ပေါက်နေသည့်အတွက် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိများကိုဆက်လက်ထိန်းသိမ်းလိုက်နာကြရပေဦးမည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ နိုဝင်ဘာ ၂၆ ရက်ကကျင်းပသည့် နည်းပညာကွန်ဖရင့်ကမျိုးဗီဇပြောင်းပိုးများအုပ်စု အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာနှင့်ဒယ်လ်တာ တို့နှင့်အတူ ငါးခုမြောက်မျိုးရိုးဗီဇပြောင်းပိုးအဖြစ် အိုမီခရမ်ကို ထည့်သွင်း သတ်မှတ်ခဲ့ကြောင်း သိရသည်။

အိုမီခရမ်ဗီဇ ပြောင်းမျိုးကွဲကို နိုဝင်ဘာ ၉ ရက်က  တောင်အာဖရိကနိုင်ငံက စတင်တွေ့ရှိပြီး ထိုပိုးတွေ့ရှိမှုကို နိုဝင်ဘာ ၂၄ ရက်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးသို့ ဆက်လက် သတင်းပေးပို့ကြောင်း သိရသည်။

နိုဝင်ဘာ ၃၀ ရက်နေ့အထိ တောင်အာဖရိက၊ ဘော့ဆွာနာ၊ နယ်သာလန်၊ ပေါ်တူဂီ၊ ဗြိတိန်၊ ဂျာမနီ၊ သြစတြေးလျ၊ အီတလီ၊ ဟောင်ကောင်၊ ကနေဒါ၊ အစ္စရေး၊ ဒိန်းမတ်၊ သြစတြီးယား၊ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ ချက်၊ စပိန်တို့ပါဝင်သော ကမ္ဘာ့နိုင်ငံ/ဒေသပေါင်း ၁၇ ခုသို့ ပျံ့နှံ့ရောက်ရှိနေပြီ ဖြစ်သည်။ ကမ္ဘာတစ်ဝန်း နိုင်ငံ/ဒေသပေါင်း ၇၀ ခန့်က အာဖရိကတိုက် တောင်ပိုင်းနိုင်ငံများနှင့် ခရီးသွားလာမှုကန့်သတ်ချက်များ တိုးမြှင့်လုပ်ဆောင်နေသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း အာဖရိကရှစ်နိုင်ငံမှလာရောက်မည့်ခရီးသည် များကို ဝင်ခွင့်မပြုကြောင်း သိရသည်။

အိုမီခရမ်ဗီဇပြောင်းပိုးနှင့် ပတ်သက်ပြီး ကူးစက်ပြန့်ပွားနိုင်မှု၊ ရောဂါပြင်းထန်မှု၊ ကာကွယ်ဆေးများ၏ အာနိသင်ကို လျော့ကျစေနိုင်မှု၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး သူများအနေဖြင့် ထိုမျိုးဗီဇပြောင်းရောဂါပိုးကြောင့် ရောဂါပြန်လည် ဖြစ်ပွားနိုင်မှုများကို ကမ္ဘာတစ်ဝန်းလုံးတွင် သုတေသနများစွာဆောင်ရွက်လျက် ရှိသည်။ တိတိကျကျသိရန်အတွက် အချိန်အနည်းငယ် စောင့်ရမည်ဖြစ်သောကြောင့် ရန်သူကိုအထင်လည်းမသေး၊ အထင်လည်း မကြီးမိစေရန် အထူးသတိပြုရမည် ဖြစ်သည်။ အိုမီခရမ်နှင့်ပတ်သက်၍ အလွန်စိုးရိမ် ထိတ်လန့်စရာမလိုဘဲ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများကို ဆက်လက် သတိပြုကာ မမေ့မလျော့ လိုက်နာဆောင်ရွက်ကြရန် ဖြစ်ပါသည်။

နိုင်ငံတော်အကြီးအကဲက  လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဟု  လမ်းညွှန်ထားသည့်အတိုင်း လူတိုင်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့် မပျက်မကွက် ထိုးနှံထားကြရန် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါပိုးမျိုးတွေ မည်သို့ပင် ပြောင်းနေပါစေ၊ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် ခံယူထားပါက ရောဂါပိုးကူးစက်ခံရလျှင် သော်မှရောဂါပြင်းထန်စွာ ဖြစ်ပွားခြင်းနှင့် ရောဂါကြောင့် သေဆုံးခြင်းကို လျှော့ချပေးနိုင်မည်ဖြစ်သည်။  ထို့ပြင်  ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများ ဖြစ်သော အတတ် နိုင်ဆုံးမိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ခြင်းနှင့်လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊ နေအိမ်ပြင်ပသို့

သွားရောက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း(MASK)ကို မဖြစ်မနေစနစ်တကျတပ်ခြင်း၊ လက်ကိုမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ခြင်း၊ လေဝင်လေထွက်ကောင်းသည့်နေရာ တွင်နေထိုင်ခြင်း စသည်ဖြင့် တစ်ဦးချင်းလိုက်နာရမည့် အသိပေးချက်၊ သတိပေးချက်နှင့် ထုတ်ပြန်ကြေညာ ချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် အိုမီခရမ်ဗီဇပြောင်းမျိုးကွဲ စဉ်မြဲကာကွယ်ကြရန်ဖြစ် ပါကြောင်း ရေးသားလိုက်ရပေသည်။   ။