အီရန်နျူကလီးယားသဘောတူညီချက် ပြန်လည်သတ်မှတ်ရေးအတွက် ကျင်းပနေသော ဗီယင်နာဆွေးနွေးပွဲကိုရပ်ဆိုင်းလိုက်သည့် အမေရိကန်

အီရန်နျူကလီးယားသဘောတူညီချက် ပြန်လည်သတ်မှတ်ရေးအတွက် ကျင်းပနေသော ဗီယင်နာဆွေးနွေးပွဲကိုရပ်ဆိုင်းလိုက်သည့် အမေရိကန်

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ အီရန်နျူကလီးယားသဘောတူညီချက် ပြန်လည်သတ်မှတ်ရေးအတွက် ကျင်းပနေသည့် တွေ့ဆုံ ဆွေးနွေးပွဲများကို အမေရိကန်ကရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏ အကြောင်းပြချက်မှာ အီရန်နိုင်ငံ အနေဖြင့် နျူကလီးယားသဘောတူညီချက်ပါ သတ်မှတ်ချက်များကို ဖြည့်ဆည်းပေးရန်လိုလားခြင်းမရှိသောကြောင့်ဖြစ်သည်ဟု ဆိုထားသည်။ ထို့ပြင် အီရန်ကိုယ်စားလှယ်အဖွဲ့သည် သဘောတူညီချက်ပြန်လည်သတ်မှတ်ရေးအတွက် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရန် ဆန္ဒပြင်းပြမှုမရှိဟု အမေရိကန်က ဆက်လက်ပြောကြားသည်။

နျူကလီးယားသဘောတူညီချက်  ပြန်လည်သတ်မှတ်ရေးအတွက်  အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် အီရန်တွင် အစိုးရသစ် တစ်ရပ်တက်ရောက်လာပြီးချိန်မှစ၍ ပထမအကြိမ် ဆွေးနွေးပွဲ ကျင်းပခဲ့ပြီးဖြစ်သည်။  သို့ရာတွင်   ထပ်မံကျင်းပသည့်ဆွေးနွေးပွဲတွင်  အီရန်အနေဖြင့် သဘောတူညီချက်ပါသတ်မှတ်ချက်များကို လိုက်နာရန်ဆန္ဒပြင်းပြမှုမရှိဟုအမေရိကန်ကပြောကြားပြီး ကျင်းပနေဆဲ ဖြစ်သည့် ဆွေးနွေးပွဲကို  ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းအမေရိကန်   နိုင်ငံခြားရေးဝန်ကြီး    အန်တိုနီဘလင်ကန်က    ထုတ်ဖော် ပြောကြား ထားသည်။ သို့ရာတွင် အီရန်က မည်သို့သောအကြောင်းရင်းကြောင့်  စေ့စပ်ဆွေးနွေးမှုတွင် ဆန္ဒပြင်းပြမှုမရှိကြောင်းကို ဘလင်ကန်က အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။

နျူကလီးယားသဘောတူညီချက်ပြန်လည်သတ်မှတ်ရေးနှင့်စပ်လျဉ်း၍ အမေရိကန်နှင့် အီရန်တို့ကြား အီရန်အစိုးရသစ် တက်ရောက် လာပြီးချိန်မှစ၍ ကျင်းပခဲ့သည့်ဆွေးနွေးပွဲများတွင် တိုးတက်မှုများရှိခဲ့သော်လည်း နောက်ဆုံးတွင် တွေ့ဆုံဆွေးနွေးပွဲမှာ     ရပ်ဆိုင်းသွား ရခြင်းဖြစ်သည်။

နျူကလီးယား သဘောတူညီချက်နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲများ ပြန်လည်ကျင်းပရန်အဆိုပြုခဲ့သည့် တစ်ခုတည်းသော နိုင်ငံမှာ အီရန်ဖြစ်ပြီး အမေရိကန်၏လုပ်ဆောင်ချက်များကြောင့်သာ တစ်ဖက်နှင့်တစ်ဖက်ကြားတွင် အမြင်မကြည်လင်မှုများ ဖြစ်ရခြင်း ဖြစ်ကြောင်း အီရန်ကိုယ်စားလှယ်အဖွဲ့၏ အကြံပေးမိုဟာမက်မာရန်ဒီကပြောသည်။

အမေရိကန်တွင် သမ္မတဒေါ်နယ်ထရမ့်တက်ရောက်လာပြီးနောက် အိုဘားမား အစိုးရကလက်မှတ်ရေးထိုးထားသည့် အီရန်နျူကလီး ယား သဘောတူညီချက်မှ နုတ်ထွက်သွားခဲ့ပြီး အီရန်အပေါ် တင်းကျပ်သည့်ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့သည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်မှ အမေရိကန်နုတ်ထွက်သွားခြင်းသည် အီရန်နှင့် အမေရိကန် အစိုးရတို့ကြား ဆက်ဆံရေးတင်းမာမှုများကို   ဖြစ်ပေါ်စေခဲ့သည်။

ယခုအခါ အမေရိကန်တွင် ဂျိုးဘိုင်ဒင်သမ္မတဖြစ်လာပြီးနောက် အဆိုပါသဘောတူညီချက်နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်များ ပြန်လည် သတ်မှတ်ရေးအတွက်  တွေ့ဆုံဆွေးနွေးပွဲများကျင်းပရန်  စီစဉ်ခဲ့ခြင်းဖြစ်သည်။

ဗီယင်နာမြို့၌ တွေ့ဆုံဆွေးနွေးပွဲများပြန်လည်ကျင်းပခြင်းသည် အီရန်နှင့်အမေရိကန်တို့ကြား တင်းမာမှုတချို့ကို ပြန်လည် လျော့ကျ စေမည်ဟု  အများကမျှော်လင့်ခဲ့ကြသည်။ သို့သော် ယခုအခါ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို အမေရိကန်က တစ်ဖက်သတ်ရပ်ဆိုင်း လိုက်ခြင်းသည် အဆိုပါမျှော်လင့်ချက်ကို ပျောက်ကွယ်စေခဲ့သည့်အပြင် အီရန်နှင့် အမေရိကန်တို့ကြားတွင်လည်း တင်းမာမှုများ ပြန်လည်မြင့်တက်လာဖွယ်ရှိသည်။         

Ref: Sputnik