လုပ်ငန်းများ အောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်း

လုပ်ငန်းများ အောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်း

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  ဒီဇင်ဘာ  ၆ ရက်)

နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့နိုင်ငံကို ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

စားရေရိက္ခာ ပေါများစေရေးနှင့် ဒေသအလိုက်ရိက္ခာ ဖူလုံမှုရှိစေရေး အတွက်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းသည် မြန်မာတို့၏ အစဉ်အလာ လုပ်ငန်းများဖြစ်သည်။ ထိုလုပ်ငန်းများကို မြင့်မားသော နည်းပညာဖြင့် ပေါင်းစပ် လုပ်ကိုင်နိုင်မည် ဆိုပါက ပြည်ပသို့တင်ပို့ရာတွင် တန်ဖိုးမြင့်မားလာမည်ဖြစ်သည်။ တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း/တပ်ဖွဲ့များတွင် ဥစားကြက်မွေးမြူရေး၊ နို့စားနွား၊ အသားစားနွားနှင့် ဝက်မွေးမြူရေး လုပ်ငန်းများကို စနစ်တကျအောင်မြင်စွာ မွေးမြူလျက်ရှိကြသည်။ ထိုနည်းတူ အခြားသော ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများတွင်လည်း အောင်မြင်စွာ မွေးမြူနိုင်ကြမည်ဆိုပါက မြန်မာနိုင်ငံသည် စားရေရိက္ခာ ဖူလုံပြီး ပိုလျှံနေမည်ဖြစ်သည်။

စားရေရိက္ခာဖူလုံမှုရှိပါက နိုင်ငံသာယာ ဝပြောနေမည်ဖြစ်သည်။ စိုက်ပျိုးရေးအတွက် လိုအပ်သော ဓာတ်မြေသြဇာများ လုံလောက်စွာ ရရှိရေးအတွက် ဓာတ်မြေသြဇာစက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးကိုလည်း ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။ မည်သည့်လုပ်ငန်းမဆို အောင်မြင်အောင် ဆောင်ရွက် လိုစိတ်ဖြင့် ကြိုးပမ်း ဆောင်ရွက်မည်ဆိုလျှင် အောင်မြင်မည်သာဖြစ်သည်။ အလုပ်မှန်သမျှတွင် အခက်အခဲဆိုသည်မှာ အနည်းနှင့်အများ ရှိတတ်စမြဲဖြစ်သည်။ ထိုအခက်အခဲကို အောင်မြင်စွာ ကျော်လွှားအောင် စွမ်းဆောင်နိုင်မှသာ လုပ်ငန်းများ တိုးတက်အောင်မြင်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ စီးပွားရေးဦးတည်ချက်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို  ခေတ်မီနည်းစနစ်များဖြင့်  ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး  အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်နိုင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး ဟူ၍သတ်မှတ်ထားသည်။

ထိုဦးတည်ချက်များအတိုင်း နိုင်ငံတော်အစိုးရ အနေဖြင့် စီမံဆောင်ရွက်နေသလို လုပ်ငန်းရှင်များ အနေဖြင့်လည်း တိုင်းပြည်တိုးတက်ရေး၊ မိမိတို့လုပ်ငန်းများ ရှင်သန်ရေးကို လုပ်ဆောင်နေကြရမည်ဖြစ်သည်။ သို့မှသာ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာပေလိမ့်မည်။ အလုပ်အကိုင် အခွင့်အလမ်း ပေါများလာလျှင် ကျေးလက်ဒေသများ ဖွံ့ဖြိုးလာပြီး ဆင်းရဲနွမ်းပါးမှုများ လျော့နည်းပပျောက်ပေမည်။ လူတိုင်းသည် စားဝတ်နေရေး၊ အသက်ရှင်ရပ်တည်ရေး အတွက် နေ့စဉ်အလုပ်တစ်ခုခုကို လုပ်ဆောင်နေရပေမည်။ အလုပ်အကိုင် အခွင့်အလမ်းများ ရှိနေလျှင် လူမှုပတ်ဝန်းကျင်မှာ သာယာစိုပြည်နေမည်ဖြစ်သည်။

အလုပ်အကိုင် အခွင့်အလမ်းမှန်သမျှသည် လူသားတို့၏ လူမှုဘဝရှင်သန်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ ထိုအုတ်မြစ်များ ခိုင်မာစေရေးအတွက် နိုင်ငံတော်အနေဖြင့် အစစအရာရာတွင် ကူညီစောင့် ရှောက်ပေးလျက်ရှိရာ သက်ဆိုင်ရာ လုပ်ငန်းများ ရှင်သန်ရေးအတွက် ငွေကြေးအရင်းအနှီးများကိုလည်း သက်သာသော အတိုးနှုန်းဖြင့်  ပံ့ပိုးပေးလျက်ရှိသည်။ လုပ်ငန်းတစ်ခုတွင် ဦးစီးဦးဆောင်လုပ်သူများက အုပ်ချုပ် ရေးစွမ်းရည်၊ အတတ်ပညာစွမ်းရည်၊ စည်းရုံးရေးစွမ်းရည် ပြည့်ဝစွာဖြင့် ဦးဆောင် လုပ်ဆောင်ကြမည်ဆိုလျှင် မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းများအားလုံး တိုးတက်အောင်မြင် လာမည်မှာအမှန်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့  အစည်းအဝေး အမှတ်စဉ်(၃/၂ဝ၂၁)တွင် အမှာစကား ပြောကြားရာ၌ ''မိမိတို့ အနေဖြင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ တိုးတက်စေရန် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများပင် ဖြစ်ကြောင်း၊ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင်ကြသဖြင့် လုပ်အားများ များစွာရှိသဖြင့် ကျေးလက်ကို အခြေခံသည့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မူဝါဒချမှတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအား ထပ်မံတိုးချဲ့ဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိကြောင်း'' ထည့်သွင်း ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများမှာ ကျဆင်းနေသည့်အတွက် ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို ရှင်သန်အောင် တည်ဆောက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်၏ စီးပွားရေး ကျဆင်းမှုမရှိစေရန်နှင့်  နိုင်ငံအတွင်း စားရေရိက္ခာ ရှားပါးမှုမရှိစေရေးအတွက် တပ်မတော်က ဦးဆောင်၍ ဆောင်ရွက်လျက် ရှိသကဲ့သို့ အခြားသော စီးပွားရေးလုပ်ငန်းများ အနေဖြင့်လည်း အင်တိုက်အားတိုက် ဆောင်ရွက်ကြမည် ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာမည့်အပြင် နိုင်ငံတော်သည်လည်း သာယာဝပြောလာ မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။